ဦးအောင်သောင်း၏ ပြည်နယ်များအမည်ပြောင်းရေးအဆို သျှမ်းအရှေ့လူထုကန့်ကွက်



ပြည်နယ်နာမည်များအား လူမျိုးနာမည်အစား ဒေသန္တရအထင်ကရ မြို့နာမည်ပြောင်းရန် တင်သွင်း ထားသည့်အဆိုသည် မလိုလားအပ်သည့်ပြဿနာများပေါ်ပေါက်လာနိုင်သောကြောင့် ပြတ်ပြတ် သားသား ကန့်ကွက်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သျှမ်းအရှေ့ အလုပ်အမှု ဆောင်ဖွဲ့ အတွင်းရေးမှူး စိုင်းဝင်းမြတ်ဦး ကပြောသည်။



၂၀၁၄ နိုဝင်ဘာ ၂၅ မှ ၂၆ ရက်အထိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ သျှမ်းပြည်နယ် အရှေ့ပိုင်းနေ ပါတီဝင်များ၏ အလုပ်အမှုဆောင်အစည်းအဝေးအား တာချီလိတ်မြို့၌ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် သျှမ်းပြည်အရှေ့ပိုင်းပါတီအရေးများ ဆွေးနွေးသည့်အပြင် တိုင်းရင်း သား ပြည်နယ် ၇ ခုကို  လူမျိုးစုနာမည်အစား မြို့တော် နာမည်များဖြင့်ပြောင်းလဲလိုသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အမတ် ဦးအောင်သောင်း၏ အဆိုအား တညီတညွတ်တည်း ပြတ်ပြတ်သားသား ကန့်ကွက်သည့်အကြောင်း ကြေငြာချက်တစောင်ထုတ်ပြန်ကာ ဆန္ဒထုတ်ဖေါ် ကန့်ကွက်ခြင်းဖြစ်သည်။

“ကျ နော်တို့သျှမ်းလူမျိုးတွေဟာ အာသံမှာလဲ သန်းရာကျော်ရှိတယ်၊ တရုတ် ပြည်မှာလဲသန်းပေါင်းရာကျော်ရှိတယ်တဲ့။ ဒါပေမဲ့သျှမ်းပြည်လို့ ခေါ်နိုင်တာကကျနော်တို့ အခု နေနေတဲ့သျှမ်း ပြည်ဘဲရှိပါတော့ တယ်။ ဒါလဲအစဉ်အလာနဲ့ဖြစ်လာတဲ့ သျှမ်းပြည်ပါ။ တကယ်လို့ကျနော်တို့ခေတ်မှာ သျှမ်းဆိုတဲ့ နာမည် ပျောက်သွားရင်တော့ ကျနော်တို့အားလုံး သမိုင်း တရားခံဖြစ်သွားတော့မှာပေါ့။ ကျနော်တို့ လုံးဝလုံးဝ လက်ခံလို့မရပါဘူး” - ဟု သျှမ်းပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးကပြောသည်။

၎င်းတို့၏ ထုတ်ပြတ်ကြေငြာချက်အား နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ် တော်၊ သျှမ်းပြည်နယ်လွှတ်တော် အပါအဝင် သျှမ်းပြည်နယ် ဝန်ကြီးစဝ်အောင်မြတ်ထံလည်း အိတ်ဖွင့် ပေးစာအဖြစ် ပို့ဆောင်တင်ပြသွားမည်ဟုဆိုသည်။

“ကျနော်တို့ ဌာနေ ဒီပြည်နယ်ကြီးက ကနော်တို့ရဲ့ အသက်ပဲ။ ဒီပြည်ထောင်စု မတိုင်ခင်ကတည်းက တည်ရှိလာတယ်။ ဒါ့ကြောင့် ကျနော်တို့လိုဘဲ တခြားတိုင်းရင်းသားအသီးသီးကလဲ ကန့်ကွက်လာလိမ့် မယ်လို့ ယုံကြည်တယ်။ သဘောထားတွေထုတ်ပြန်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ တကယ်လို့ ဒီအဆိုကနေ နောက်မဆုတ်ရင်တော့ငြိမ်းချမ်း လုပ်ငန်းစဉ်တွေကိုပါကယက်ရိုက်လာနိုင်တယ်” - ဟု လည်း စိုင်းဝင်းမြတ်ဦးကပြောသည်။

၂၀၁၄ နိုဝင်ဘာ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီ မှ ပြည်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက လူမျိုးစု နာမည်အစား ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း …. စသည့် တိုင်းဒေသကြီး နာမည်မျာကဲ့သို့  တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်ကို မြို့တော်အမည်ဖြင့်ပြောင်းလဲပေးရန် အကြံပြုချက် အဆိုကို တင်သွင်းခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates