ယုံကြည်မှုမရှိလို့ ပြသနာတွေဖြစ်နေတာ ... ပြည်သူလူထုဘဲ ဒုက္ခရောက်မှာ (RCSS/SSA ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံမေးမြန်း)
ငြိမ်းချမ်းရေးနဲ့ သျှမ်းပြည်ညီညွတ်ရေး အတွက်ရည်ရွယ်တဲ့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၅ ကြိမ်မြောက် ညီလာခံကို မတ်လ ၃ ရက်နဲ့ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ ပါတယ် ။ ညီလာခံပထမရက်မှာဘဲ ဒေသတွင်းအာဏာပိုင် တွေရဲ့တားမြစ်ခြင်းခံရပါ တယ် ။ CSSU ရဲ့ အဖွဲ့ဝင်ထဲမှာ တနိုင်ငံလုံးအပစ်ရပ်ရေး စာချုပ်လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တလျှောက်လုံးမှာပါဝင်လာတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA လည်းပါဝင်နေတာမို့ အခုလို ရင်ဆိုင်နေရတဲ့ပြသနာအရပ်ရပ်အပေါ် ဘယ်လိုမြင်မိပါသလဲ ။ RCSS/SSA ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကို သျှမ်းသံတော် ဆင့် က နန်းဆိုင်ဖူးက တွေ့ဆုံမေးမြန်းထားပါတယ် ။
မေး ။ ။ CSSU အစည်းအဝေး သုံးရက်လုပ်မယ်လို့ကြေငြာထားတာ အခုလိုမျိုး ဒေသခံ အာဏာပိုင်တွေဘက်က တားမြစ်တာခံရခြင်း နဲ့ ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် စိတ်ရဲ့ထဲမှာ ဘယ်လိုနေပါသလဲ ။
ဖြေ ။ ။ ပြောရမယ်ဆိုရင် အစည်းအဝေးပြင်ဆင်တဲ့ဘက်ကလည်း အားနည်းပေါ့ ။ မလုပ်ခင်တုန်းက ကျနော် ပြောတာဘဲ - ရန်ကုန်မှာ လုပ်နိုင်မလား CSSU အစည်းအဝေးက - ဘာကြောင့်လဲဆို ကျနော်ပါနေလို့ ရတယ် လို့ပြောတယ်လေ ။ အင်းရရင်လည်း တခြား နာမည်နဲ့လုပ် သူများကို ခွင့်တောင်းရမယ်လို့ ပြောထားတယ် ။ ကျနော်တို့ အစည်းအဝေး ပြင်ဆင်တာလည်း အားနည်းတာပေါ့ ။ သူများ အပြစ်မဟုတ်ပါဘူး ။
မေး ။ ။ NLD အစိုးရသစ်တက်လာတာ RCSS/SSA အနေနဲ့ ဘယ်လိုမြင်ပါသလဲ ။
ဖြေ ။ ။ NLD အစိုးရသစ်တက်လာတာဟာကောင်းတဲ့ လက္ခဏာဘဲ ။ ဘာဖြစ်လဲ ဆိုတော့ ပြည်သူလူထုက ရွေးချယ်တဲ့ အစိုးရဘဲလေ ။ ဒါပေမယ့် အစိုးရသစ်ဖွဲ့ပြီး တိုင်းပြည် ကို ဘယ်လောက်ထိသူတို့ တည်ဆောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရအုံးမယ် ။ ပြည်သူတွေ လည်း လိုက်ကြည့်ရမယ် ။ ဘယ်လိုကောင်းလဲဆိုတော့ ပြည်သူတွေ ရွေးချယ်လာတဲ့ အစိုးရဘဲ အာဏာနဲ့ တက်လာတာမဟုတ်ဘူး။ ရွေးကောက်ပြီး တက်လာတဲ့ အစိုးရမကလို့ ဒီမိုကရေစီ လမ်း ကြောင်းထဲ ဝင်တာပေါ့ ။
မေး ။ ။ အစိုးရသစ်တက်လာတာနဲ့ ပတ်သက်ပြီး RCSS/SSA အနေနဲ့ ဘယ်လို ကူညီထောက်ပံ့နိုင်မလဲ ။
ဖြေ ။ ။ ကျနော်တို့က အစိုးရကို ကူညီရမယ့် အခန်းကဏ်ဏ္ဍမဟုတ်သေးဘူး ။ ကျနော်တို့ အခန်းကဏ်ဏ္ဍက ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဘဲ ။ အမျိုးသားပြသနာတွေ ပြန်လည်သင့်မြတ်လာအောင် လုပ်ရမယ့် အခန်းကဏ်ဏ္ဍဘဲ ။
မေး ။ ။ အခု RCSS/SSA နဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်တဲ့ ပြသနာ က ဘယ်လိုရှိပါသလဲ ။
ဖြေ ။ ။ မြောက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲက ပြောရမယ်ဆိုရင် ဆွေးနွေး ဖို့လိုတယ် ။ ပြောရမယ်ဆိုရင် ပြသနာက မကြီးသေးဘူး ။ သူတို့က ပြသနာကြီးအောင် လုပ်လာတယ် ။ ကြားထဲက ပြည်သူက ဒုက္ခရောက် ရတယ် ။ အဲတာ သနားဖို့ကောင်းတယ် ။
မေး ။ ။ သတင်းတွေထွက်နေတာက သတင်းမှားနေပါတယ်လို့ပြောနေကြတယ် အဲ့ဒါက ဘယ်လိုရှိလဲ ။
ဖြေ ။ ။ သတင်းကမှားတယ် မမှားဘူးဆိုတာ ပြည်သူတွေ အသိဆုံးဘဲ ။ လိမ်လို့မရဘူး ။ သူတို့ပြောနေတဲ့ဟာက နိုင်ငံခြားတွေကို လိမ်လို့ရတယ် ။ မသိတဲ့လူတွေကို လိမ်လို့ရတယ် ။ သိတဲ့လူ ကို လိမ်လို့မရဘူး ။
မေး ။ ။ RCSS/SSA ဥက္ကဌအနေနဲ့ ပြည်သူလူထုတွေကို ဘာများမှာချင်သလဲ ။
ဖြေ ။ ။ သျှမ်းပြည်က ပြည်သူတွေကိုမှာချင်တာကတော့ ပထမ အချက် ယနေ့ ခေတ်မှာ နိုင်ငံရေးကို လေ့လာစေချင်တယ် ။ လူအဖွဲ့စည်း အသိုင်းဝိုင်းအားလုံးတွေက နိုင်ငံ ရေးနဲ့ ဆက်နွယ်နေတယ် ။ ငါတို့က နိုင်ငံရေးနဲ့ မပတ်သက်ဘူး ။ မပတ်သက်ပေမယ့် အမျိုးသားရေးနဲ့ ပတ်သက်နေတယ် ။ ဒီလိုဘဲ အမျိုးသားရေး နဲ့ နိုင်ငံရေးက လာပြီး ဆက်နွယ်နေတယ် ။ အဲ့ဒါကို ပြည်သူလူထုတွေ လှုပ်ရှားလာစေချင်တယ် ။
ဒုတိယ အချက်အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ထွက်ပေါ်နေတဲ့ ပြသနာက အမျိုးသား ရေး ပြသနာတွေ ဖြစ်တယ် ။ သျှမ်းနဲ့ ဗမာယုံကြည်မှု မရှိဘူး ပြီးတော့ သျှမ်းပြည်ထဲမှာဆို သျှမ်း နဲ့ ပလောင် ယုံကြည်မှု မရှိဘူး ။ ဒါလဲ ဖန်ဆင်းပြီး ဖြစ်ပေါ်လာတဲ့ ပြသနာ ။ ဝ နဲ့ သျှမ်း မယုံကြည်လို့ အရင်တုန်းကဆို တိုက်ပွဲတွေဖြစ်တယ် ။ ဒါကြောင့် အမျိုးသားရေး ပြသနာ တွေ ဟာ ဒီနေ့ ဒီချိန်မှာ ဖြေရှင်းဖို့ တွေ့ပြီ ။ ဘယ်အမျိုးသားရေးမဆို ဆွေးနွေးဖို့လိုတယ် ။ မှန်း ဆပြီး မလုပ်သင့်ဘူး ။ အခု ပလောင်တွေ ပြသနာလိုမျိုးပေါ့ ။ သူတို့ အထင်လွဲတာ ။ သူတို့ နေရာကို သွားလုယူမယ်လို့ထင်တာ ။ ဒါပေမယ့် သူတို့ နေရာဆိုတာ ကျနော်တို့ မသတ် မှတ် ရသေးဘူး ။ ဒါနဲ့ သူတို့က ကျနော်တို့ကို စောင့်ကြည့်ပြီး ဝင်တိုက်တယ် ။ အဲ့ဒါနဲ့ ပြသနာက ဖြစ်လာတာ ။ အခုပြသနာဖြစ်နေတာက နယ်မြေနဲ့သက်ဆိုင်တယ် ။ အဲ့ပြသနာ နဲ့ သူတို့က စစ်ပွဲနဲ့ဘဲ သူတို့က တိုက်မှာလား ရမှာလား အဲ့ဒါက ကျနော် မေးခွန်းဘဲ ဒီကိစ္စဟာ ပြည်သူ တွေလည်း သိရမယ် ။ တကယ်တမ်းပြောရရင် ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ နဲ့ ပြသနာ မဖြစ်ခဲ့ဖူးဘူး ။ RCSS နဲ့ ပလောင် က တိုက်ပွဲမဖြစ်ဖူးသေးဘူး ။ အခုဟာ တကယ့်တိုက်ပွဲကြီး လာဖြစ်တာ ။ သျှမ်း နဲ့ ပလောင်ကြားမှာ သမိုင်းဆိုးတွေ ဖြစ်ခဲ့ရတယ် ။ အဲ့ဒါမဖြစ်သင့်ဘူး ။ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ပြသနာက ပိုကြီးလာနိုင်တယ် ။ ဒါကြောင့် မြန်မြန်ဆွေးနွေးဖို့ လိုတယ် ။
မေး ။ ။ RCSS အနေနဲ့ ပလောင်နဲ့ ဖြစ်တဲ့ တိုက်ပွဲက ကြီးလာနိုင်မလား ။
ဖြေ ။ ။ မဆွေးနွေးရင် တိုက်ပွဲက ကြီးလာနိုင်တယ် ။ အခုဟာက စစ်သား ပြသနာဘဲ ။ အခုလိုမျိုးဆိုရင် ပြည်သူ လူထု ပြသနာ ဖြစ်လာတယ် ။ ဘာကြောင့်လဲ ဆိုတော့ စစ်ဘေးဒုက္ခသည်တွေ ရှိလာပြီ ။ တစ်ချို့ပြည်သူတွေလဲ အသတ်ခံရတယ် ။ သူတို့ပြောတာတော့ RCSS က လူတွေပေါ့ ။ ပြည်သူလို ယောင်ဆောင်ပြီး နေတယ်ပေါ့ ။ အဲ့သတင်းတွေက မမှန်ကန်တဲ့သတင်းတွေ ပြည်သူတွေသိတယ်လေ ။ အသတ်ခံရတဲ့ သူတို့ မိသားစုတွေ သူတို့သိတယ်လေ ။ ရဟန်းသံယာတွေလည်း ကျောင်းဝန်းထဲမှာနေရပြီး အရိုက်ခံရတယ် ။ ဒါတွေက မကောင်းဘူးလေ ။ ဒါတွေက အမျိုးသားရေးထဲ ဝင်လာတာ ။ ဒီလိုကြတော့ RCSS ဘက်က လုံခြုံမှု မယူထားရင် အမျိုးသားရေးက မပြီးနိုင်ဘူးလားလို့ ပြည်သူတွေဘက်က မေးခွန်းရှိလာတယ် ။ ပလောင်တွေကို သွားသတ်တာ မရှိသေးဘူး ။ ပလောင်တပ်တွေ သူတို့ လက်နက်လာချတာ သူတို့ရဲ့ စိတ်ဆန္ဒကိုတောင်မေးသေးတယ် ။ စစ်သားလုပ်မလား အိမ်ပြန်မလားဆိုတာ ။ ပလောင်စစ်သားဘက်က တိုက်ပွဲဖြစ်ပြီးနောက် RCSS တပ်ဘက်ရောက်လာတာ ။ အများကြီးဘဲ ဘာမှတောင်မလုပ်သေးဘူး ။ ဒါကြောင့် မဆွေးနွေးရင် ပြသနာက ကြီးလာနိုင်တယ် ပြည်သူလူထုဘဲ ဒုက္ခရောက်မှာ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့် ။
Tags: Interview