နာနတ်သီးဈေးကျ - သီပေါတောင်သူဦးကြီးများအရှုံးပေါ်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင်ယခုနှစ်အတွင်း ရာသီသီးနှံ နာနတ်သီးဈေးကျသဖြင့် ခြံပိုင်ရှင်များ အရှုံးပေါ် ကြောင်းသိရသည်။
နာနတ်သီးအစိုက်များသော သီပေါမြို့နယ် နောင်ကော်အုပ်စု ပန်မျန်းကျေးရွာတွင် ယခုနှစ် တရုတ်အဝယ်တော်များ လျော့နည်းသွားသည့်အပြင် နာနတ်သီးဈေးပါအဆမတန်ကျဆင်းသဖြင့် နာနတ်သီးမရောင်းနိုင်ဘဲ ပုပ်သိုးကာတောင်သူများ အရှုံးပေါ်ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၃၀ ကျော်ကြာစီးပွါးဖြစ်နာနတ်သီးစိုက်ပျိုးလာသည့် ပန်မျန်းရွာသား (ဦး)လုံးထွန်းက - “မနှစ်က အဝယ်တော်တွေက ခြံလုံးကျွတ်ပေးဝယ်တာတပိသာကို ၂၀၀ ကျပ်ပေးတယ်။ ဈေးအပေါဆုံးက ၁၅၀ ကျပ်ရတယ်။ ဒီနှစ်မှာတော့ တပိသာ ရ၀ ကျပ်ရတယ်။ ကျနော်တို့ခြံက ဒီနှစ် ပိသာပေါင်း သုံးသောင်းရတယ်။ ဒါပေမယ့် ၀ယ်တဲ့သူနည်းတယ်။ ဈေးပေါတယ်။ အဲ့ကြောင့်ကျနော်တို့နာနတ်သီးတွေ ပုပ်ကုန်တယ်။ အရှုံးပေါ်တယ်။ ” - ဟုပြောသည်။
ယခုနှစ်တွင်သီပေါသို့ရောက်လာသည့်နာနတ်သီးအဝယ်တော်များမှာ သီပေါမှ မန္တလေး သို့လည်းကောင်း၊ သီပေါမှ မူစယ် ထိုမှတရုတ်နိုင်ငံသို့ လည်းကောင်းပို့ဆောင်ကြောင်း၊ ယခုနှစ်နာနတ်သီးအရှုံးပေါ်သော်လည်း နောက်နှစ်များတွင်လည်းနာနတ်သီးခြံသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လုံးထွန်းကပြောသည်။
“အရင်းက ယာခြံ တဧက လောက်ကို ပျိုးပင်ဖိုး မြေသြဇာဖိုး ပါရင်ကျပ် ၄ သိန်းလောက်ကျတယ်။ အလုပ် သမားဖိုး ဘာဖိုးတောင်မပါသေးဘူး။ ဒါမယ့်ပထမဆုံးအကြိမ်စိုက်ပြီးရင် နာနတ်သီးက ၅-၆ နှစ်လောက်စားရတယ်လေ ”- ဟု ဆိုပါသည်။
သီပေါမြို့နယ် ပန်မျန်းရွာတွင်စိုက်ပျိုးသော နာနတ်သီးမှာအလယ်အလတ်စားအသီးမျိုးဖြစ်ပြီး ကုန်းဆာရွာဘက် တွင်စိုက်သောအသီးမှာ အကြီးစားအသီးမျိုးဖြစ်ကြောင်း အသီးအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားကြောင်း၊ သို့သော်ယခုနှစ်မှာ အသီးအကြီးအသေးမရွေးဈေးနှုန်းကျကြောင်း၊ သို့သော်နာနတ်စိုက်ခင်းများကြားတွင် ငရုပ်သီး ၊ မြေပဲတို့ပါစိုက်ပျိုးသဖြင့်အနည်းငယ်ဖြေသာကြောင်း ခြံသမား စိုင်းရာမ ကလည်းပြောပြသည်။
ဆက်ဖတ်ရန်
ရွှေလီမြစ်ရေအတွင်းသဲထုတ်ယူမှုရပ်တန့်ဖို့ မြန်မာအစိုးရမှတဆင့် တရုတ်ဖိအားပေး
နပြည်တော်အစိုးရဆီမှာ တရုတ်အစိုးရရဲ့ တောင်းဆိုမှုကြောင့်ဆိုပြီး သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေ - ရွှေလီမြစ်အတွင်းသဲထုတ်ယူနေမှုမှ ရပ်တန့်ဖို့ - ၀မ်းရေးအတွက် သဲထုပ် လုပ်နေတဲ့ ရွာသားအား သဲထုတ်ယူမှုများရပ်တန့်ပေးဖို့ တားမြစ်တဲ့အပေါ် ရှေ့ဆက်ဝမ်းစာအတွက် စိုးရိမ်ပူပန်နေကြပါတယ်။
မေလ ၁၉ ရက်နေ့က သဲထုပ်လုပ်မှုရပ်တန့်ရေးစာ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ မေလ ၂၇ ရက် နောက်ဆုံးထားပြီး စက်ပစ္စည်းတွေ အသုံးအဆောင်တွေအကုန်လုံးသယ်ထုတ်ဖို့လည်း ဖော်ပြထားပါတယ်။
မူစယ်မြို့မှာ သဲစုပ်ရောင်းချနေသူတွေဟာ မိသားစု ၁၀၀ ကျော်ရှိတဲ့ တော်ရွက်ရပ်ကွက်က ဒေသခံ ရ၅ ရာခိုင်နှုန်းကျော်ဖြစ်နေပြီး ဒီဒေသခံတွေဟာ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေတွေ အသိမ်းခံရတာ၊ ကူးတို့ဆိပ်တွေအသိမ်းခံရတာတွေထဲပါသွားတာကြောင့် သဲတူးဖော်ရေးလုပ်ငန်းကို ဇောက်ချလုပ်ကိုင်လာခဲ့တာလို့ မူစယ်မြို့ခံ စိုင်းအောင်ကပြောပါတယ်။
သဲထုပ်လုပ်ရောင်းချတယ်ဆိုတာကလဲ ကျနော်တို့ရပ်ရွာအတွင်း မြို့ရွာအတွင်းပါဘဲ။ များသော အားဖြင့်မြို့ ရွာတွင်း ဆောက်လုပ်ရေးလုပ်ငန်းအတွက်ဘဲ။ ဒါကိုပိတ်လိုက်ရင်တော့ ဒေသခံတွေ ၀မ်းရေးအခက်တွေ့ ရပြီပေါ့။ အခုရွာထဲမှာ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးဆောက်လက်စ။ အဲတာ သဲထုပ်မှုရပ်ရင် ရွာသားတွေ အရမ်းကိုအခက်အခဲဖြစ်ရမှာပေါ့၊ သဲမရောင်းရတော့ဘူးလေ- ဟု စိုင်းအောင်ကပြောပါတယ်။
သဲတကျင်းကို ကျပ်ငွေ ၈၀၀၀ နဲ့ရောင်းချနေကြတာဖြစ်ပါတယ်။
တော်ရွက်ရပ်ကွက်သားတွေ သဲထုပ်လုပ်ရောင်းချနေတာ ၃ -၄ နှစ် ရှိပြီဆိုတော့ ခုချက်ချင်းကြီး ပိတ်လိုက်ရင်သူတို့တွေအခက်မအခဲရှိမပေါ့။ ဒါမယ့် မရပ်ရင် မရဘူးဆိုတော့ ၂၇ ရက်နေ့ကတော့ တော်ရွက်ဒေသခံတွေတော့ရပ်ပြီ။ - လို့ ဆိုပါတယ်။
မေလ ၂၇ ရက်နေ့က တော်ရွက်ဒေသခံတွေရပ်ပြီဆိုပေမယ့် ပန်ခမ်းဘက်က ပြည်သူ့စစ်ပိုင် သဲစုပ်စက်တွေတော့ မရပ်သေးဘူးလို့သိရပါတယ်။ဒေသခံတွေသဲစုပ်မှုရပ်လိုက်တာနဲ့ သဲဈေးနှုန်းဟာတဟုန်ထိုး တက်သွားလို့ လက်ရှိမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေက တကျင်းကို ကျပ် ၁၂၀၀၀ နဲ့ရောင်းချနေတယ်လို့လည်း မူစယ်မြို့ခံတွေကပြောပါတယ်။
ရွှေလီမြစ်ရေစီးကြောင်းမပြောင်းလဲအောင်ထိန်းသိမ်းဖို့အတွက် ရွှေလီမြစ်အတွင်း သဲထုပ်လုပ်မှုက နေရပ်တန့်အောင် စီစဉ်ပေးဖို့ မေလ ၁၉ ရက်နေ့က တရုတ်အစိုးရ ကနေ နေပြည်တော်အစိုးရကို တွေ့ဆုံဆွေးနွေးအကြံပြုတယ်လို့လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေပို့လာတဲ့ စာမှာဖော်ပြထားပါတယ်။
ဆက်ဖတ်ရန်
တရုတ်အဝယ်မလိုက်သဖြင့်သျှမ်း/ မြောက်ကဖရဲသီးတောင်သူအရှုံးပေါ်စီးပွါးရေးအခက်တွေ့
ယခုနှစ်အတွင်းတရုတ်နိုင်ငံမှဖရဲသီးဝယ်လိုအားကျဆင်းသဖြင့်သျှမ်းပြည်မြောက်ပိုင်းမှဖရဲသီးစိုက် တောင်သူများအရှုံးပေါ်ကာစီးပွါးရေးအခက်တွေ့နေကြောင်းသိန္နီမြို့မှဒေသခံများကပြောသည် ။
![]() |
| ရောင်းမရသဖြင့်ခြံတွင်းပစ်ထားသည့် နောင်ချိုမြို့က ဖရဲသီးခြံမှ ဖရဲသီးများ |
"မနှစ်ကတော့တန်နဲ့ဝယ်တယ်။ဖရဲသီး၁တန်ဆိုရင်တရုတ်ယွမ်ငွေ ၂၀၀၀။ ကား ၁ စီးဆိုရင် ဖရဲသီး ၁၄ တန် တင်တယ်လေ။ပုပ်တဲ့ဟာတွေဖယ်ရင် ၁၂တန်လောက်တော့ကျန်တယ်။ ဆိုတော့ကား တစီး၂၄၀၀၀ ယွမ်ရတယ်။ ဒီနှစ်ကတော့ ဟိုဘက်ကသိပ်မဝယ်တော့ဘူး။ ဈေးလဲအရမ်းပေါတယ်။ အဲ့ကြောင့် တန်နဲ့မဝယ်တော့ဘူး။ ကားအစီးလိုက်ဘဲဝယ်တာ။ တစီးယွမ်ငွေ ၈၀၀၀ ဘဲရောင်းရတယ်။ ကျယ်ဂေါင်အထိသွားရောင်းရတယ်လေ" - ဟု ဖရဲခြံပိုင်ရှင် နန်းခမ်းလီကပြောသည် ။
အောက်တိုဘာလနှောင်းပိုင်းကဖရဲသီးများကိုဘီအီးကားကြီးများဖြင့်တရုတ်နယ်စပ်ကျယ်ဂေါင်သို့တင် ရောင်းရာဖရဲသီးဈေးမှာတစီးယွမ်ငွေ၈၀၀၀မှ၄၀၀၀သို့ထိုးကျသွားကြောင်း၊တင်ခမှာလည်းတစီး ၅ သိန်းပေးရကြောင်း၊အလုပ်သမားခဂိတ်ကြေးတို့နှုတ်ပါကအမြတ်အစွန်းလုံးဝမရှိကြောင်းဖရဲသီးကုန်သည်နန်းအေးဆိုင်ကလည်းပြောသည် ။
"ထော်လဂျီ ခတို့လုပ်အားခတို့ပါတွက်ရင်ဘာမှမကျန်ဘူး။ အရှုံးတောင်ပေါ်တယ်။ အဲ့ကြောင့် တချို့ ဆိုရင်အခုလားရှိးသီပေါမြို့နယ်တွေ ထဲမှာ ဆိုရင်ဖရဲသီးကိုအခင်းထဲမှာဘဲပစ်ထား တော့တယ်။"
တရုတ်ကိုရောင်းချသည့်ဖရဲသီးများမှာတလုံးပျှမ်းမျှအလေးချိန် ၅ ပိဿာခန့်ရှိပါသည်။ တတန်လျှင် ပိဿာချိန် ၆၀၀ ကျော် ရှိသည် ။
ဆက်ဖတ်ရန်
၁၃ နှစ်ကြာ ပိတ်ထားသည့် ထိုင်း - မြန်မာ BP 3 ဂိတ် တပတ် တခါ ပြန်ဖွင့်
ထိုင်း - မြန်မာ နယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် - လတ်တိုင်ရွာ (BP3) ဝိန်းဟဲန် မြို့နယ် ချင်းမိုင် ခရိုင် နှစ်နိုင်ငံ နယ်စပ် လူဝင်ထွက် ဂိတ်အား ကြာသပတေး နေ့တိုင်း (ကတ်နတ်) ဈေးနေ့ သတ်မှတ်ကာ ဖွင့်လှစ် ဈေးရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည် ။
သြဂတ်စ်လ ၂၇ ရက် ကြသပတေးနေ့ ယနေ့ မနက်ပိုင်းက သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် လတ်တိုင်ရွာ တို့ အကြား BP3 နယ်စပ် ဂိတ်အား နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ၊ နှစ်နိုင်ငံ ဆက်ဆပ်နေ ဒေသခံများ အတွက် တပတ် တရက် ဈေးဖွင့်လှစ် ပေးခဲ့သည်ဟု လတ်တိုင် ရွာသားများက ပြောသည် ။
လက်ရှိ အနေ အထားက နှစ်နိုင်ငံ တခါးပေါက် တပတ် တခါ ဖွင့်လှစ်သည် ဆိုသော်လည်း လွန်ခဲ့သည့် ၁၃ နှစ်က ဖွင့်လှစ် သွားလာသည့် ဂိတ်မဟုတ်ဘဲ မြန်စစ်တပ် တပ်စခန်း နှင့် ထိုင်း စစ်တပ် တပ်စခန်းအတွင်း ဖြတ်ကာ အခမဲ့ သွားလာခွင့် ပြုခြင်းသာ ဖြစ်ကြောင်း ၊ ထိုင်းဘက်မှ သျှမ်းပြည် ဘက်သို့ ဝင်ထွက် သွားလာသူ မရှိသလောက် ရှိနေသေးကြောင်း ဒေသခံများက ပြောသည် ။
“မနက် ၈ နာရီက စပြီး သွားလာခွင့်ပြုတယ် ။ ဈေးသည်တွေ တော်တော် များပါတယ် ။ ထိုင်း ဘက်က လူက ပိုများတယ် ။ ဈေးသည်ရော လည်ပတ်တဲ့ လူရော ။ ဘဏ် အဖွဲ့ကလည်း ရှိတယ် ။ ကျန်း မာရေး အဖွဲ့ဆိုရင်လည်း ငှက်ဖျား ရောဂါအတွက် ဆေးစစ်ပေးဖို့ လာကြတယ် ။ ထိုင်းဘက်က ပေါ့ ။ ဟိုး ဘက်ကတော့ မိုင်းတော့ မိုင်းထားက လာတယ် ။ အသား ငါးတွေ ၊ ခြံထွက် သီးနှံတွေ ၊ လာရောင်းတယ် ။ ညနေ ၄ နာရီ အထိ ဖွင့်မယ်လို့ ပြောပါတယ် ။” - ဟု လတ်တိုင်ရွာသူ ပါ့နန်းယိင်းက ပြောသည် ။
ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ပိန်းလုံရွာမှ ၄ ကီလိုမီတာ အကွာ နယ်စပ်နှင့် ကပ်လျက် (ထိုင်းဘက်ခြမ်းမှ) လတ်တိုင်ရွာ ၀ပ်ဖဝိန်း အင်း ဘုန်းကြီးကျောင်း အထက်ဘက်ရှိ နှစ်နိုင်ငံ တပ်စခန်း နှစ်ခုကြား လူဝင် ထွက်ပေါက်အား ယာယီ နယ်စပ် တံခါးပေါက် ဖွင့်လှစ်ကာ ဘုန်ကြီးကျောင်း ဝန်း အတွင်း ဈေးလုပ် ရောင်းချ နေကြခြင်း ဖြစ်သည် ။
“ ရဲတွေ စစ်တပ် တွေလည်း ပြည့်နေတယ် ။ လူကြီး လာဖွင့်မယ် ဆိုလို့လေ ။ ဒီနေ့ တရားဝင် ဂိတ်ဖွင့် မယ်လို့ သတင်းတွေ ကြားရလို့တဲ့ ဟိုးဘက်ခြမ်းက ကုန်သည်တွေ ကားကြီးတွေနဲ့ လာစောင့်တယ် ။ နောက်တော့ လူဝင်ပေါက် ဘဲဖွင့်တော့ အသီးသီးပြန် သွားကြတယ် ။ ဒေသတွင်း လူထုတော့ ၀မ်းသာတာပေါ့ ။ ” - ဟု လတ်တိုင်ရွာမှ အကြီးအကဲ ဦးလုံးပညာ ကပြောပါသည် ။
ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အဆိုပါ လတ်တိုင် နယ်စပ်ဂိတ်အား စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရားဝင် လူဝင် ထွက်ခွင့် ပေးမည်ဟု ဝိန်းဟိုင်မြို့နယ် ရုံးသို့ ခွင့်ပြု မိန့်ပေးပို့ ထားသည်ဟု ရုံးဝန်ထမ်းတဦးက ပြောသည် ။
ထို့ကြောင့် ထိုင်း အာဏာပိုင် များဘက်မှ အဆိုပါ လတ်တိုင်ရွာ နယ်စပ်ဂိတ်ကို ကြာတပတေး နေ့တိုင်း ကတ်နတ် ဈေးနေ့ သတ်မှတ်မည်ဟု ဆွေးနွေး နေကြကြောင်း ဦးလုံးပညာက - “ ဒါကတော့ ထိုင်းအာ ဏာပိုင် ဘက်က ဖြစ်ချင်တဲ့ ဆန္ဒ ပေါ့နော် ။ ဖွင့် စေချင်နေတာ ။ မြန်မာ အာဏာ ပိုင်တွေ ဘက်က တော့ အထက်က ခွင့်ပြုချက် မပေးသေးဘူး လို့ဘဲ ပြောနေပါတယ် ။ ဒါကြောင့် ကား အဝင် အထွက် ဂိတ်ကြီး တော့ မဖွင့် သေးပါဘူး ။ ခုလောလောဆယ် ဂိတ် အသေးဘဲ ဖွင့်နေတာ ဖြစ်ပါတယ် ။” - ပြောသည် ။
ပန်ကမ့်ကော် နယ်စပ်ဂိတ် သည် ၂၀၀၁-၂၀၀၂ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ အကြား လချီ တိုက်ပွဲကြောင့် ယနေ့တိုင် ပိတ်ထားရာမှ တပတ်တခါ ဈေးခင်း တည်ကာ ဒေသခံများ သွားလာခွင့် ပြုလာခြင်း ဖြစ်သည် ။ ထိုင်း - မြန်မာ နယ်စပ် BP 1 (နောင်အုတ် - ပုံပါကျင်) ၊ BP3 (လက်တိုင် - ပန်ကမ့်ကော်) နယ်ခြား ဂိတ်များအား တရားဝင် နယ်ခြားဂိတ် အဖြစ် ဖွင့်လှစ်ရန် နိုင်ငံ ပြင်ဆင်နေ ကြောင်း ၊ အဆိုပါ လမ်းများ ဖွင့်လှစ်မည် ဆိုပါက တောင်ကြီးမြို့သို့ နေ့ချင်းပေါက် သွားလာနိုင်မည် ဟုသိရသည် ။
ဆက်ဖတ်ရန်
AEC အတွက် ကြိုတင် ပြင်ဆင်ရေး ထိုင်း- မြန်မာ နယ်စပ် ဂိတ်ဖွင့်ဖို့ ချင်းမိုင်မြို့တွင် ဆယ်မီနာ ပြုလုပ်
အာဆီယံ စီးပွါးရေး ကွန်မြူနတီ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိုင်းမြန်မာနယ်စပ် တလျှောက် နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေး အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ ဘက်နိုင်ငံ ကြီးအကဲနှင့် ဒေသခံလူထု သတင်းထောက်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ချင်းမိုင်မြို့ တက္ကသိုလ်တွင် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဘက်က အာဏာပိုင်များနှင့် အရာရှိကြီးများ အပြင် စီးပွါးရေး လုပ်ငန်းရှင် တချို့ ၂ နိုင်ငံ နယ်စပ်နေ ဒေသခံတချို့ တက်ရောက်ခဲ့ကြ ရာ စုစုပေါင်း အင်အား ၂၀၀ ခန့်ရှိကြောင်း ချင်းမိုင်မြို့ ၊ ချင်းဒေါဝ်မြို့ ၊ ဝိန်းဟိုင်မြို့ ၊ ပိန်းလုံအုပ်စု ၊ လတ်တိုင်ရွာ တို့မှ ဒေသခံများလည်း တက်ရောက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်မှ အာဏာပိုင်များက ကူးသန်း ရောင်းဝယ်ရေး ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု ပြုနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရည်ရွယ်ပြီး ရင်းနှီးမြုပ်နှံမှု ဥပဒေ လေ့လာထားဖို့ အစရှိပြောဆိုသွားကြောင်း ဆယ်မီနာ သွားတက်သည့် သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းယွက်ခမ်း က သတင်းပေးပို့သည်။
“ထိုင်းနိုင်ငံက မြန်မာ သံအမတ် ဦးကောင်းစံလွင် ကပြောတယ်။ အခု ငြိမ်းချမ်းရေးအတွက် တပြည်လုံး အပစ်အခတ် လက်မှတ် ရေးထိုးပွဲ စောင့်ကြည့်ဦးမယ် လို့ပြောတယ်။ လက်မှတ် ရေးထိုးပြီးရင် ဒီ နယ်စပ် တလျှောက်က ၂ နိုင်ငံဝင်ထွက်ဖို့ ဂိတ်တွေဖွင့်လှစ်ဖို့ ဆွေးနွေးမယ်။ သင့်လျော်တဲ့အချိန်မှာ ဖွင့်လှစ် သွား မယ်လို့ပြော သွားပါတယ်။”
နယ်စပ် ဂိတ်များမှ တဆင့် နိုင်ငံခြား ခရီးသွားများ သွားလာ လည်ပတ်နိုင်ရေး ၊ ဒေသတွင်း သဘာဝ သယံဇာတ ထိန်းသိမ်းရေး ၊ အာဆီယံနိုင်ငံ အတွင်း စီးပွါးရေး ၊ ကူးသန်း ရောင်းဝယ်ရေး စသည် တို့အကြောင်းကို ပြောကြားသွားခဲ့သည် ဟုဆိုပါသည်။
တက်ရောက်သူ များအနက် ဆရာစိုင်းလုံ ကမူ “ ခုလောလောဆယ် နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ရင် စီးပွါးရေး လုပ်ငန်းရှင်တွေ အတွက်တော့ အတော်ဘဲဖြစ်သွား မှာပေါ့။ ဒေသတွင်း လူထုအတွက်တော့ အခြေအနေနဲ့အမှီ လိုက်ရပါလိမ့်မယ်။ စီးပွါးရေး ကူးသန်းရောင်းဝယ်ရေး အစစ အရာရာ ပေါ့နော်။” ဟု ပြောဆိုသည်။
ဆယ်မီနာကို ဩဂတ်စ်လ ၂၂ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။
ဆက်ဖတ်ရန်
ရပ်စောက်မြို့တွင် တရားမဝင်သစ်စက်များပြား၊ ဒေသခံများစုပေါင်းတိုင်ကြားမှုကြောင့် သစ်ထုတ်လုပ်မှုရပ်ဆိုင်းထားရ
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် တရားမဝင်သစ်စက်များကြောင့် မတ်ခ်ျလ ၃၀ ရက်နေ့မှ စ၍ သစ်ထုတ်လုပ်မှုလုပ်ငန်းရပ်ဆိုင်း ထား ခိုင်းခြင်း ခံရကြောင်း ဒေသခံများကပြောသည်။
သစ်မှောင်ခိုထုတ်လုပ်မှုမှာ ယခုနှစ်အတွင်း အဆမတန်များပြားလာခြင်းကြောင့် ဒေသတွင်းလူထုက အချက်အလက်များကောက်ယူကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများထံ တိုင်တန်းခဲ့ကြပြီးနောက် ထိုသို့ ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“ ရပ်စောက်မြို့နယ်ထဲမှာ သစ်စက်ပေါင်း ၂၀၀ ကျော်ရှိတယ်။ လိုင်စင်နဲ့ တရားဝင်ထုတ်လုပ်ခွင့်ရတဲ့ သစ်စက်ပေါင်း ၁၀ ကျော်ဘဲရှိတယ်။ အဲတာကြောင့် ပြန်လည်စီစစ်ပေးဖို့ တိုင်ကြားရတာဖြစ်တယ်။ ” ဟု ရပ်စောက်မြို့နယ် လူမှုရေးတက်ကြွ လှုပ်ရှား သူ ဦးစိန်ဝင်းထံကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းအား ရပ်စောက်မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ သစ်စက်ပိုင်ရှင် ၁၅ ဦးခန့်က သစ်စက်များ ပြန်လည်လည်ပတ်ထုတ်လုပ်ခွင့်ရရှိရေးအတွက် ငွေကြေးဖြင့်လာရောက်ညှိနှိုင်း ဖူးကြောင်း ၎င်းကဤကဲ့သို့ ဆက်လက်ပြောပြသည်။
“ တရားမဝင်နည်းနဲ့သစ်ခိုးထုတ်နေကြတာကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြတာလောက်ဘဲ ကျနော်တို့ လုပ်နိုင်တယ်။ သစ်စက်တွေ လည်ပတ်ခြင်း မလည်ပတ်ခြင်းကိစ္စ ကျနော့်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး။”
ပြီးခဲ့သည့်မတ်လ ၂၃ ရက်နေ့ကလည်း သစ်မှောင်ခိုကိစ္စနှင့်ပတ်သက်၍ ကုမ္မဏီတခုအား ဝင်ရောက် စစ်ဆေးရာ ကုမ္မဏီနှင့် ရဲအုပ်အဆင့်ရှိသူတဦးတို့အကြား ထိုးကြိတ်ရိုက်နှက် မှုရှိခဲ့သည်ဟုသိရသည်။
ရပ်စောက်မြို့နယ်တွင် သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ယခု ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ်ရှိဖူးပြီးဖြစ် သည်။ ယခင်နှစ်တွင်လည်း သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများရှိနေကြောင်း ရပ်စောက်မြို့နယ် စခန်းမှူး သက်နွယ်ဦးက ပြောခဲ့ဖူးသည်။
ဆက်ဖတ်ရန်
မိုင်းလားဒေသသို့ ဝင်မည့်ကုန်စည်များ အစိုးရဒေသခံ အဏာပိုင်များပိတ်ထား
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ မိုင်းယန်းမြို့နယ်မှတဆင့် အထူး ဒေသ ၄ မိုင်းလား ဘက်သို့ သွားမည့် ကုန်စည်များအားလုံး မြန်မာအစိုးရအာဏာပိုင်ဘက် က ပိတ်ထားသည်မှာ တလ ကျော်ပြီဟုဆိုသည်။
၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှ စ၍ ယနေ့အထိ ကျိုင်းတုံ - မိုင်းလားလမ်း၊ ကျိုင်းတုံ - မိုင်းယန်း - မိုင်းဖျဉ် - ဟိုတောဝ်းလမ်း၊ မိုင်းယောင်း - မိုင်းယု - နမ့်ပန်း လမ်းကြောင်းမှ သွားမည့် ဆန်၊ ဆီ၊ ဆား၊ ပြောင်း နှင့် အခြားထိုင်းနိုင်ငံမှ ဝင်လာသည့် ကုန်စည်များအား လုံးအား မြန်မာအာဏာပိုင်များက တာ့ပင်းတံတားတွင်လည်းကောင်း၊ မိုင်းယုတွင် လည်းကောင်း၊ မိုင်းယန်းတွင်လည်းကောင်း ထိန်းချုပ်ထားသည်။
“ပိတ်ထားတဲ့အတွက် ဆန်ထွက် အများဆုံးဖြစ်တဲ့ မိုင်းယောင်းဒေသ ခံတွေ က ဆန် နဲ့ အခြား ဒေသထွက် ပဲ၊ ပြောင်းတွေ တရုတ်ကို တင်ပို့ ရောင်းချဖို့ အခက်အခဲကြုံတွေ့ နေရ ပါတယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်ကနေ စတင်ပိတ်ပင်တားမြစ်ထားတာခုဆို တလကျော်ပြီ” - ဟု မိုင်းယောင်း ဒေသခံ စိုင်းနွမ်တိ က ပြောသည်။
နမ့်ပန်းမြို့နေ မိုင်းလားအရာရှိတဦးက မြန်မာအာဏာပိုင်များ ယခုကဲ့သို့ ကုန်စည်များ ပိတ်ပင်ထားရခြင်းအကြောင်းရင်းနားမလည်ကြောင်း၊ သို့သော်ထိုသို့ပိတ်ဆို့မှုကြောင့် ထိခိုက်မှုမရှိကြောင်း ပြောသည်။
“မိုင်းလားတပ်ဖွဲ့ကို ထိခိုက် နစ်နာစေတာ၊ အခက်အခဲ ကြုံတွေ့ စေတာ ဘာတခုမှ မရှိဘူး။ မိုင်းလားဒေသအတွင်းထွက်တဲ့ ဆန်နဲ့တခြားသီးနှံတွေဟာ ဒေသခံလူထုအတွက် လုံ လောက် တယ်။ တခြားလူသုံးကုန် တွေလဲ တရုတ်ဘက်က ၀င်လာတယ်လေ” - ဟု အဆိုပါ မည်မဖေါ်လိုသူ အရာရှိကပြောသည်။
“ဒီဘက်ကသာ ဟိုဘက်ကိုသွားခွင့်မပေးတာ။ ဟိုဘက် ဝင်လာတဲ့ကုန်တင်ကားကြီးတွေ ဝင်ခွင့် မပေးပေမယ့် ယာဉ်ငယ်တွေနဲ့ ကဲ့ယူနေကြတာဘဲ။ လူတွေကိုလဲ အရမ်းစစ်တယ်။ ဂိတ်တွေမှာ ဆိုင်ကယ်ပေးမစီးတော့ဘူး။ ဆင်းပြီးတော့ တွန်းရတယ်၊ မိုင်းလား မှတ်ပုံတင် ကိုင်တဲ့လူတွေကိုလဲ အရမ်းရစ်တယ်။ ထိုင်းဘက်က လာတယ်ဆိုပြီး ကျနော့် ယောက္ဖနဲ့ ကျနော့်အမကိုတယောက်ဘတ်ငွေ ၅၀၀၀ ညှစ်တယ်။ တာ့ပိန်းမှာညှစ်တာ” - ဟု ဒေသခံ စိုင်းနွဲ့ ကပြောသည်။
မြန်မာအစိုးရကမိုင်းလားတပ်ဖွဲ့အား ဖုန်ကြားရှင်းဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် ပတ် သက်ဆက်နွယ်ခြင်း၊ ဆက်သွယ်သတင်းပေးခြင်း၊ လူအားငွေအားအပြင် အခြားသော စစ် ရေး ထောက်ပံ့မှုများပေးနေသည်ဟု စွပ်စွဲထားသည်။
ဖေဖေါ်ဝါရီ ၉ ရက်နေ့ ကိုးကန့်တပ်ဖွဲ့နှင့်မြန်မာအစိုးရအကြားဖြစ်ပွားသော တိုက်ပွဲနောက် ပိုင်း မိုင်းလားတပ်ဖွဲ့နှင့် ယခုကဲ့သို့ ချုပ်ချယ်ကန့်သတ်မှုများ လုပ်လာခြင်း ဖြစ်သည်။ ထို့အတူ မတ်ခ်ျ ၄ ရက်နေ့ကလည်း မြန်မာအစိုးရတပ်မတော်မှ ၁၂၀ မမ လက်နက်ကြီးနှင့် သံချပ်ကာ ကားများ ကျိုင်းတုံ - မိုင်းလား နယ်ခြား တာ့ပင်းတံတားဂိတ် သို့ ချထားသည်။
ဆက်ဖတ်ရန်
တရုတ် နှစ်သစ်ကူးကာလ လားရှိုးမြို့၌ လောင်းကစား ဝိုင်းများ ပြိုင်ဖွင့်
တရုတ်နှစ်သစ်ကူးအား အကြောင်းပြကာ သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့၌ တရုတ် လုပ်ငန်းရှင်များက အာဏာပိုင်များထံ ကျပ်သိန်းချီ အခွန် ပေးဆောင်ကာ လောင်းစကားရုံ သုံးနေရာထက် မနည်း ဖွင့်သည် ဟု လားရှိုးမြို့ ပြည်သူ့စစ် အသိုင်းအဝိုင်းက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ဆင်ခြေဖုံး ဟူးမွန်ရွာ၊ ဝမ့်နား၊ ဟိုပိတ် ကျေးရွာ၌ ဂျန္နဝါရီ ၃၁ ရက်နေ့ မှ စ၍ လောင်းကစားဝိုင်းဖွင့်လာကြောင်း၊ လောင်းကစားဖွင့်လှစ်နိုင်ရန် ဒေါ်ရန်ကျောင်းမြေကွက်၌ ၅ ရက်အတွက်ကျပ် ၂၅ သိန်းပေးဆောင်ငှားရမ်းရကြောင်း၊ လောင်းကစားရန်အတွက် ဆိုင်ကယ် အပေါင်ရှုံးသည့် သားသည်မိခင်ဒေါ်အားဖန်ကပြောသည်။
လားရှိုးမြို့လောင်းကစားဝိုင်း
“ရပ်ကွက် ၄ က တရုတ်သူဌေးတဦးက ဒေါ်ရန်ကျောင်း မြေကွက်ကို လာငါးတာ။ ၂၅ သိန်းပေးရတယ်။ လောင်းကစားဝိုင်းက ၅ ရက်တည်းဖွင့်မှာ။ အများဆုံးလာလောင်းတာ တရုတ်၊ ဒုတိယ အများဆုံးက ဗမာ၊ တတိယ ကတော့ သျှမ်းလူမျိုးတွေပေါ့” - ဟုပြောသည်။
လောင်းကစားရှုံးသူများမှာ ကျပ်နှစ်သိန်းခန့်ပေးဝယ်ရသည့် ဆင်းမ်ဖုန်းကဒ်အား ၅ သောင်းဖြင့် လည်း ကောင်း၊ ကျပ် ၄ သိန်း အထိ ပေးဝယ်ရသည့် တရုတ်ဆိုင်ကယ်များအား ကျပ်တသိန်းခန့်ဖြင့် လည်း ကောင်း ပေါင်နှံ၍လောင်းကစားကြောင်း ဒေသခံများကပြောသည်။
“ဘာ့ကြောင့် သျှမ်းရွာတွေမှာ လာရွေးလုပ်တာလဲမသိဘူး။ ဟူးမွန်မှာ တရုတ်နှစ်သစ်ကူးတိုင်း လောင်း ကစားဝိုင်းလုပ်လာတာ သုံးနှစ်ရှိပြီ။ တခြားလူမျိုး ရိုးရာယဉ်ကျေးမှု ပွဲတွေတော့ လောင်းကစားဝိုင်း တွဲဖွင့်ဖို့ ခွင့်တောင်းရင်ဘယ်တော့မှ မရဘူး။ တရုတ်တွေကတော့ တောင်းတိုင်း ရတယ်” ဟု မန်ဆူရပ်မိ ဒေါ်နန်းစိန် ပြောသည်။
၂၀၁၁ သမ္မတရာထူးအား ဦးသိန်းစိန် စတင်လက်ခံစဉ် ဆင်းရဲမွဲတေမှု ပပျောက်ရေးဟုဆိုကာ လောင်း ကစားဝိုင်းများ ပိတ်ရန် အမိန့်ထုတ်ခဲ့ဖူးသည်။ ဌာနဆိုင်ရာများကလည်း လောင်းကစား မလုပ်ရန် နံရံကပ်စာစောင်များကပ်၍ တားမြစ်ခဲ့သည်။ သို့သော် လောင်းကစားဝိုင်းများ ပပျောက်သွား ခြင်း မရှိပေ။
ဆက်ဖတ်ရန်
သျှေမ်းပြည်မှ တာမလန်းသစ် တတောလုံးကုန်၊ စည်းရိုးတိုင် တဲတိုင်ပါမကျန် အဝယ်လိုက်
တရုတ် စီးပွားရေး လုပ်ငန်းရှင်များ အဝယ် လိုက်မှုကြောင့် သျှမ်းပြည် တာမလန်းသစ်များ တောလုံးကျွတ် ကုန်ကာ ကျေးလက် တောရွာရှိ ခြံစည်းရိုးတိုင်၊ လယ်ယာ အတွင်းရှိ တဲတိုင်၊ အိမ်တိုင်ဟောင်း များပါမကျန် အဝယ် လိုက်နေကြောင်း - ဒေသခံများကပြောသည်။
တာမလန်းသစ် (သျှမ်းအခေါ် မိုက်မောက်ဆွမ်) မှာ သျှမ်းပြည်တောတွင်း၌ အထူးရှားပါးလာကြောင်း၊ တာမလန်းသစ် တတန် (ပိဿာချိန် ၆၅၀ ခန့်) လျှင် ဒေသနှင့် ဈေးကွက်အလိုက် ကျပ် ၄ သိန်းမှ ၈ သိန်းခွဲအထိ ပေါက်ဈေးရှိကြောင်း၊ အလုပ်အကိုင်မဲ့ ရွာသားများက အဆိုပါသစ်များ လိုက်လံရှာဖွေကာ တဆင့်ပွဲစားများထံရောင်းချကြောင်း ဒေသခံများက ပြောသည်။
တရုတ်လောပန်းထံရောင်းချမည့် တာမလန်းခြံစည်းရိုးတိုင်ဟောင်းများ
“တာမလန်းသစ် အဝယ်လိုက်နေတာ ၁၀ နှစ်ကျော်နေပြီ။ အခုက သစ်တွေတအားရှားလာလို့ ရှာရ ခက်ပြီး နာမည်ပိုကြီး လာတာ။ တရုတ်လောပန်းတွေက စဉ့်အိုင်၊ နောင်မွန်၊ နောင်ကွိုင်း၊ ကုန်းပေါဝ်း၊ နမ့်မ တောပိုင်းဘက်ဆို ခြံစည်းရိုးတိုင်တွေ၊ လယ်ယာ တဲတိုင်တွေပါ ဝယ်လိုက်နေတယ်။ တာမလန်း သစ်ဆို လုံးပတ် ကြီးကြီးသေးသေး အကုန်ဝယ်တာဘဲ” - ဟု လားရှိုးမြို့ခံ (ဦး)လုံးခမ်းဆိုင် ကပြော သည်။
ထို့အတူ နမ့်ခမ်းဒေသခံတဦးကလည်း လုံးပတ် ၁ ပေခန့် ၊ အရှည် ၁၀ ပေ ခန့်ရှိ တာမလန်းသစ်တလုံးလျှင် ရွှေလီ၊ ဂျယ်ဂေါင်တဘက်ကမ်း၌ ကျပ်ငွေ ၁၀ သိန်းထက်မနည်း ရောင်းရကြောင်း ပြောသည်။
ခိုလမ်ဒေသခံ စိုင်းလီကလည်း ခိုလမ်မြို့နယ်ခွဲ တောရွာပိုင်း၌ တာမလန်းသစ် တစ်ပင်ရှာတွေ့လျှင် တရက်တည်းဖြင့် ထွက်ခြေကိုက်ကာ ဝင်ငွေ သိန်းဂဏန်းရသည်ဟု ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူစယ်၊ မန်တုံ၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ နမ္မတူ၊ သီပေါ၊ မိုင်းရယ်၊ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင် ကျေးသီး မိုင်းရှူး ကွန်ဟိန်း နမ့်ဇန် မြို့နယ်အတွင်း၌ တာမလန်း သစ်များ အဝယ်လိုက်မှုကြောင့် အထူးရှားပါးလာနေသည်ဟုလည်း ကျားဖြူပါတီ ဝင် နန်းဆိုင် ကပြောသည်။
၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သျှမ်းပြည်၌ သစ်မာ တန်ချိန် တသိန်းခွဲထွက်ကြောင်း၊ လက်ရှိတွင် ပြည်ထောင်စုအစိုးရသာ ချုပ်ကိုင်ထားကြောင်း၊ မြေပေါ် မြေအောက် သယံဇာတများမှ ရသည့် အခွန်အခ ၅၀ ရာခိုင်နှုန်းအား သျှမ်းပြည်အစိုးရထံခွဲဝေပေးရန် တင်ပြထားကြောင်း သျှမ်းပြည်နယ် အစိုးရ သစ်တော နှင့် သတ္တုတွင်းဝန်ကြီး စိုင်းအိုက်ပေါင်းက ပြောပါသည်။
ဆက်ဖတ်ရန်
တရုတ်-ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ရေး မြန်မာအဆင်သင့်မဖြစ်သေး
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်စည်ပြပွဲ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြုလုပ်ကျင်းပသော ထိုင်း-မြန်မာ ချစ်ကြည်ရေးကုန်စည်ပြပွဲမှ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရေးအတွက်ဆွေးနွေးရာတွင် မြန်မာဘက်မှ သဘောတူညီမှုမရှိသေး ကြောင်း ကျိုင်းတုံဒေသခံများကပြောသည်။
“ ကုန်စည်ပြပွဲနဲ့အတူ နှစ်ဘက်နိုင်ငံက အကြီးအကဲတွေ ဆွေးနွေးပါတယ်။ ချင်းမိုင်- ကျိုင်းတုံ-ဆစ်ဆောင်ပန်းနား(ကျိုင်းဟုန့် / တရုတ်နိုင်ငံ ယူနန်ပြည်နယ်) အထိ ကုန်သွယ်ရေးလမ်းဖွင့်ဖို့ပေါ့။ ဒေသခံတချို့က ကောင်းတယ်လို့ ပြောပြတယ်။ ဒေသတွင်းလူထု အလုပ်အကိုင်ပေါမှာလေ။ မြန်မာ အာဏာပိုင်ဘက်ကတော့ သဘောမတူသေးဘူးလို့ကြားသိရပါတယ်။ ဒါကြောင့်လက်မှတ် မထိုးရသေး ပါဘူး” ဟု ပွဲသို့သွားရောက်လေ့လာခဲ့သည့် ကျိုင်းတုံမြို့သား စိုင်းလူတစ်က ပြောဆိုပါသည်။
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်စည်ပြပွဲ
မြန်မာဘက်မှ လမ်းပန်းဆက်သွယ်ရေးမကောင်းသေးဟုဆိုကာ နေပြည်တော်အဆင့်ထပ်မံ ဆွေးနွေးလက်မှတ်ရေးထိုးကြရန် သဘောတူခဲ့ကြကြောင်း စစ်တိုင်းမှူးနှင့်နီးစပ်သည့် အသက် ၅၀ အရွယ် ကျိုင်းတုံသား စိုင်းနန်ယီ့က သျှမ်းသံတော်ဆင့်အားပြောပြပါသည်။
“ ပွဲစ တဲ့ ၂၁ ရက် မှာချင်းမိုင်က ခရိုင်ဝန်ကိုယ်တိုင်တက်ရောက်တယ်။ ကျနော်တို့ဘက်က စစ်တိုင်းမှူး နဲ့အဖွဲ့ပေါ့။ သိပ်မစည်ဘူးဘဲ။ လူသိ သိပ်မများလို့ထင်တယ်” ဟု အဆိုပါအမျိုးသားကပြောသည်။
ကုန်စည်ပြပွဲ ဖွင့်ပွဲကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၂၁ မှ ၂၃ ရက်အထိ ကုန်စည်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျိုင်းတုံမှာက မြို့တော်ခန်းမ မှာလုပ်တာပါ။ ထိုင်းဘက်က ချင်းမိုင်မြို့ရဲ့ ရိုးရာအထည်တွေ လာ ရောင်းတယ်။ ငွေထည် ယွန်းထည်တွေအပြင် အဝတ်အထည် ပိုးထည်တွေပေါ့ ။ ဈေးကြီးတော့ သိပ်မဝယ်ကြဘူး ။ အလှကုန် ၂ မျိုး ၃ မျိုးလဲပါတယ်။ နေ့ခင်းပိုင်းမှာ လာလည်တဲ့လူ နည်းတယ် ညဘက်မှာဘဲ လာလည်ကြတယ်” ကုန်စည်ပြပွဲသို့သွားရောက်ကြည့်ရှုခဲ့သူ စိုင်းခမ်းက ပြောပါသည်။
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး ကုန်စည်ပြပွဲ
နှစ်နိုင်ငံချစ်ကြည်ရေး ကုန်စည်ပြပွဲတွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့တော် ချင်းမိုင် မြို့တို့ ရှေး စော်ဘွားခေတ်ကတည်းက အဆက်အသွယ်ရှိခဲ့ပုံ၊ ကူးလူးဆက်ဆံပုံ သမိုင်းအကျဉ်းကိုပါ ရေးသားပြသထားကြောင်းလည်း သိရပါသည်။
ဆက်ဖတ်ရန်
Oversea နှင့် နယ်စပ်ကုန်သည်များအကြား အခွန်ကောက်ခံမှုတန်းတူမရှိ
မြန်မာနိုင်ငံ စီးပွားကူးသန်း ၀န်ကြီးဋ္ဌာနက နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ ကြိုတင်အမြတ်ခွန်ငွေ ကောက်ခံ နေသော်လည်း Oversea ကုန်သည်များအပေါ် ကင်းလွတ်ခွင့်ပြုထားရာ နယ်စပ်နှင့် Oversea ကုန်သည်များ အကြား အခွန်ကောက်ခံရာတွင် တန်းတူမှု မရှိကြောင်း သိရသည် ။
ယခုလဆန်းပိုင်းက စ၍ ကြိုတင်အမြတ်ခွန်ငွေအဖြစ် ကုန်သွယ်ခွန်၏ ၂ ရာခိုင်နှုန်းကို နယ်စပ်ကုန်သွယ်ရေး စခန်း အသီး သီးတွင် ကောက်ခံနေရာ Oversea သမားများနှင့် နှိုင်းယှဉ်ပါက အခွန် တစ်ဒေါ်လာပေးဆောင်တိုင်း နယ်စပ်ကုန်သည်များ က ကျပ်ငွေ ၂၀ ခန့် ဆုံးရှုံးနေကြောင်း မန္တလေးမြို့ခံ ကုန်သည်ကြီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ကြိုတင်အမြတ်ခွန်ပေါ့ နယ်စပ်စခန်းအသီးသီးမှာ ကောက်နေတယ်။ တမူးဘက်မှာတော့ ၅ လပိုင်းက စကောက်တယ်။ မြဝတီမှာ ဒီလ ၂ ရက်နေ့ မူစယ်ကျတော့ ဒီလ ရ ရက်နေ့က စကောက်တယ်။ ဘာပစ္စည်းဖြစ်ဖြစ် နယ်စပ်မှာ သွင်းနေ ထုတ်နေတဲ့ ကုန်အားလုံးအပေါ်မှာ ၂ ပါဆင့်ကောက်တာပေါ့။ အခွန်က ဒေါ်လာလဲနှုန်း လက်ရှိ ပေါက်ဈေးနဲ့ ဆောင်ရတာ ဆိုတော့ တစ်ဒေါ်လာကို ၁၉ ကျပ် ကျော်ကျော်လောက် နစ်နာနေတာပေါ့ ” ဟု သူက ပြောသည် ။
Oversea လမ်းမှတဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ၀င်ရောက်လာသည့် ကုန်များအပေါ် အဆိုပါအခွန် ကောက်ခံခြင်း မရှိသည့် အပေါ် ဆက်ပြောရာတွင် “oversea မှာကျတော့ ဒါကမရှိဘူး။ ရန်ကုန်ဆိပ် ကမ်းကနေ သွင်းကုန်၊ထုတ်ကုန်တွေ ကျတော့ ကြိုတင်အမြတ်ခွန်ဆောင် စရာမလိုဘူး။ ကုန်သွယ်ရေးက မညီမျှသလိုဖြစ်နေတယ်။ ကြိုတင်အမြတ်ခွန် ဆိုတာ ကလည်း မရောင်းရသေးတဲ့ ကုန်အပေါ်မှာ အမြတ်ခွန်ကောက်သလို ဖြစ်နေတယ်။ ဒါကြောင့် တချို့ အဆက်အသွယ် ကောင်းတဲ့ သူတွေကတော့ နယ်စပ်ကကုန်ကို နယ်စပ်စခန်းတွေမှာ အခွန်မဆောင်တော့ပဲ ရန်ကုန်မှာပဲသွားဆောင်ကြတယ် ” ဟု ဆို သည် ။
အဆိုပါ ကြိုတင်အမြတ်ခွန်ငွေအပြင် နယ်စပ်ကုန်သည်များက ဘဏ်ဆောင်ရွက်ခ ( payment order ) အဖြစ် ကာစတန် ဂျူတီခွန်၏ ၂ ရာခိုင်နှုန်းကိုပါ ထပ်မံ ပေးဆောင်ရသေးကြောင်း သိရသည် ။
ဆက်ဖတ်ရန်
သတ်မှတ်ငွေမသွင်းသည့် တရုတ်ကုန်သည်များ နေပြည်တော်ကျောက်မျက်ပြပွဲသို့ ၀င်ခွင့်မရ
နေပြည်တော်တွင် ယခုလ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၃ ရက်ကြာ ကျင်းပနေသည့် ကျောက်မျက်ပြပွဲသို့ ၀င်ရောက် ကြည့်ရှုမည့် ကုန်သည်များအား ကြိုတင်ငွေပေးသွင်းရန် သတ်မှတ်ထားရာ အဆိုပါငွေမပေးသွင်းသော နိုင်ငံခြားသား ကုန်သည်များ ကျောက်မျက်ပြပွဲသို့ ၀င်ရောက်ခွင့်မရရှိကြောင်း သိရသည်။
နေပြည်တော်တွင် ကျောက်မျက်လေလံပွဲ ကျင်းပနေစဉ် ဓါတ်ပုံများ
နိုင်ငံခြားသား ကုန်သည်တစ်ဦး ယူရိုငွေ ၅ သောင်းနှုန်းနှင့် မြန်မာနိုင်ငံသားတစ်ဦး ယူရိုငွေ ၂ သောင်းနှုန်းကို ယခုလ ၁၁ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရန် သတ်မှတ်ထားခြင်း ဖြစ်ပြီး နောက်ကျရောက်ရှိလာသည့် တရုတ် ကျောက်ကုန်သည် အများစု ၀င်ခွင့်မရ ရှိကြောင်း နေပြည်တော်ကျောက်မျက်ပွဲ တက်ရောက်နေသည့် ကျောက်စိမ်း ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကျောက်ပြပွဲတက်မဲ့ကုန်သည်တွေကို ဒီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင်ငွေသွင်းခိုင်းတယ်၊ နိုင်ငံခြားသား တစ်ဦးကို ယူရို ၅ သောင်း ၊ မြန်မာနိုင်ငံသားက ယူရို ၂ သောင်းပေါ့၊ အဲဒီအထဲကနေပဲ ပြပွဲအစအဆုံး ၀င်ကြည့်ခကြေးက နိုင်ငံခြားသားက ယူရို ၁၀၀ ၊ နိုင်ငံသားက ကျပ် ၆ သောင်းပြန်ဖြတ်တာပေါ့ တရုတ်တော်တော်များများက ခါတိုင်းလို ထင်ပြီး ငွေမသွင်းတာရှိတယ်၊ တချို့ကလည်း နောက်ကျမှရောက်လာတယ်၊ သူတို့ကျတော့ ၀င်ခွင့်မရတော့ဘူး။ အားလုံးဆို တရုတ် လူမျိုး ၁၀၀ ကျော်လောက် လှည့်ပြန်သွားရတယ် ” ဟု ဆိုသည် ။
ကျောက်မျက်ပြပွဲတွင် တစ်ရက်လျှင် ကျောက်စိမ်းလေလံအတွဲ ၁၈၀၀ ထုတ်ပြပြီး လေလံအောင်သည့် စာရင်းကို နေ့စဉ် နံနက် ၉ နာရီတွင် ကြေငြာကြောင်း သူက ဆက်ပြောသည်။
“တစ်ရက်ကို အတွဲ ၁၈၀၀ နှုန်း လေလံတင်တာပေါ့ နောက်တစ်ရက်ဆိုရင် အတွဲ ၃၆၀၀ ဖြစ်သွားမယ်၊ အားလုံး ကျောက်စိမ်းအတွဲက ၁၀၀၀၁ တွဲတင်မယ်၊ လေလံအောင်တဲ့စာရင်းကိုတော့ မနက် ၉ နာရီမှာ ကြေငြာတယ်” ဟု ဆိုသည်။
အဆိုပါ ကျောက်မျက်ပြပွဲသို့ တရုတ်ကုန်သည်အများစု တက်ရောက်နေပြီး မွတ်ဆလင်လူမျိုးကုန်သည်များ လာရောက်သူ မရှိသလောက်နည်းကြောင်း၊ ယခင်က လေလံအောင်သော်လည်း လေလံဆွဲသူများဘက်မှ ကျောက်များ လာရောက် မထုတ်ယူသဖြင့် ယခုကဲ့သို့ ကြိုတင်ငွေ ပေးသွင်းရန် စည်းကမ်းချက်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်ဖတ်ရန်
ကူမင်းမြို့ကုန်စည်ပြပွဲအပေါ်မြန်မာကုန်သည်များ အားရမှုရှိ
ကူမင်းမြို့ ကုန်စည်ပြပွဲ
ပထမအကြိမ်မြောက်တရုတ်နှင့်တောင်အာရှနိုင်ငံများကုန်စည်ပြပွဲနှင့် (၂၁) ကြိမ်မြောက်တရုတ်နိုင်ငံ သွင်းကုန်ထုတ်ကုန်ပြပွဲကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့၌ယခုလ၆ရက်နေ့မှ၁၀ရက်နေ့ အထိ၅ရက်တာပြသနေရာအဆိုပါပြပွဲသို့မြန်မာကုန်သည်များတက်ရောက်၍မြန်မာ့ထွက်ကုန်များကိုပြသရောင်း ချနေကြောင်းသိရသည်။
ယခုနှစ်ပြပွဲသည်ယခင်နှစ်များထက်လူပိုစည်ကားပြီးအရောင်းအဝယ်များကောင်းမွန်သဖြင့်အားရကျေနပ် မှုရှိကြော င်းအဆိုပါပြပွဲတက်ရောက်သည့်မြန်မာကုန်သည်များကသျှမ်းသံတော်ဆင့်သို့ပြောကြားသည်။
“လူတိုးမပေါက်လောက်အောင်ကိုစည်ပါတယ်။ အခုလိုမတွေ့ရတာကျနော်တို့၁၀နှစ်လောက်ရှိပါပြီ။ ဒီနှစ်ထူးခြားတာကတောင်အာရှနိုင်ငံတွေပါလာတယ်အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်တွေပါတယ်။ သူတို့ကပြခန်းကြီးတစ်ခုနဲ့ဆိုတော့တော်တော့်ကိုစည်ပါတယ်။ အရောင်းအဝယ်တွေအခြေအနေက လည်းအများအားဖြင့်ကောင်းကြပါတယ် ” ဟုကျောက်စိမ်းပန်းချီလက်မှုပစ္စည်းများပြသနေသည့်မြန်မာ ကုန်သည်တစ်ဦးကဆိုသည်။
မြန်မာပြည်ဘက်မှမူစယ် -နမ့်ခမ်းနယ်စပ်ကုန်သည်များအသင်း၊ တရုတ်နယ်စပ်ကျောက်စိမ်းကုန်သည်များ နှင့်ရန်ကုန်၊ မန္တလေးမြို့မှကုန်သည်များလာရောက်ကြပြီးပြခန်းအနေဖြင့်၃၀ခန့်ခင်းကျင်းပြသကြောင်းသိရသည်။
မြန်မာဘက်မှပြသသည့်ကုန်များမှာရာသီပေါ်သစ်သီးဝလံများ၊ သစ်အချောထည်နှင့်ပရိဘောဂပစ္စည်းများ၊ လယ်ယာထွက်ကုန်များနှင့်ကျောက်စိမ်းအချောထည်များပြသကြောင်းမြန်မာကျောက်ကုန်သည်ကြီးဦးသန်း ထွန်း ကပြောသည်။
“ဒီပြပွဲကိုနိုင်ငံတကာကလည်းလာကြတာပေါ့နော်။ အများဆုံးတွေ့ရတာတော့အာဖရိကနိုင်ငံတွေ၊ အရှေ့တောင် အာရှနဲ့တောင်အာရှနိုင်ငံတွေမြန်မာနိုင်ငံအနေနဲ့ကတော့သစ်သီးဝလံတွေ၊လယ်ယာထွက်ကုန်တွေ၊ကျောက် စိမ်း တွေကျောက်စိမ်းနဲ့လုပ်ထားတဲ့အချောထည်တွေ၊သစ်အချောထည်တွေပါတယ်။ လူတွေကတော့ကျိတ်ကျိတ် တိုးနေတာပေါ့ဆိုင်တိုင်းလိုလိုပဲ။ ဒါပေမဲ့ဘယ်လောက်ရောင်းရတယ်ဆိုတာတော့အတိအကျတော့မသိရဘူး ပေါ့နော်။ အရောင်းအဝယ်ကတော့ချက်ခြင်းငွေချေစနစ်ပေါ့။ တန်ဖိုးများတာတွေကတော့ဘဏ်ကဒ်တွေနဲ့တစ်ခါ တည်းငွေလွဲတာပေါ့ ” ဟုသူကဆိုသည်။
၎င်းကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့တရုတ်သမ္မတရှင်ကျင်းဖိန်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးမြန်မာပြည်ဘက် မှလည်းကုန်သွယ်ရေးဝန်ကြီးများတက်ရောက်ကာယခုပြပွဲကိုယနေ့ညနေတရုတ်စံတော်ချိန်၅နာရီခွဲတွင်ပိတ် သိမ်းမည် ဖြစ်ကြောင်းသိရသည်။
ဆက်ဖတ်ရန်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ မရှိသေးချိန် နိုင်ငံခြားသားများမှ ရင်းနှီးမြှုပ်နှံမှု မပြုသင့် ECDF ပြော
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ မရှိသေးချိန် ရင်းနှီးမြှုပ်နှံမှု မပြုသင့်သေးကြောင်း Ethnic Community Development Forum ECDF အဖွဲ့ကပြောဆိုလိုက်ပါသည်။
ရွှေဂက်စ် သတင်းစာရှင်းလင်းပွဲ
မေလ ၁၆ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကျင်းပသော “ အရင်းအမြစ်စီမံခန့်ခွဲမှု အနိမ့်ဆုံးအဆင့် ရှိနေတဲ့ မြန်မာနိုင်ငံ ” ဟူသည့် သတင်းစာရှင်းလင်းပွဲ၌ ECDF အထွေထွေအတွင်းရေးမှူး စိုင်းခေးဆိုင်က သျှမ်းသံတော် ဆင့်အားပြောသည်။
“ ရင်းနှီးမြှုပ်နှံမှုတခုကြောင့် ဘယ်သူက အကျိုးအမြတ် ဘယ်လိုခံစားရမယ်။ ဆိုးကျိုးတွေက ဘာတွေရှိမယ်၊ ထိခိုကနစ်နာမှုရှိလာရင် ဘယ်သူကတာဝန်ယူမလဲ အစရှိတဲ့ ပွင့်လင်းမြင်သာမှုမရှိဘူး။ ပွင့်လင်းမြင်သာမှုမရှိသေးခင် နိုင်ငံခြားလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံထဲဝင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တာ မသင့်သေးဘူး” ဟု စိုင်းခေးဆိုင်ကပြောသည်။
အဓိကအကျဆုံးဖြစ်သော ရင်းနှီးမြှုပ်နှံမှုဥပဒေ မရှိသေးသဖြင့် ပို၍ပင် ရင်းနှီးမြှုပ်နှံမှုမပြုသင့်ကြောင်း ၎င်းကပြောသည်။
ထို့ကြောင့် ဥပဒေများ ပြင်ဆင်ဖြည့်စွက်နိုင်ရန်အတွက် ဖြစ်ပေါ်နေသောနိုင်ငံရေးပြဿနာများကို အစိုးရက ဦးစွာ ဖြေရှင်း သင့်ကြောင်း စိုင်းခေးဆိုင်က ထောက်ပြပြောဆိုသည်။
“ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ မြေပေါ်မြေအောက်သယံဇာတတွေကို အစိုးရပိုင်တယ်လို့ဖော်ပြထားတယ်။ ဒီတော့ သယံဇာတတွေ ဖော်ထုတ်မယ့် ရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေလိုအပ်တယ်။ လူထုအတွက် ပိုင်ဆိုင်မှုအခွင့်အရေးကိုလည်းပေးထားရမယ်။ နောက်တခုအရေးကြီးဆုံး သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလဲ အပြည့်အ၀ ပေးထားတာဖြစ်သင့်တယ်လေ။ လူမှုအသင်း အဖွဲ့တွေကိုပါ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရမယ်။ ဒါမှ ပွင့်လင်းမြင်သာမှုရှိ လာမယ်” ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သယံဇာတ အထွက်များဆုံး ၅၈ နိုင်ငံအနက် တနိုင်ငံအဖြစ်ပါရှိပြီး သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုမှာမူ အနိမ့်ဆုံးအဆင့်ဖြစ်သော အဆင့် ၅၈ တွင် ရှိနေသေးကြောင်း ၊ ထိုကဲ့သို့ ပွင့်လင်းမြင်သာမှုရှိသော စီမံခန့် ခွဲမှု မရှိသေးသရွေ့ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ်ရန်အချိန်စောနေသေးကြောင်း ရွှေဂက်စ်လှုပ်ရှား မှုမှ ထုတ်ပြန်သော ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။
ထိုသို့ စီမံခန့်ခွဲမှု ညွှန်းကိန်းအနိမ့်ဆုံးအဆင့်မှ ပြန်လည်မြှင့်တင့်နိုင်ရန်အတွက် နိုင်ငံရေးနှင့်တိုက်ရိုက် ဆက်စပ်နေ သော ကြောင့် နိုင်ငံရေးဆွေးနွေးရေးမှာလည်း အရေးပါဆုံးကဏ္ဍတခုဖြစ်နေကြောင်း ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ခေါင်း ဆောင်ဖြစ် သည် ကိုဝင်းအောင်က ပြောဆိုလိုက်ပါသည်။
ဆက်ဖတ်ရန်
လွယ်ဂျယ် - ဗန်းမော်လမ်း တရုတ်ကုန်တင်သွင်းမှု ကျဆင်း
တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မူစယ် - မန္တလေးလမ်းတွင် မိုဘိုင်း အဖွဲ့များက တရုတ် နယ်စပ်မှ တင်သွင်းသည့် ကုန်စည်များအပေါ် ဂျူတီခွန် ဆောင်ခိုင်းလျှက်ရှိရာ အကျိုးဆက် အနေဖြင့် ဗန်းမော် - လွယ်ဂျယ်လမ်းမှ တဆင့် တရုတ်ကုန်တင်သွင်းမှု ကျဆင်းလာကြောင်း သိရသည် ။
နယ်စပ်လွယ်ဂျယ်မှ သယ်လာသည့် တရုတ်ကုန်များ ဗန်းမော်မှ မန္တလေးသို့ တဆင့် ပြန်သယ်ရာတွင် ဂျူတီဆောင်ခိုင်း သည့် အကျိုးဆက်ကြောင့် ကုန်သည်များ အခက်အခဲ ဖြစ်လာကာ တရုတ်ကုန်တင်သွင်းမှု ကျဆင်းလာခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ခံ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“အခု လွယ်ဂျယ် - ဗန်းမော်လမ်းမှာ ဘာကုန်မှမဆင်းဘူး ၊ မဆင်းသလောက်ပဲပေါ့ ၊ မူစယ် - မန္တလေးလမ်းဘက်မှာ မို ဘိုင်းတွေ တအားဖမ်းလို့ မိုဘိုင်းက မန္တလေးမှာရှိတဲ့အခါကျတော့ ဗန်းမော်ကနေ မန္တလေးပြန်သယ်တဲ့အခါ အဖမ်းခံရ တယ်လေ။ ဒီကနေ ကုန်သည်နဲ့ ကာစတန်နဲ့ပေါင်းပြီး ဂျူတီလိမ်တင်တဲ့ကိစ္စတွေရှိတယ်။ အဲဒါကြောင့် မန္တလေးသယ်ဖို့ခက် တယ် ” ဟု ၄င်းကုန်သည်က ပြောသည် ။
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းတွင် လွယ်ဂျယ် - ဗန်းမော်လမ်းသည် ဒုတိယအကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်း တစ်ခု ဖြစ်သည် ။
အဆိုပါလမ်းမှတဆင့် ပုံမှန်အားဖြင့် တရုတ်ဘက်မှ အသီးအနှံ ၊ အထည်အလိပ် ၊ လျှပ်စစ်ပစ္စည်း ၊ ဆိုင်ကယ် ထော်လာဂျီ နှင့် စက်အပိုပစ္စည်း ၊ လူသုံးအိမ်သုံးပစ္စည်း အမြောက်အများ တင်သွင်းနေသော်လည်း ယခုအခါ အသီးအနှံနှင့် လူသုံး အိမ်သုံးပစ္စည်း တချို့ တင်သွင်းမှုသာရှိတော့ကြောင်း သိရသည် ။
အထူးသဖြင့် မြန်မာပြည်မှ တရုတ်ဘက်သို့ တရားမဝင် သစ်များ တင်သွင်းနေကြောင်း သိရသည် ။
ဆက်ဖတ်ရန်
၁၂ ကြိမ်မြောက် တရုတ် - မြန်မာ ကုန်စည်ပြပွဲ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည်
၁၂ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်၌ လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က တွေ့ရသော တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ
နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် တရုတ်ဘက်ခြမ်း ကျယ်ဂေါင်(ဝ်) မြို့နှင့် မြန်မာဘက်ခြမ်း မူစယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် နေရာများတွင် နှစ်စဉ် တစ်လှည့်စီ ကျင်းပလာခြင်း ဖြစ်သည် ။
ယခုနှစ် ခင်းကျင်းပြသမည့် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် မြန်မာကုန်သည် များအတွက် ငှားရမ်းခ ကျပ်တစ်သိန်း ခွဲနှင့် တရုတ်ကုန်သည်များအတွက် ယွမ်ငွေ ၁၅၀၀ ဖြစ်ကြောင်း မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကုန် သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
“ကုန်သည်တွေငှားဖို့အတွက်လေ ၂၄၄ ခန်းပေါ့။ ဒီ ၂၄၄ ခန်းက ပစ္စည်း ပြခန်းတွေပေါ့နော်။ ခေါင်းလျှော်ရည်တို့ ကော်ဖီမစ် ထုတ်တို့ ပြတဲ့အခန်းတွေပေါ့ ။ နောက်ခေါက်ဆွဲတို့ ဘီယာဆိုင်တို့လို စားသောက်ကုန်တွေ ရောင်းဖို့အတွက်က အခန်းပေါင်း ၁၃၆ ခန်းရှိတယ်။ အားလုံးဆို အခန်းက ၄၀၀ ရှိတာပေါ့နော် ” ဟု သူက ပြောသည်။
အဆိုပါ ဆိုင်ခန်းပေါင်း ၄၀၀ အနက် ၂၄၄ ခန်းမှာ ၁၀ ပေပတ်လည် အခန်းများဖြစ်ပြီး ၁၃၆ ခန်းမှာ အလျား ပေ ၂၀ x အနံ ၁၀ ပေ ပတ်လည် အခန်းများ ဖြစ်ကြောင်း သိရသည်။
နှစ်စဉ် ကျင်းပနေသော အဆိုပါ ကုန်စည်ပြပွဲများတွင် မြန်မာဘက်မှ ပဲမျိုးစုံ ၊ ရာဘာ ၊ စားသောက်ကုန် ၊ လက်မှု အနု ပညာ ပစ္စည်း ၊ ပရိဘောဂ၊ ရေထွက် ပစ္စည်းများနှင့် တိုင်းရင်းဆေးများ ၊ တရုတ်ဘက်မှ စက်မှုထုတ်ကုန်များ အဝတ် အထည်များ ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံးအိမ်သုံးပစ္စည်း အမျိုးအမည် များစွာခင်းကျင်းပြသလေ့ရှိကြောင်း သိရသည်။
ယခုနှစ်တွင် တရုတ်ဘက်ခြမ်း နေထိုင်သည့် မြန်မာကျောက်ကုန်သည်တချို့ ကျောက်စိမ်းလက်မှု အနုပညာပစ္စည်းများ ခင်းကျင်းပြ သမည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မူစယ် - မန္တလေးလမ်း လက်ရှိ ကုန်စည် စီးဆင်းမှုမှာ ကျဆင်း နေပြီး မြန်မာဘက်မှ ဖရဲ ၊ ပြောင်း နှင့်ဆန်များ တ ရုတ် ဘက်သို့ အဓိက တင်သွင်းနေ၏။ တရုတ် ဘက်မှ အဝတ်အထည်၊ လူသုံး အိမ်သုံးပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ မြန်မာဘက်သို့ တင်သွင်းနေကြောင်း သိရသည်။
ဆက်ဖတ်ရန်
အခွန်မဲ့ တရုတ်ပစ္စည်း အဆင့် ၃ ဆင့် စီမံချက်ချ နှိမ်နင်း ၊ ကုန်သည်ငယ်များ ထိခိုက်
တရုတ် - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် မူစယ် - မန္တလေးလမ်းမှတဆင့် ပြည်တွင်းသို့ အခွန်မဆောင် ပဲ တင်သွင်းနေသော တရုတ်ကုန်ပစ္စည်းများကို အဆင့် ၃ ဆင့် ချမှတ်၍ နှိမ်နင်း နေကြောင်း ကုန်သည် အ သိုင်းအဝိုင်း အဆိုအရသိရသည်။
မူစယ် - မန္တလေးလမ်းမှ တရုတ်ကုန်ပစ္စည်းတင်ကားကြီး ပထမအဆင့်အနေဖြင့် သတိပေးခြင်းကို အောက်တိုဘာလအတွင်းက ဆောင်ရွက်ခဲ့ပြီး ယခုလဆန်းပိုင်းမှ စ၍ သတ်မှတ် အခွန်ထက် ၃ ဆ ပိုဆောင်ခိုင်းသည့် ဒုတိယအဆင့် အရေးယူမှု စတင်နေကြောင်း သိရသည် ။
လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နောက်ဆုံးအဆင့် စတင်မည်ဖြစ်ပြီး ၄င်းအဆင့်တွင် ကုန်ပစ္စည်း ၊ သယ်ယူသည့်ယာဉ် နှင့် ပစ္စည်းပိုင်ရှင် အား ဖမ်းဆီးအရေးယူမည်ဟု ဆိုသည် ။
“ကာစတန် ၊ နကသ စတဲ့ ၀န်ထမ်းစုံပါတဲ့ မိုဘိုင်းအဖွဲ့ဖွဲ့ထားတယ်။ ဒီအဖွဲ့ကို ၅ ရက်တစ်ကြိမ်ချိန်းတယ်။ အခု ဒီအဖွဲ့ ဖမ်းမိ တဲ့ ပစ္စည်းတွေကို မူစယ် - ကျယ်ဂေါင် မန်ဝိန်းပေါက်က ကုန်သွယ်လယ်ယာ ဂိုဒေါင်မှာ လာချခိုင်းတယ်။ ပစ္စည်းတစ်ခုကို ဂျူတီဈေးက ငွေတစ်သောင်း ပေါက် တယ်ဆိုရင် ၃ သောင်းအထိ တောင်း နေတာပေါ့ ” ဟု အမည်မဖေါ်လိုသူ ကုန်သည် တစ်ဦးက ဆိုသည်။
လက်ရှိ အရေးယူမှုများအတွင်း မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေးဂိတ်မှ တရားဝင်လွှတ် ပေးသည့် ပစ္စည်းများပါ အရေးယူခံ နေရကြောင်း သိရသည်။
“၁၀၅ မိုင်ဂိတ်ကနေလွှတ်လိုက်ရင် မန္တလေးအဝင် ၁၆ မိုင်အထိ သူတို့စစ်ချင်တဲ့နေရာမှာ စစ်မှာပဲ ။ တွေ့တဲ့ နေရာကနေ မူစယ်အထိ ကားပြန် လှည့်ရမယ်။ လောလောဆယ်တော့ နမ့်ဖတ်ကာကနေ ပြန်လှည့်ရတဲ့ ကားတွေတော့ရှိတယ်။ ၁၀၅ မိုင် ကနေတရားဝင်လွှတ်ပေးတဲ့ပစ္စည်း တွေကိုပါ အရေးယူနေတာ ” - ဟု သူက ဆိုသည်။
အဆိုပါ အရေးယူမှုကြောင့် ကုန်သည်ငယ်များ၊ တစ်နိုင်တစ်ဆွဲသမားများနှင့် လက်လုပ်လက်စား ကယ်ရီ သမားများထိ ခိုက်နစ်နာနေကြောင်း နောက်ထပ်ကုန်သည်တစ်ဦးက ပြောသည်။
“အရောင်းအဝယ် အေးသွားတယ်။ ပစ္စည်းကဲ့ပေးတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်။ လက်လုပ် လက်စား တွေ ဒုက္ခ ရောက်နေတယ်။ နောက်ငွေ ၁၀ သိန်းလောက်ပိုက်ပြီး လာတဲ့ ကုန်သည်လေးတွေ အရမ်းခက် သွားတယ်။ ဂျူတီခွဲတဲ့ စရိတ် သိပ်ကြီးတယ်။ ပစ္စည်းနည်းနည်း များများ ဂျူတီတန်ဖိုးကအတူတူပဲ။ ကုန်သည်ငယ်လေးတွေနဲ့ တစ်နိုင်တစ်ပိုး သမားတွေ ကျတော့ ဒီငွေနဲ့ဘယ်လိုဂျူတီဆောင်မလဲ။ ကုန် သည်ကြီးတွေနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ” ဟု ဆိုသည် ။
“အခုကိစ္စမှာ ထင်သာမြင်သာမရှိတာတွေ အများကြီးရှိတယ် ဆိုလိုတာက ပွင့်ပွင့်လင်းလင်းဗျာ။ ပစ္စည်းတစ်ခု ဂျူတီဆောင်လို့ ရ၊မရ အများ သိအောင် လုပ်ပေးရမယ်။ အဲလိုလုပ်ထားပြီးမှ ကားပေါ်တင်မဲ့ပစ္စည်း ချက်ခြင်း ဂျူတီ ဆောင်ခိုင်း။ ဒါအ ကောင်းဆုံးနည်းပေါ့ဗျာ” - ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိဂျူတီခွန်ဆောင်ခိုင်းရာတွင် အော်တိုဂျူတီမှာ ၃ ရက်ခန့် ကြာပြီး ကြေးနန်းဂျူတီမှာ ၇ ရက် တစ်ပတ် အနည်းဆုံး ကြာမြင့်ကြောင်း လည်း သိရသည်။
ဆက်ဖတ်ရန်
ဆိုင်ခန်းခ တိုးမြှင့်လိုက်သည့်အပေါ် မကျေနပ်၍ မူစယ်မြို့၌ စာရေးတိုင်ကြားမှုဖြစ်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့အမှတ် ၂ ဈေးအတွင်းရှိ ဆိုင်ခန်းခများ ရုတ်တရက် တိုးမြှင့် ကောက်ခံ လိုက် သည့် အပေါ် မကျေနပ်သဖြင့် ဈေးသူဈေးသား ၃၀ ခန့်က မူစယ်မြို့ခရိုင်အုပ်ချုပ်ရေးရုံးနှင့် မြို့နယ် စည်ပင်ဋ္ဌာနများသို့ ယနေ့ စာ ရေး တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည် ။
ဈေးဆိုင်ခန်းများအား နှင်းနှင်းခိုင်ကုမ္ပဏီမှ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ၄င်းကုမ္ပဏီမှ အောက်တိုဘာလ အတွက် ဆိုင်ခန်း ခများကို တရုတ်ငွေယွမ် ၄၀၀ မှ ယွမ် ၇၀၀ အထိ တိုးမြှင့်ကောက်ခံသဖြင့် စာရေးတိုင်ကြား ခြင်းဖြစ်ကြောင်း ဈေးအသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ပထမတော့ ဆိုင်ခန်းတစ်ခန်း တစ်လ ယွမ် ၃၀၀ ပေါ့နော် နောက် ၄၀၀ အထိတက်လာတယ် အခုစာ ထွက်တာ ယွမ် ရ၀၀ အထိ တက်တောင်းတာပေါ့နော် ဈေးကဖွင့်တာမကြာသေးဘူး မစည်သေးဘူးပေါ့နော် အဲဒါကြောင့် ဈေးသူဈေးသား ၃၀ လောက်က ရှေ့နေငှားပြီးမှ စည်ပင်ရယ် ခရိုင်အုပ်ချုပ်ရေးရုံးရယ်ကို စာတင်လိုက်တယ် ” ဟု ၄င်းဈေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။
အဆိုပါဈေးမှာ စည်ပင်သာယာဋ္ဌာန ကြီးကြတ်မှုအောက်မှ ကင်းလွတ်နေသဖြင့် ဈေးအတွင်း အမှိုက်သရိုက် များ သိမ်း ဆည်းမည့်သူ မရှိခြင်း ၊ ရေနူတ်မြောင်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်နေကာ လျှပ်စစ်မီးခမှာ တစ် ယူနစ် တရုတ်ငွေ ၂ ယွမ် နှုန်း ပေးဆောင်ရကြောင်း သိရသည်။
ဆက်ဖတ်ရန်
ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု
လွန်ခဲ့သည့်လမှစ၍ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းအခြေစိုက်သည့်အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တခုမှ တင်သွင်းသည့် ထိုင်းဒီဇယ်များအား တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့်ကောက်ကာနေ့စဉ် တင်သွင်းခွင့်ပြုနေသည်ဟု စုံစမ်းသိရှိရပါသည်။
“စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဇာကား နဲ့ နေ့တိုင်း တင်သွင်းနေတယ် ။ ဝ တပ် ဌာနချုပ် ဟွေ့အော့်မှာ သိုလှောင်ထားတယ် ပြောတယ် ” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန်ရွာသား တဦး ကပြောပါသည်။
သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာတခု၏ ဌာနချုပ် ဟွေအော့်သို့ ထိုင်းမှ ဒီဇယ်များတင်သွင်းနေကြောင်း၊ တစီး ဂါလံ ၁၆၀၀ ဆန့် တရုတ်လုပ် ဆီဘောက်ဇာကားဖြင့် တရက်နှစ်စီးသယ်ယူနေကြောင်း၊ ထိုင်းမှ ဒီဇယ်သယ်ယူ သို လှောင်နိုင်ရေးအတွက် ဂိတ်စောင့်အစိုးရတပ် ခလရ ၂၂၅ နှင့် ၆၅ တို့ထံ တဂါလံ ၂ ဘတ် ပိုက်ဆံပေး ရ ကြောင်း - ဝ တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။
“ဒီလုပ်ရပ်က ဒေသခံလူထုအတွက် အကျိုးမရှိဘူး။ သျှမ်းပြည်ဝင်ငွေလဲ မဟုတ်ဘူး။ ဒီမှောင်ခို ပစ္စည်းကို အစိုး ရစစ်တပ်က လာဘ်စားပြီးခွင့်ပေးတယ်။ ဝ တပ်ဖွဲ့အကျိုးသက်သက်အတွက်ဘဲလေ။ သူတို့ရဲ့ရာဘာခြံ လုပ်ငန်း၊ မော်တော်ယာဉ်အတွက် သုံးဖို့ဘဲ။ ခလရ ၂၂၅ ပြောင်းသွားတော့ ဒီဟာတွေရပ်သွားပြီလို့ ထင်နေ တာ။ နားကောင်းမူးအခြေစိုက်တဲ့ ခလရ ၆၅ ရောက်လာတော့လဲ ဆက်ရှိနေသေးတာဘဲ” - ဟု နိုင်ငံရေး ပါတီဝင် သျှမ်းပြည်အရှေ့ပိုင်းသားတဦးက ပြောပါသည်။
၎င်းနှင့်ပတ်သက်၍ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။
အလားတူသီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဩဂုတ်လက သျှမ်းပြည်တပ်မတော် (RCSS/SSA) စီးပွားရေး တာဝန်ခံအဖွဲ့က ထိုင်းမှ ဓါတ်ဆီ၊ ဒီဇယ်များအား သျှမ်းပြည်သို့ တရားဝင် တင်သွင်း ခွင့်ပါမစ်ကို နေပြည် တော်သို့သွားရောက်တောင်းခံခဲ့ကြောင်း၊ နေပြည်တော်အစိုးရက သျှမ်းပြည်အစိုးရထံမှ တောင်းခံရန် လွှဲချခဲ့ သည်ဟုဆို၏။
သျှမ်းပြည်နယ် အစိုးရထံတောင်းခံသော် ထိုင်းနိုင်ငံမယ်ဆိုင်မှတင်သွင်းမည်ဆိုပါက တာချီလိတ်ခရိုင်အာဏာ ပိုင်နှင့်သာဆိုင်ကြောင်း၊ တာချီလိတ်ခရိုင်ကလည်း ‘ ပေးပိုင်ခွင့် အာဏာ လုံးဝမရှိ အဆိုပါကိစ္စများ နေပြည်တော်အစိုးရနှင့်သာ သက်ဆိုင်သည်’ ဟု တုန့်ပြန်ပြောဆိုလိုက်သဖြင့် ထိုကိစ္စအပေါ် သျှမ်းပြည် တပ်မတော်မှ စိတ်လက်မအီမသာဖြစ်ခဲ့ရကြောင်း နီးစပ်သူတဦးက ပြောပါသည်။
ဆက်ဖတ်ရန်
မူစယ်- နမ့်ခမ်းနယ်စပ် ကုန်သည်များအသင်း ပြင်ဆင်ဖွဲ့စည်းရန် လက်မှတ်ထိုးတောင်းဆို
နယ်စပ်နေကုန်သည်များ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ မူစယ် - နမ့်ခမ်း နယ်စပ် ကုန်သည်များအသင်း အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် ကုန်သည်များ ဦးဆောင်၍ လက်မှတ်ထိုး တောင်းဆို မှုကို ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည် ။
တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင်မြို့ အပါအဝင် မူစယ်မြို့နှင့် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အတွင်းရှိ ကုန်သည် ၁၅၀ ကျော်ခန့် စုပေါင်းလက်မှတ်ထိုး တောင်းဆိုခဲ့ကြောင်း နယ်စပ်ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ကုန်သည်တွေ ဦးဆောင်ပြီး ကုန်သည်များ အသင်း အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေး အတွက် လက်မှတ်တွေ စုဆောင်းတာပေါ့ ၃ ရက်ဆက်တိုက်လုပ်တယ် ” ဟု သူက ပြောသည် ။
လက်မှတ်ထိုး တောင်းဆိုရခြင်းမှာ အလုပ်အမှုဆောင်အဖွဲ့မှ ကုန်သည်များ တိုးတက်မှုအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အပြင် အခွင့်အရေး တစ်ပြေးညီ ခံစားရခြင်းမရှိသောကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည် ။
“အေးဂျင့်အသင်းဝင်ဖို့အတွက် ငွေတည့်ရတယ်။ ကုန်သည်အသင်းဝင်ဖို့လည်း ငွေထည့်ရတယ်။ လိုင်စင်အတွက်လည်း ငွေ ထည့်ရတယ်။ ရတဲ့ငွေတွေကို ကျတော့ စာရင်းဇယားနဲ့ မပြနိုင်ဘူး ။ ဂေါက်ပွဲတွေကျတော့ သိန်းရာချီ အကုန်အကျခံလုပ် တယ်။ လိုင်စင်လျှောက်တဲ့အခါဆိုလည်း သူတို့ဆီတင်ပြရတယ်။ သူတို့က ဆုံးဖြတ်ပေးမှ လိုင်စင်ရတယ်။ တချို့က လိုင်စင် ကျဖို့အတွက် ရက်ရှည်စောင့်ရတယ် အခွင့်အရေး တစ်ပြေးညီ မရှိဘူးပေါ့။ ” ဟု သူက ဆိုသည် ။
လက်ရှိဖွဲ့စည်းထားသည့် မူစယ် - နမ့်ခမ်း ကုန်သည်များအသင်းတွင် အလုပ်အမှုဆောင် လူကြီးပိုင်း တချို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ ယနေ့အချိန်အထိ တာဝန်ယူနေသူများဖြစ်ပြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ၆၀ ခန့်ရှိသည့်အနက် ၂၀ ကျော်မှာ လက်မှတ်ထိုးတောင်းဆိုကြောင်း သိရသည် ။
ဆက်ဖတ်ရန်














