မြန်မာနိုင်ငံ ဒု - သမ္မတ ဟောင်း ဒေါက်တာစိုင်းမောက်ခမ်း အား ထိုင်းဘုရင့်တက္ကသိုလ် မှ Ph.D ဘွဲ့အပ်နှင်းမည်



ထိုင်းဘုရင့် ကမကထပြု မဟာကျူးလားလုံးကွန်း တက္ကသိုလ် မှ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဟောင်း ဒေါက်တာ စိုင်းမောက်ခမ်းအား ပညာရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပံ့ပိုးသူ ပါရဂူ ဒေါက်တာဘွဲ့ကို  လာမည့် မေ ၁၅ ရက်နေ့၌ ပေးအပ်ချီးမြင့်မည်ဖြစ်ကြောင်းသိရသည် ။


၂၀၁၆ မေလ ၁၅ ရက် နံနက် ပိုင်းမှ စ၍ မွန်းလွဲ ၃ နာရီအထိ ဘွဲ့ရသူများအား မဟာကျူးလားလုံးကွန်း တက္ကသိုလ် တွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ၊ ထိုအခမ်းအနားအပြီး ညနေ ၅ နာရီမှ စ၍ ဂုဏ်ပြုအခမ်း အနားတရပ်  ဆက်တိုက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း - သိရှိရသည် ။


“ ဒေါက်တာ စိုင်းမောက်ခမ်းက ဒုသမ္မတ တာဝန်မထမ်းဆောင်စဉ်ကတည်းက မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းစာပေယဉ်ကျေးမှု (ဗဟို) ကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်တယ်။ ဒု သမ္မတ ရာထူး ထမ်းရွက် တော့ လည်း ဒီပညာရေးပိုင်းမှာ ပြည်တွင်းကော ပြည်ပကော ပါဝင်ထမ်းရွက်ခဲ့တယ် ။ ဒါ့ကြောင့် မဟာကျူးလား တက္ကသိုလ်ကနေ Educational Administration   ဒေါက်တာဘွဲ့ချီးမြှင့်မှာ ဖြစ်တယ် ” - ဟု ဘွဲ့အပ်နှင်းခံရသူ ဂုဏ်ပြုရေးကော်မတီ တွင် ပါဝင်သည့် အရှင် နန္ဒသာမိ နွံတိုင်း က မိန့်ကြားတော်မူပါတယ် ။


ဘွဲ့နှင်းသဘင် အခမ်းအနား၌ ဒေါက်တာစိုင်းမောက်ခမ်း အပြင် MA ဘွဲ့ရ သျှမ်းရဟန်းတော် သုံးပါး BA ဘွဲ့ ၁၅ ပါး လည်း ဘွဲ့လက်ခံရယူမည်ဖြစ်သည် ။


ဘွဲ့အပ်နှင်းပွဲ အခမ်းအနားသို့ ပြည်တွင်းပြည်ပ သျှမ်းမိသားစုများ၊ အသင်းအဖွဲ့များ ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ့သံ အရာရှိကြီးများလည်း တက်ရောက်မည်ဟု သိရှိရသည် ။


မဟာကျူးလားလုံးကွန်း တက္ကသိုလ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ ကျော်ကတည်းက ထိုင်းဘုရင်မင်းမြတ် မဟာကျူးလား ဖရကျွမ်ကောဝ့်ကျောဝ့်ယူဟို က ကမကထပြုတည်ထောင်သည် ။ ထိုစဉ်မှစ၍ ထိုင်းဘုရင် မင်းမြတ် အဆက်ဆက် ကမကထ ပြုစီမံထိန်းသိမ်းလာခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates