Wednesday, May 09, 2012

အစိုးရရဲ့ မိတ်ကပ် နဲ့ စစ်တပ်

အခုတလော အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အသစ်ပြန်လည်ဖွဲ့စည်း လိုက်ပြီလို့ သတင်းတွေထွက်နေပါတယ်။ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို ဥက္ကဌအဖြစ် တင်မြှောက်ထားပြီး မီးရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်နဲ့ ကြည်းတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဒု ဥက္ကဌနေရာပေးထား တယ်လို့ လဲကြားနေရပါတယ်။
mawk-kham
ဒေါက်တာစိုင်းမောက်ခမ်း

ဒီသတင်းကြောင့် ပြီးခဲ့တဲ့ နှစ်ဆန်းက ချင်းရိုင်းမှာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့ သွားတွေ့တုန်းက ဆွေးနွေး ပြောဆိုတာကိုပြန်သွား သတိရမိပါတယ်။


အဲဒီတုန်းကအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းက ပင်လုံကဲ့သို့သော ညီလာခံတရပ် ကျင်းပနိုင်အောင်ကြိုးစားမယ်လို့ပြောတာကို RCSS/SSA သျှမ်းပြည်တပ်မတော်နဲ့ အစိုးရကြား စေ့စပ်ပေးတဲ့ စဝ်ဟန်ယောင်ဟွေက ပင်လုံကဲ့သို့ ညီလာခံမဖြစ်ခင် ကြားထဲမှာ လုပ်ငန်းဆွေးနွေး မှုလေးတွေ ၁၂ လက နေ ၁၈ လအထိ အကြိမ်ကြိမ် လုပ်ပြီးပြင်ဆင်ရလိမ့်မယ် ထင်တယ် လို့ပြောသွား ပါတယ်။


ဒီအပေါ် ဦးအောင်မင်းက ဒီထက်မြန်အောင်တော့ လုပ်ရလိမ့်မယ်လို့ ပြန်ဖြေပါတယ်။ ဒီစကား ဟာ သမ္မတသစ်ဦးသိန်းစိန်အစိုးရ စီမံကိန်းအရ ပြောသွားဒါဖြစ်ပါတယ်။


အစိုးရ စီမံကိန်းကဘာလဲ။ ၂၀၁၃ ကျရင် SEA Game ။ ၂၀၁၄ အာဆီယံ ဥက္ကဌ လုပ်ဖို့။ ၂၀၁၅ ရွေး ကောက်ပွဲ။ ပြည်တွင်းငြိမ်းချမ်မှုမရှိရင် ၂၀၁၃ ကျရင် ဘယ်သူမှ ဘယ်နိုင်ငံမှ လာပြိုင်ရဲမှာမဟုတ်ဘူး။ SEA Game လုပ်နိုင်တဲ့နိုင်ငံဟာ အေးချမ်းသာယာတဲ့နိုင်ငံဖြစ်တယ်လို့ ကမ္ဘာကိုပြသတဲ့ သဘော မဟုတ်လား။ အဲဒါကြောင့် အခုလို အမြန်ဆုံးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးရနိုင်အောင် ကြိုးစားနေတာ ဖြစ်ပုံရပါတယ်။


၂၀၁၄ အာဆီယံ ဥက္ကဌ လုပ်ဖို့လဲထိုနည်းအတိုင်းဘဲ။ ပြည်တွင်းမှာ မူးယစ်ဆေးဝါးဟာ တနှစ်ထက် တနှစ် ပိုပိုတိုးလာတယ်လို့ လူတွေကပြောကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက စစ်အစိုးရကျော ထောက်နောက်ခံပြုထားတဲ့ပါတီက သူ့ကိုမဲပေးရင် ဘိန်းစိုက်ပျိုးခွင့်ပေးမယ်ဆိုတာတောင် ရှိခဲ့တယ် ဆိုတော့ ၂၀၁၁- ၂၀၁၂ မှာ ဘိန်းအထွက်နှုန်းလဲ တိုးလာတာတွေ့ရတယ်။ စစ်အစိုးရလက်ထက်က သူကြေငြာထားတဲ့အတိုင်း မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းဆိုတာ ၂၀၁၄ မှာ ၁၅ နှစ် ပြည့်ပါပြီ။ ဒီမူးယစ်ဆေးဝ်းပပျောက်ရေးဟာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်ပတ်သက် နေပါတယ်။


၂၀၁၅ မှာလဲ ရွေးကောက်ပွဲထပ်မံကျင်းပဖို့ရှိပြန်တော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စဟာ နှောင့်နှေး နေလို့မရတော့ပါဘူး။


အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးစီမံကိန်းအရ ဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့( သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသားတိုး တက် ရေး ပါတီ KNPP ) ကိုသော်လည်းကောင်း၊ ဦးအောင်သောင်းဦးဆောင်တဲ့အဖွဲ့က တိုင်းရင်းသား ၇ ဖွဲ့ ( ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA (မိုင်းလား) ၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကော်မတီ KPC ၊ သျှမ်းပြည်တပ်မတော် SSPP/SSA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ နာဂအမျိုးသား NSCN) ကိုလည်းကောင်း အပစ်ရပ်ရေးဆွေးနွေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့ ကတော့ KIO ကချင် အဖွဲ့နဲ့ ဆွေးနွေးတာ ကနေ့ထိ မအောင်မြင်သေးပါဘူး။ ကချင်တပ်မတော်နဲ့ မြန်မာအစိုးရရဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်နေတာ ၁၁ လ ရှိပါပြီ။


ဒီ့အပြင်စစ်တပ်က လက်တွဲပူးပေါင်းမှုမရှိခဲ့လို့ ဆွေးနွေးပွဲ သဘောတူညီချက်တွေကိုအကောင်အထည် ဖော်ဖို့ နှောင့်နှေးကြန့်ကြာနေခဲ့တာ အများကြီးရှိပါတယ်။ အဲဒီအထဲက တခုကိုပြရမယ်ဆိုရင် သျှမ်းပြည် တပ်မတော် ဌာနချုပ်နဲ့ နယ်စပ် စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ဌာနချုပ်ရထားတဲ့ မိုင်းတော့ မိုင်းထား ဟိုမိန်းဖက် ကိုပြောင်း ရွှေ့နေရာချဖို့ကိစ္စ။ အပစ်ရပ်ရေး ဆွေးနွေးပြီးတာ ၅ လတောင်ရှိပြီ။ အခု မိုးလဲကျပြီဆိုတော့ ဒုက္ခသည် ရွှေ့ပြောင်းရေးကိစ္စခရီးဖင့်နေရတာ ဖြစ်ပါတယ်။


ဒါကြောင့် လာမယ့်တွေ့ဆုံပွဲမှာ စစ်တပ်ကလဲ ပါဝင်တွေ့ဆုံဆွေးနွေးဖို့လိုအပ်တယ်၊ စစ်တပ်ရဲ့ ပူးပေါင်းမှုလိုအပ်တယ်လို့ SSA ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုမှာ စစ်တပ်က ပါလာပြန်ရင် ထင်သလိုလွယ်ကူမြန်ဆန်မှုရှိနိုင်ပါ့မလားလို့လဲ သံသယရှိနေကြပါတယ်။


သျှမ်းပြည်တပ်မတော်က အရာရှိတဦးကတော့ - ဆွေးနွေးမှုမှာ လွယ်ကူမြန်ဆန်မှုမရှိရင်တောင်မှ ဆုံးဖြတ်ချက်ရလာရင် အကောင်အထည်ဖော်ဖို့ မြန်ဆန်လွယ်ကူလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။


ဘယ်လိုဘဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖေါ်ဆောင်တဲ့နေရာမှာ အများအားဖြင့် တိုင်းရင်းသားတွေနဲ့လုပ်ရမှာ။ သမ္မတ ကြီး ပြန်ဖွဲ့တဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ အကောင်အထည်ဖေါ်ဖို့ ဒေါက်တာစိုင်းမောက်ခမ်း က အရေးပါသလား။ သူက ဘာလုပ်ပေးနိုင်မလဲလို့မေးကြတယ်။ သူမပါလဲရတယ်။ ဒါပေမယ့် သူပါတော့ တိုင်းရင်းသားတွေကို စည်းရုံးတဲ့နေရာမှာရော၊ ကမ္ဘာကိုပြဖို့ရော သိန်းစိန်အစိုးရအတွက် မျက်နှာပန်း ပိုလှမယ်လို့ယူဆပါတယ်။ ဒါကြောင့် ဘာဘဲဖြစ်ဖြစ် ဆက်ကမယ့် ငြိမ်းချမ်းရေးဖေါ်ဆောင် ပွဲမှာ ဒေါက်တာစိုင်းမောက်ခမ်းဟာ အနည်းဆုံး မိတ်ကပ် (Make Up) အဖြစ် အရေးပါ အရာရောက်မှာ သေချာပါတယ်။