စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီအချိန်ခန့်က သီပေါမြို့နယ် စိန်ကျော့ အုပ်စု တောင်ဘက် ၇ မိုင် ခန့်အကွာ သျှမ်းပြည်တပ်မတော် SSPP/SSA နမ့်တွေးတပ်စခန်းအား အစိုးရ တပ်မတော် ခြေလျင် တပ်ရင်း စခန်းအမှတ် ၁၄၇ က သွားရောက်တိုက်ခိုက်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသအတွင်း ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြားသိရသည်။
![]() |
| ဓါတ်ပုံ- တိုက်ပွဲဖြစ်ပွါးရာနေရာပြပုံ |
ထို့အတူ ယမန်နေ့ကလည်း မိုင်းရယ်မြို့ အနောက်တောင်ဘက် မိုင် ၂၀ ခန့် အကွာ လွယ်ယွဲ မိုင့်ဟုန်း တန့် ရွာဘက်အတွင် အစိုးရတပ်မတော် စစ်ကြောင်း ခမရ ၃၂၅ က ရွာအနီး လက်နက်ကြီးများပစ်ခတ် သော ကြောင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ရကြောင်း၊ လွယ်ယွဲ ရွာ နှင့် ပါကန်းရွာမှာ စုစုပေါင်း အိမ်ခြေ ၅၀ ခန့်သာရှိကြောင်း၊ နမ့်ပို့ ရွာသို့ လူဦးရေ ၁၀၀ ကျော် ထွက်ပြေးရောက်ရှိလာ ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။
အစိုးရတပ်မတော်သည် သျှမ်းခေါင်းဆောင်များနှင့်တွေ့ဆုံတိုင်း သျှမ်းပြည်အတွင်း အစဉ်အမြဲ ထိုးစစ် ဆင်လေ့ရှိသည်။ ၂၀၁၂ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အစိုးရနှင့် တပ်မတော် ထိပ်သီးခေါင်းဆောင်များ ကျိုင်းတုံမြို့၌တွေ့ဆုံစဉ်လည်းကောင်း၊ ၂၀၁၄ ဘန်ကောက်မြို့၌ ဦးအောင်မင်း နှင့် သျှမ်းခေါင်း ဆောင် များ တွေ့ဆုံစဉ်လည်းကောင်း၊ SSPP/SSA ခေါင်းဆောင်များ နေပြည်တော် ခေါင်းဆောင်များ နှင့် တွေ့ဆုံမှုတိုင်းတွင်လည်းကောင်း တိုက်ပွဲများ အစဉ်အမြဲ ဆင်နွှဲလေ့ရှိသည်။
