နေထိုင်နိုင်သည့်လုပ်အားခ ရရှိရေး နိုင်ငံတကာအမျိုးသမီးများနေ့၌ တောင်းဆို



အမျိုးသမီးများ နေထိုင်နိုင်သည့်လုပ်အားခ ရရှိရန် နိုင်ငံတကာအမျိုးသမီးများနေ့ ၌  ကျားမတန်းတူအခွင့် အရေးအတွက် လှုပ်ရှားနေသည့်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုလိုက်သည် ။


“ ဒီနှစ်မှာတော့ အမျိုးသမီးတွေ နေထိုင်နိုင်ဖို့လုပ်အားခ ရရှိဖို့အတွက် တောင်းဆိုကြပါတယ် ။ နေထိုင်နိုင်ဖို့ ဆိုတာက ကိုယ့်ကိုယ့်ကို ကျွေးမွေးနိုင်ရုံသာမက မိသားစုကိုပါကျွေးမွေးနိုင်တဲ့ လုပ်အားခကို ဆိုတာပါ ။ အခု အမျိုးသမီးတွေရနေတဲ့ လုပ်အားခဆိုတာ နေထိုင်နိုင်ဖို့ မလုံလောက်ဘူး ။ ထိုင်းနိုင်ငံမှာဘဲ မဟုတ်ဘူး ။ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ နေထိုင်နိုင်ဖို့လုပ်အားခ မပြောနဲ့ အနိမ့်ဆုံးလုပ်အားခတောင် မရကြဘူး ” ဟု  MAP Foundation မှ ယိင်းဟွမ် က ပြောပါသည် ။


မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် International Women Day နိုင်ငံတကာအမျိုးသမီးများနေ့တွင် အမျိုးသမီးအဖွဲ့ ၊ အလုပ်သမားအဖွဲ့ ၊ လူမှုအဖွဲ့အစည်းတို့က ပူးပေါင်း ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ကျင်းပ ခဲ့ကြသည် ။


“ အမျိုးသားတွေဘဲ လုပ်နိုင်တယ် ၊ ဦးဆောင်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်ကို ပြုပြင်သင့်ပြီ ။ ဒုကိတအမျိုးသမီး ဖြစ်ဖြစ် ဘယ်အမျိုးသမီးကိုမဆို အခွင့်အရေးပေးသင့်တယ် ။ အမျိုးသမီးတွေလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ ကြပါ ။ ဘယ်အလုပ်ဘဲလုပ်လုပ် ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ ။ ဒါဟာ ရှေ့ဆက်ဖို့ အင်အားတခုဖြစ်တယ် ။ ဒါမှ ကျားမတန်းတူအခွင့်အရေးဆိုတာ ရလာမှာ ဖြစ်တယ် ” ဟု သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN မှ နန်းမွေနွံဟွမ် က ပြောပါသည် ။


နိုင်ငံတကာအမျိုးသမီးများနေ့တွင် ကျားမတန်းတူအခွင့်အရေးအတွက် လှုပ်ရှားနေသည့်အဖွဲ့အစည်းများက ပူးပေါင်းပြီး ကြေငြာချက်တစောင် ထုတ်ပြန်ရာ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုကြီးမြတ်သည် ဆိုသည့် ရှေးရိုးစွဲယုံကြည်မှုကြောင့် အမျိုးသမီးများအား အကြမ်းဖက်မှုများ ရှိနေသည့်အပြင် အမျိုးသမီးများ အဖက်ဖက် ၌ ခွဲခြားဆက်ဆံမှုများကိုလည်း ခံနေရကြောင်း ၊ ထို့ကြောင့် ကျားမတန်းတူအခွင့်အရေးအတွက် အဖက်ဖက်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည် ။


“ အမျိုးသမီးတွေကို အားပေးပါတယ် ။ အမျိုးသမီးတွေလည်း အမျိုးသားတွေလို အခွင့်အရေး ရသင့်တယ် ။ ဘာကြောင့်လဲဆိုတော့ သမိုင်းကိုပြန်ကြည့်ရင် အမျိုးသမီးတွေ တိုင်းပြည်ထူထောင်ရာမှာလည်း ပါဝင်ခဲ့ဖူး တယ် ။ ထက်မြတ်တဲ့အမျိုးသမီးတွေလည်း ရှိခဲ့ဖူးတယ် ။ အမျိုးသမီးဆိုတာ ကျနော်တို့ရဲ့ အမေ ၊ အမ ၊ ညီမ တွေလေ ။ တောင်းဆိုထားတဲ့ အခွင့်အရေးတွေရတဲ့အထိ ကြိုးစားကြပါလို့ ။ ဘယ်နေရာမဆို အမျိုးသမီး မပါရင် မဖြစ်ဘူးဆိုတာ နားလည်ထားစေချင်တယ် ။ အမျိုးသမီးလည်း အမျိုးသားလို တန်းတူအရေးပါ ပါတယ် ” ဟု Migrant Workers Federation (MWF)မှ စိုင်းအုမ်ခေးက ပြောပါသည် ။


International Women’s Day နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၁၀ခုနှစ် ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen တွင် သတ်မှတ်ခဲ့ကြသည် ။ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို ၁၉၁၁ ခုနှစ်က သြစတေးလျ ၊ ဒိန်းမတ် ၊ ဂျာမဏီနှင့် ဇွစ္စလန်နိုင်ငံတို့တွင် စတင်ကျင်းပခဲ့သည် ။ United Nations(UN) ကမူ ၁၉၇၅ တွင် စတင်ကျင်းပခဲ့သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates