မိုင်းတုံ အထက်သံလွင်ဆည် ရပ်တန့်ရေး သျှမ်းပြည်အတွင်းပထမဆုံးအကြိမ် ပြည်ထောင်စုလူမျိုးပေါင်းစုံ စုပေါင်းဆုတောင်း



သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ် ခရိုင် မိုင်းတုံမြို့နယ်ဘက်ကမ်း သံလွင်မြစ်ဘေး တာဆာ လားဆိပ်၌ ပထမဆုံးအကြိမ် သျှမ်း ၊ ကရင် ၊ ကယား ၊ မွန် ၊ ဗမာ ၊ လားဟူ စသည့် လူမျိုးများစုပေါင်းကာ  မိုင်တုံ အထက် သံလွင်ဆည်ရပ်တန့်ရေး အတွက်  ဆုတောင်း ပြုကြသည်ဟု သိရသည် ။

 မြစ်သံလွင် ချောမွေ့စွာ စီးဆင်း နိုင်ရေးဆုတောင်းပွဲ


မတ်လ ၁၄ ရက် နိုင်ငံတကာ မြစ်ချောင်းများနေ့တွင် မြစ်သံလွင် ချောမွေ့စွာ စီးဆင်း နိုင်ရေး အတွက် တည် ဆောက်မည့်ရေကာတာများအားလုံးရပ်တန့်ဖို့ လူ ၂၀၀ ကျော် က သျှမ်းပြည်တောင် ပိုင်း မိုင်းပန်မြို့နယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သံလွင် အရှေ့ခြမ်း တာ့ဆာလားဆိပ် ၌ စုစည်းကာ မတ် ၁၃ ရက်နှင့် ၁၄ ရက်တွင် အခမ်းအနားများ ပြုလုပ်ကြသည်ဟု သိရသည် ။


“အစီအစဉ်က ၁၃ ရက်နေ့ မွန်းလွဲ သုံးနာရီ စတယ် ။ ည ၁၀ နာရီလောက်အထိပဲ ။ သံလွင် မြစ် အကြောင်း ၊ ဆည်အကြောင်း ၊ လူနေမှုဘ၀ အကြောင်း ပြောဆိုဆွေးနွေးကြတယ် ။ အဲဒီမှာဘဲ ညအိပ် ကြတယ် ။  ၁၄ ရက်နေ့ နံနက်ပိုင်းမှာတော့ ဆွမ်းကပ်တယ် ။ တောင်းဆုတွေပြုကြတယ် ။ အဓိက ကတော့ မြစ်ကြီးသံလွင် လွတ်လွတ်လပ်လပ်စီးဆင်းနိုင်ဖို့ ၊ ရေကာတာ မဆောက်ဖို့ အဓိက ဘဲ ” - ဟု အခမ်းအနား တက်ရောက်သည့် မိုင်းပန်မြို့ခံ နန်းစံ ကပြောသည် ။


အခမ်းအနားတွင် ကျားခေါင်းပါတီ မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ် လွှတ်တော် အမတ်ဟောင်း စိုင်းဝင်းမြတ်ဦးကလည်း လွှတ်တော်အတွင်း တာ့ဆန်းရေကာတာ ၊ အထက် သံလွင် ရေကာတာများ နှင့်ပတ်သက်၍ ဆွေးနွေးဖူးသည့်အကြောင်းများ  ပြောကြား သွားသည်ဟု သိရ သည် ။


ပြည်ထောင်စုလွှတ်တော်တွင် တာ့ဆန်းရေကာတာ တည်ဆောက်တော့မည် မဟုတ် ကြောင်း ၂၀၁၂ ခု ကပြောကြားပြီးနောက်ပိုင်းမကြာခင် တာ့ဆန်း အထက် ၁၀ ခန့်အကွာရှိ မိုင်းတုံရေကာတာခေါ် အထက် သံလွင်ဆည် တည်ဆောက်သွားမည့် သတင်းများ ပြန်လည်ပေါ်ထွက်လာသည် ။


မိုင်းတုံရေကာတာ မှ ရေအားလျှပ်စစ် ထုတ်လုပ်ပြီးစီးပါက လျှပ်စစ်ထွက်ရှိမှု ၄၅% အား တရုတ် နိုင်ငံ ၊  ၄၅% အားထိုင်းနိုင်ငံ သို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ကျန်ရှိ ၁၀ ရာခိုင်နှုန်းက မြန်မာ နိုင်ငံ ပြည်သူ လူထု အတွက် ဖြစ်သည်ဟုဆိုသည် ။ ဒေသခံများအတွက်မီးမည်မျှပေးမည် ၊ နေပြည် တော်တို့ ဘယ်လောက်ပေးမည်ဆိုသည်ကိုတော့ မသိရှိရပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates