မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော်တို့ကြားတိုက်ပွဲကြောင့် အိမ်သုံးလုံးမီးလောင်
သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်မတော် နှင့် တအာင်းပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော်တို့အကြား မေလ ၁၁ ရက်နေ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ဝမ်လုံကျေးရွာတွင် နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့သည်ဟုသိရသည် ။
၂၀၁၆ မေ ၁၁ ရက် နံနက် ၈ နာရီကျော်မှ ၁၁ ကျော် အထိ အစိုးရ တပ်မတော် နှင့် တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး နံနက် ၁၁ နာရီ ခွဲကျော် ချိန် ကျေးရွာမီးရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံ ဦးမိုင်ခမ်း က ပြောသည် ။
“ ရွာထဲမှာ ပလောင်နဲ့ သူတို့ မဟာမိတ်တပ်တွေ ဝင်လာတယ် ။ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ် တယ်။ ရွာကနေ သူတို့ ထွက်သွားတာနဲ့ မီးက စလောင်တော့တာဘဲ ။ အစိုးရတပ် ဝင်လာတာ ၁၂ နာရီ ထိုးခါနီးအချိန် ။ ရွာသူရွာသားတွေကို မကြောက်ကြဖို့ ၊ ထွက်လာပြီး မီးဝိုင်းငြိမ်းဖို့ တိုက်တွန်းပြော ဆိုကြပြီးတော့ မီးဝိုင်းငြိမ်းနိုင်ခဲ့တယ် ” - ရွာခံ ဦးမိုင်ခမ်းက ပြောသည် ။
နှစ်ဘက်တိုက်ပွဲကြောင့် ဒေါ်နန်းအေးထိုက် (အိမ်နှင့်ကုန်ဆုံဆိုင် တွဲလျက်) ၊ ဦးစိုင်းအောင်ကျော် နှင့် ဒေါ်နန်းအေးစံ (အလှပြင်ဆိုင် နှင့်အိမ် တွဲလျက်) - တို့ မီးလောင်ကျွမ်း သွားခဲ့သည် ။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေးဌာန၏သတင်းထုတ်ပြန် ချက်တွင်မြန်မာ့တပ်မတော်၏ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်း လူနေ အိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဖေါ်ပြထားသည် ။
ဒေသအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထောင်ကျော်နေရပ်မှ စွန့်ခွါရကာ ကျောက်မဲမြို့ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလုံနေရဲသည် ။ ကျောက်မဲရောက် စစ်ဘေးရှောင် များသည် စားဝတ်နေရေးအတွက် အခက်ခဲဆုံး ရင်ဆိုင်နေရသည်ဟု ကျောက်မဲမြို့နယ် လူမှုကူ ညီ ရေးအဖွဲ့ ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည် ။
Tags: News, War