ယခင်က မူစယ်နှင့်မန္တလေးအကြား ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် အစီးရေ ၂၀၀ ကျော်ခန့် ပြေးဆွဲ နေသော်လည်း ယခုအခါ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် အသွားအလာနည်းပါးလာကြောင်း သိရသည်။
ယခင် ကုန်တင်ခ ကုန်ချိန်တစ်ပိဿာလျှင် ကျပ် ၈၀ ပေးဆောင်နေရာမှ ယခု ကျပ် ၁၀၀ မှ ၁၂၀ ၀န်းကျင် အထိ ဈေးတက်လာသည်ဟု တရုတ်နယ်စပ်မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကုန်တင်ခဈေး နည်းနည်းတက်လာတယ် အဓိကကတော့ အရောင်းအဝယ်ပါးတာလည်းပါတယ်။ ကား အသွားအလာ ကျဲ သွားတာပေါ့နော်။ အရင်က တစ်ရက်ကို ကုန်ကား အစီးရေ ၁၀၀ ကျော် မှန်လုံ အစီး ၂၀ ကျော် ဗင်တို့ဟိုင်းလက်တို့က ၁၀၀ ကျော်လောက်ရှိတာပေါ့။ အခု မှန်လုံက ၁၀စီးလောက်ပဲရှိတော့မယ်။ ကျန်တဲ့ဟာတွေလည်း နည်းသွားတယ်” ဟု သူက ဆိုသည်။
လွန်ခဲ့သည်လကုန်ပိုင်းက မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထွက် နမ့်အွန်ရွာအနီးတွင်ကုန်တင်ကား တချို့ ဗုံးခွဲခံခဲ့ရပြီး နောက်ပိုင်း ယာဉ်အသွားအလာကျဲပါးသွားသည်ဟု ဆိုသည်။
“ကယ်ရီကုန်မတင်ဖို့ ကိစ္စ စာကို မူစယ်အုပ်ချုပ်ရေးရုံးက အကုန်လိုက်ဖြန့်တာ ဗုံးကွဲတာကလည်း အဲဒီရက်ပိုင်းမှာ ဖြစ်သွား သေးတာ။ ဒီကြားထဲ ကောလဟာလ သတင်းတွေလည်း အမျိုးမျိုးထွက်လာတော့ မသွားရဲတော့တာ” - ဟု သူက ဆိုသည်။
မိုးဦးကျကာလတွင် တရုတ်ဘက်မှ ရာသီပေါ်သုံး ထီး၊ မိုးကာ နှင့် ကျောင်းသားသုံးပစ္စည်းများသာ အဓိက တင်သွင်းပြီး မြန်မာဘက်မှ သရက်သီး ၊ ဆန်များ ပုံမှန်ပို့ဆောင်နေကြောင်း သိရသည်။