ကဆုန်လပြည့်နေ့တွင် မိုင်းကိုင်လူငယ်များ သစ်ပင်စိုက်ပျိုးမည်



လာမည့် ကဆုန်လပြည့်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့၏ အထင် ကရဖြစ်သော မိုင်းကိုင် မွေတော်ဘုရား အနီးပတ်ဝန်းကျင်၌ လဲချားမြို့ နှင့် မိုင်းကိုင်မြို့ရှိ သျှမ်းလူငယ်များ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝ သစ်တောများ ပြုန်းတီးမှုကိုကန့်ကွက် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရ သည် ။


တောတောင်သဘာဝ ပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် သစ်ပင်ပေါင်း ၈၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း အများစုမှာချယ်ရီပင်ဖြစ်ကြောင်း ၊ သျှမ်းပြည်တွင် ချယ်ရီပင်လွန်စွာ ရှားပါး သွားပြီဖြစ်သဖြင့်ပြန် လည်စိုက်ပျိုးသင့်ကြောင်းနှင့် အရင်းရှင်များ ကုမ္ပဏီများမှ တောတောင် သဘာဝ ပတ်ဝန်းကျင်လာရောက် ဖျက်ဆီး နေမှုကို ဆန့်ကျင် ကန့်ကွက် သွားမည် ဖြစ်ကြောင်း သျှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမတ် မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးစိုင်းလုံ ကပြောသည် ။

 ပျက်စီးသွားသော ထင်းရှူးတောကြီးများ
“ အဲ့နေ့ကျရင် သစ်ပင်တွေစိုက်ပြီးတော့ တောတောင် သဘာဝတွေ လာပြီး ဖျက်ဆီးနေတာကို ကန့်ကွက်မယ် ။ အခုတော့ ကျောက်မီးသွေး လာတူး မယ့်ကုမ္ပဏီတွေ မရှိတော့ဘူး ။ ခုက ထင်းရှုးမှို တွေ လာစိုက်တာ ရှိတယ် ။ အဲ့ဒီ ကုမ္ပဏီတွေရှိတယ် ။ ထင်းရှုးမှိုဆိုတာ သူများသိပ်မသိသေးဘူး ။ ကျနော်တို့ မိုင်းကိုင်မှာတော့ ထင်းရှုးပင်တွေ ပြုန်း ခါနီးပြီ။ သူဋ္ဌေးက တရုတ်နိုင်ငံကတဲ့ ။ ကျနော်တို့ သိရတဲ့ချိန်က ထင်းရှုးတောတွေ ပျက်စီးကုန်ပြီ ။ အဲ့ဒါကို ကန့်ကွက် ချင်တယ် ။ တာဝန်ရှိသူတွေလည်း လက်ပိုက်ပြီး ကြည့်နေတယ် ။ အဲ့ဒါကို ကန့်ကွက်ချင်တယ် ” ဟု ၄င်းကပြောသည် ။


ပြီးခဲ့သည့် ရက်ပိုင်းတွင် သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်ပြီး မိုးကြိုးပစ်ရာမိုးကြိုးကွင်း ထိ၍ နွား ၂၆ ကောင်ရှိ နွားတအုပ် သေကြောင်း ၊ ထင်းရှုးပင်များ ခုတ်ခြင်းသည်လည်း လူတစ်စုအတွက် အကျိုးအမြတ်ဖြစ် သည် ကို ကန့်ကွက်ရမည် ဖြစ်ကြောင်း မိုင်းကိုင်မြို့နေ လူငယ် စိုင်းလောဝ် ပြောသည် ။


“ ပြောချင်တာက ထင်းရှုးပင်ခုတ်တာထက် ဆိုးတာက ဟမ်းငိုင်း ၊ လွယ်တွန်းတောင်ပေါ်မှာ ဘိန်းစိုက်ဖို့ ဧကပေါင်း ၃၀၀ ၊ ၄၀၀ ကျော်အတွက် သစ်ပင်ကြီးတွေ ခုတ်တာက ပိုဆိုးပါတယ် ။ ခုဆိုရင် မိုးခေါင်ရေ ရှားမှုတွေနဲ့ ကြုံနေရပါပြီ ။ နိုင်ငံရေးပါတီဝင်တွေကပါ ဦးဆောင်ပြီးတော့ ထင်းရှုးမှိုပွဲစားလုပ်နေ တယ် လို့လည်း နယ်ခံတွေပြောပါတယ် ။ တရုတ်တွေဒီလိုမှိုစိုက်ခွင့်ရတာက သစ်တောဦးစီး ၊ RCSS/SSA စစ်ဒေသမှူးတွေလည်း တာဝန်ရှိတာပေါ့ ” ဟု ၄င်းကဆက်ပြောသည် ။


တရုတ်အရင်းရှင်များဘက်မှလာစိုက်သည့် ထင်းရှူးမှိုများသည် ထင်းရှူးတော ဧကပေါင်း သုံးထောင် ၊ လေးထောင်ခန့် ခုတ်ဖြတ်ပစ်ရကြောင်း ၊ မိုင်းကိုင်မြို့အနောက် ဘက် နှင့် ဟမ်းငိုင်းနယ်ဘက်တွင် များ စွာပျက်စီးနေပြီ ဖြစ်ကြောင်း မိုင်းကိုင်လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးစိုင်းလုံ ကပြောသည် ။


၂၁.၅.၂၀၁၆ ရက်နေ့တွင် ကျရောက်မည့် ကဆုန်လပြည့်နေ့တွင် မိုင်းကိုင်လူငယ်များနှင့် လဲချားလူ ငယ်များစုပေါင်းကာ ချယ်ရီပင်များစိုက်ပျိုးမည်ဖြစ်ပြီး သဘာဝ သစ်တောဖြုန်း တီး ဖျက်ဆီးမှုကို ကန့်ကွက် ဆန္ဒဖော်ထုတ်သည့်အနေဖြင့် လူအင်အား ၄၀၀ နီးပါးက မိုင်းကိုင်မြို့ အဝင် မှ မွေတော်ဘုရားအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates