သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူး သျှမ်းပါတီအား တာဝန်ပေးရန် တောင်းဆိုမှုရှိနေသော်လည်း NLD မှသာ ဦးဆောင်၍ အစိုးရဖွဲ့မည်



သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူးအား NLD ၏ ကာလရှည်တိုင်းရင်းသား မဟာမိတ်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အား ပေးအပ်ရန် သျှမ်းတိုင်းရင်းသား အဖွဲ့ အစည်း များမှ တောင်းဆိုမှုများ ရှိနေသော်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရထား သည့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှသာ အစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NLDပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က ပြောသည် ။


“ သျှမ်းပြည်နယ် ၀န်ကြီးချုပ်ကိစ္စကတော့ ကျနော်တို့ ဘာမှပြောစရာမရှိဘူး ၊ ဒါက သျှမ်းပြည်နယ်က သူတို့ဟာသူတို့ပြောတာ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု အဆင့်မှာ အနိုင်ရတဲ့ အတွက် အစိုးရဖွဲ့ရင်တော့ ၀န်ကြီးချုပ်ကို NLD အစိုးရကပဲ ဖွဲ့ပေးမှာပေါ့ ” ဟုဒေါက်တာဇော်မြင့်မောင် က ဆိုသည် ။


လတ်တလော  သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် NLD မှလားရှိုးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဒေါက်တာလင်းထွဋ်မှာ ရေပန်းစားလျက်ရှိနေသည် ။


တဖက်တွင်လည်း မျိုးနွယ်စုများပြားပြီး တိုင်းရင်းလက်နက်ကိုင်များလည်း အများအပြားရှိသည့် သျှမ်းပြည်နယ်ဒေသခံမဟုတ်သည့် ဗမာလူမျိုးတဦးဖြစ်သော ဒေါက်တာလင်းထွဋ်ကို သျှမ်းပြည်နယ်အတွက် ခန့်ထားရန် စီစဉ်လာခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု နိုင်ငံရေးလေ့ လာသူ များ ကပြောဆိုနေကြပါသည် ။


ပြီးခဲ့သည့် ရွေးကောက်ပွဲရလာဒ်အရ သျှမ်းပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီမှာနေရာ အများဆုံးအနိုင်ရရှိခဲ့ပြီး ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒုတိယနေရာမှ နေရာအများဆုံးအနိုင်ရရှိခဲ့ပါသည် ။


NLDမှာမူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ်နောက် တတိယနေရာဖြင့် အနိုင်ရရှိခဲ့ သည့်ပါတီဖြစ်သည် ။


အဆိုပါရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်အတွင်း နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည် ။


ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်NLDပါတီအနေဖြင့် တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖက်ဒရာယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် ဆောင်ရွက်သွားမည်ဟုရွေးကောက်ပွဲမဲဆွယ်ကာလများတွင် ကတိပေးထားပါသည် ။


“ အခုက ဗမာတယောက် ဒေသခံ မဟုတ်သူကို ခန့်မယ်လို့ သတင်းတွေကထွက်နေတယ် ။ အဓိက ကျနော်တို့က ကန့်ကွက်တာ မဟုတ်ဘူး ။ သျှမ်းပြည်နယ်အရေးက ရှုပ်ထွေးတယ် ၊ မျိုးနွယ်စုတွေကများ ပြည်တွင်းငြိမ်း ချမ်းရေးလို ကိစ္စတွေကလည်း ရှိတော့ဒီလို အခြေနေမျိုးမှာ ဒေသခံ မဟုတ်တဲ့သူဆိုရင် သျှမ်းပြည်နယ်နဲ့ ဘယ်လို မှမဖြစ်နိုင်တဲ့ အတွက်ပါ။ နောက်ပြီး လူထုထောက်ခံမှုရထားတဲ့ သျှမ်းပါတီ ကလည်း နိုင်သင့်သလောက်နိုင် ထားတော့ သူတို့ကျားခေါင်းပါတီ SNLD ကလူကိုခန့်ထား ရင် ဒေသတွင်းက လက်နက်ကိုင် ပဋိပက္ခတွေလည်း လျော့သွားနိုင်တဲ့အတွက်တောင်းဆိုရခြင်း ဖြစ်ပါတယ် ။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များကွန်ယက်မှ စိုင်းအောင်မြင့်ဦးက ပြောသည် ။


ခေတ်သစ်မြန်မာနိုင်ငံပေါ်ပေါက်လာရေးအတွက် အရေးပါခဲ့သည့် သျှမ်းပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ တကျပ် သျှမ်းတကျပ် ကတိစကားကြောင့် ဗမာနှင့်အတူ အင်္ဂလိပ်ထံမှလွတ်လပ်ရေးအတူ တကွရယူခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက သျှမ်းတွေကို ဘယ်သူ့ ကျွန်မှ မဖြစ်စေရဘူးဟု ပြောဆိုခဲ့ဖူးပါသည် ။


သမ္မတ ဦးသိန်းစိန် ၊ ဦးနေဝင်းစသည့် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သူများ ၊ စစ်အာဏာရှင်များ အုပ်ချုပ် သည့် ခေတ်တွင်ပင် သျှမ်းပြည်နယ်၏ အကြီးအကဲမှာ ဗမာလူမျိုးမဖြစ်ခဲ့ဘဲ  စစ်တပ် အရာ ရှိဟောင်း တိုင်းရင်းသား များသာ ဖြစ်ခဲ့ပါသည် ။


ဒေါက်တာလင်းထွဋ်အား NLDမှ သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည် ဆိုပါက သျှမ်းတိုင်းရင်း သားပါတီများ လက်နက်ကိုင်များအနေဖြင့်ကန့်ကွက်အတိုက်အခံလုပ်ရန်မရှိသော်လည်း ဗမာ တယောက်အုပ်ချုပ်သော ပြည်နယ်အဖြစ် သမိုင်းတွင် မှတ်တမ်းဝင်လာမည်ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates