လိမ္မာယဉ်ကျေး ပြည့်ရင်သွေး ခေါင်းစဉ်ဖြင့် သျှမ်းစာပေပညာရှင်များ ဟောပြောပွဲလုပ်



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် သျှမ်းလူငယ်ကွန်ယက်နှင့် တန့်ယန်းလူငယ်များ သံဃာတော် များ ကမကထပြုမှုဖြင့် ကလေးသူငယ်သားသမီးများအား  သွန်သင်ဆုံးမခြင်းဆိုင်ရာစာပေ ဟောပြောပွဲကို တန့်ယန်းမြို့ တွင်ကျင်းပပြုလုပ်ခဲ့သည် ။


လိမ္မာယဉ်ကျေးပြည့်ရင်သွေး ဟူသည့်ခေါင်းစဉ်ဖြင့် သျှမ်းကလေးငယ်များအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာပေဟောပြောပွဲကို မတ်လ ၂၀ နှင့် ၂၁ ရက်တို့တွင် တန့်ယန်းရှင်ပြုပွဲအထိမ်းအမှတ်အဖြစ် ကောင်းမူးဟိုမန်းကွင်း၌ ပြုလုပ်ကျင်းပ ခဲ့ခြင်းဖြစ်သည် ။


သျှမ်းစာပေပညာရှင်များဖြစ်သော ကာတွန်းဆရာ စိုင်းပန်းဟိုင်း ၊ အယ်ဒီတာ ခူးဟင်း ကာယန်း ၊ စာရေးစိုင်းကော်မိန်း၊ ခွန်ယုံးချို၊ ခေးလောဝ်အွန်  တို့ကဟောပြောခဲ့ကြပါသည် ။


Tai Youth Network မှ လူငယ်တဦးဖြစ်သော စိုင်းပ က -  စာပေဆရာတွေက ကိုယ့်မြို့ ကိုယ့်ဒေသ အသီး သီးက ကလေးသူငယ်တွေကိုကျွေးမွေးသွန်သင်ဆုံးမနည်းတွေ ဗဟုသုတတွေကို ပြန်လာပြောပြကြ တယ် ။  ၂၀ ရက်နေ့က ဆရာခွန်ယုံးချိုနဲ့ ဆရာ ဟင်းကာယန်း ကပြောတယ် ။ ၂၁ ရက်နေ့ က စိုင်းပန်း ဟိုင်း ၊ စလေးကော်မိန်းနဲ့ ခေးလောဝ်အွန် တို့ ဟောပြောတယ် ။ ဖျော်ဖြေရေးမှာ ဟိုင်းဆာမ်ဟိုင်းက  တီးပေးပြီး လူငယ်တွေက သီချင်းသီဆိုကြတယ်။ - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည် ။


ဟောပြောပွဲ ၂ ရက်လုံးတွင် တက်ရောက်နားထောင်သူ ၁၀၀၀ စီထက်မနည်း ရှိကြောင်းသိရသည် ။ စာပေဟောပြောပွဲနှင့်ပတ်သက်၍ ဆရာခွန်ယုံးချိုကလည်း သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောပြသည် ။


သျှမ်းရိုးရာမှာဆိုရင် ပေစာဟောတာကို နားထောင်တဲ့ဓလေ့က  ရှေးတုန်းကတည်းက အခုထက်ထိ ရှိတယ် ။ အဲဒါတွေက သာမှုနာမှုတွေမှာသာ ဟောကြတဲ့ လောကီ ၊ လောကုတ္တရာ ပေစာတွေဖြစ်တယ် ။ အခု လို ခေတ်နဲ့ ရင်ဘောင်တန်းတဲ့ ဗဟုသုတ အတွေးအမြင်တွေ ဝေမျှပေးမယ့် ဟောပြောပွဲတွေကို သီးသန့် စီစဉ် လုပ်လာကြတာကတော့ နှစ်နှစ်လောက်ပဲ ရှိသေးတယ် ။ သျှမ်းဘာသာနဲ့ ဟောပြောမယ့် သူတွေ ၊ ပွဲစီစဉ်ပေးမယ့်သူတွေ နည်းနေသေး တာကတော့ အဓိက အခက်အခဲပါပဲ ။ ပွဲစီစဉ်တဲ့မြို့လည်း နည်းနေသေးသလို ။ ဟောပြောတဲ့ စာရေးဆရာတွေကလည်း ဆယ်ယောက်လောက်ပဲ ရှိသေးတယ် ။ ဆရာကြီးတွေ ကတော့ ကောင်းကောင်းမွန်မွန် ဟောပြောနိုင်ကြပေမယ့် ။ ကျနော်တို့လို နောက်ပေါက်စာရေး ဆရာတွေ ကတော့ အတော်ကြိုးစားလုပ်ရပါတယ် ။ ကျနော်ဆိုလည်း ကောင်းကောင်းမွန်မွန် ဟောတတ်ပြောတတ် တဲ့လူမဟုတ်ဘူး ။ အများသိစေချင်တဲ့ စေတနာတစ်ခုတည်းနဲ့ ကြိုးစားပြောနေရတာပါ ။ လူထုနားလည် နိုင် မယ့် ဘာသာစကားနဲ့ လူထုကို အသိပညာ ၊ အတွေးအမြင် မျှဝေပေးနိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ် ။


ထိုသို့သော Tai Youth Network မှစီစဉ်သည့် စာပေဟောပြောပွဲ မျိုးကိုယခုနှစ် ဖေဖော်ဝါရီလက ကျောက်မဲမြို့တွင် ကျင်းပခဲ့ပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates