တိုင်းရင်းသား ပဋိပက္ခများအဆုံးသတ်ရေးအတွက် အယူအဆရေးရာ ကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းခြင်း



ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရမှ အာဏာကို လွှဲပြောင်းရယူနိုင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက် ပွဲကာလတွင် " ပြောင်းလဲချိန်တန်ပြီ " ဟု ကတိကဝတ်ပြု ကြွေးကြော်ခဲ့သည့်အတိုင်း အပြောင်းအလဲကို ဖော်ဆောင် ပေးနိုင်ပါ မည်လား ဟူသည့် မေးခွန်းမှာ ပါတီနှင့် ပါတီ၏ အဓိကခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အတွက် အဓိကအကျဆုံး ရင်ဆိုင်ရမည့် ပြဿနာ ဖြစ်သည် ။


အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ပြန်လည်ဖွဲ့စည်းခြင်း ၊ ပုံစံချခြင်းနှင့် စီမံကိန်းချခြင်းတို့ဖြင့် အမျိုးသား ရင်ကြားစေ့ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရမည်မှာ ပထမဆုံးလုပ်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သလိုပင် ဝေဝါးနေသည့် နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကိုင်တွယ်ရေးမှာလည်း NLD ၏ မဖြစ်မနေလုပ်ရမည့် လုပ်ငန်းများစာရင်းတွင် အရေးအကြီးဆုံးနှင့် အလျင်အမြန် ကိုင်တွယ် ရမည့် စိန်ခေါ်မှုဖြစ်လာသည် ။


ရှေ့ဆက်မသွားမီ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် အဓိက ပါဝင်သည့် အကျိုးသက်ဆိုင်သူများ၏ အယူအဆရေးရာ အကွဲအပြားများကို ဦးစွာရှင်းလင်းတင်ပြရန် လိုမည်ဖြစ်သည် ။ သို့မှသာ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေခဲ့သော တိုင်းရင်းသား ပဋိပက္ခများ ကို ပိုမိုရှင်းရှင်းလင်းလင်း နားလည်နိုင်မည်ဖြစ်ပါသည် ။


နောက်ခံသမိုင်းကြောင်း


ယနေ့အချိန်တွင် ဗမာ သို့မဟုတ် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အမည်ပြောင်းခဲ့သည့်အတိုင်း မြန်မာဟု သိကြသည့်နိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ကိုယ်ပိုင်လွတ်လပ်ရေး ရှိခဲ့ဖူးသည့် အနည်းဆုံး နိုင်ငံ သို့မဟုတ် နယ်နိမိတ် သုံးခုဖြင့် ဖွဲ့စည်းထားခဲ့သည့် နိုင်ငံရေး အစုအဖွဲ့ဖြစ်သည်။ ဘားမားပြည်မကြီး (အင်္ဂလိပ်လက်ထက် တိုက်ရိုက်အုပ်ချုပ်ခံဘားမား) ၊ ကရင်နီပြည်နယ်များနှင့် ရှမ်းပြည်နယ် များပါဝင်သည် ။ ထိုသမိုင်းကြောင်းအရ ရှမ်းနှင့် ကရင်နီပြည်နယ်များမှ ခေါင်းဆောင်များသည် ပြည်မမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ကိုလိုနီအုပ်ချုပ်ရေးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနှင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အခြားတိုင်းရင်းသားလူမျိုးများ နေထိုင်သည့် နယ်မြေများနှင့်အတူ ပူးတွဲလွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းခဲ့ကြသည် ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံသည့် အနေဖြင့် ၁၉၄၇ ပြည်ထောင်စုဗမာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဉပဒေတွင် ရှမ်းနှင့် ကရင်နီ (ယခု ကယား) ပြည်နယ်များကို ခွဲထွက်ခွင့်ပေး ထားခဲ့ သည် ။


ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ ဗြိတိသျှနယ်ခြားဒေသ အုပ်ချုပ်ရေး အောက်တွင်ရှိသော ရှမ်းပြည်နယ်စုများ ၊ ချင်းတောင်တန်းများနှင့် ကချင်တောင်တန်းများမှ ခေါင်းဆောင်များသည် ( ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သွားပြီဖြစ်သည့် ဖခင် ကွယ်လွန်သွားပြီဖြစ်သည့် ဖခင်) ဦးအောင်ဆန်းခေါင်းဆောင် သော ဗမာကြားဖြတ်အစိုးရနှင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ ဗမာမဟုတ်သည့် တိုင်းရင်းသားအုပ်စုများအတွက် အုပ်ချုပ်ရေးနှင့် ဘဏ်ဏ္ဍာရေးလွတ်လပ်ခွင့်ရှိသော ၊ မျှတသော ၊ ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုကို တည်ထောင်ရန် သဘောတူစာချုပ်ချုပ် ဆိုခဲ့ကြသည် ။


ဗြိတိသျှလက်အောက်တွင် ယခု “ ရှမ်းပြည်နယ် ” သည် ကရင်နီပြည်နယ်များအပါအဝင် “ ရှမ်းပြည်နယ်စုများ ” အဖြစ် ရှိခဲ့ကြောင်း သတိပြု သင့်သည်။ ယနေ့အချိန်တွင် တိုင်းရင်းသားပြည်နယ်များဖြစ်လာသည့် ကရင် ၊ မွန်နှင့် ရခိုင် (အာရကန်) ပြည်နယ်များသည် ကိုလိုနီစနစ်တွင် ဗမာပြည်မအောက်တွင် ထည့်သွင်းထားပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ ။ ထို့ကြောင့် ပင်လုံစာချုပ်သည် တိုင်းရင်းသား လူမျိုးတစ်ခုနှင့် တစ်ခုအကြား ညီညွတ်မျှတရေးကို တရားဝင်ချုပ်စာချုပ်တစ်ခုအဖြစ် ချုပ်ဆိုထားသည့် သမိုင်းဝင် အဖြစ် အပျက် တစ်ခုသာဖြစ်ပြီး တိုင်းရင်းသားလူမျိုးအားလုံး ၎င်းတွင် ထည့်သွင်းခံရသည် ပါဝင်သည်ဟု မခံစားကြရပေ ။


၁၉၄၈ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို ပါတီစုံ ပါလီမန်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး အသွင်သဏ်ဏ္ဍာန်အားဖြင့် ဖက်ဒရယ်ပုံစံဖြစ်သော်လည်း လက်တွေ့ တွင်မူ တစ်ပြည်ထောင်စနစ်သာဖြစ်သည် ။ ပဋိပက္ခများ ဒေသများစွာကို ပျံ့နှံ့သွားသည်အထိ ကျေနပ်လောက်သည့် အဖြေမှာ ဝေးသထက် ပိုဝေးခဲ့သည် ။ ထို့ကြောင့် ဖွဲ့စည်းပုံ၏ ချို့ယွင်းချက်ကို ပြင်ဆင်ရန် မတူညီသည့် တိုင်းရင်းသားအုပ်စုများမှ ခေါင်းဆောင်များသည် နိုင်ငံရေးစနစ်ကို ပိုမိုရှင်းရှင်းလင်းလင်းရှိသည့် ဖက်ဒရယ်ပုံစံဖြစ်စေရန်အတွက် ၁၉၄၇ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်အတွက် အဆိုပြုချက်တစ်ခုကို ရေးဆွဲခဲ့ကြသည် ။ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တောင်ကြီး၌ ပြည်နယ်ပေါင်းစုံညီညွတ်ရေး အသင်းကြီးမှ အတည်ပြုခဲ့သည့် ထိုဖက်ဒရယ်မူတွင် ဗမာပြည်မကို အခြားတိုင်းရင်းသားပြည်နယ်များနည်းတူ ပြည်နယ်တစ်ခုအသွင် ပြောင်းလဲပစ်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဉပဒေပြင်ဆင်ချက်ကို အဆိုပြုခဲ့သည်။ ထိုနည်းဖြင့် နိုင်ငံ၏ အခြားအစိတ်အပိုင်းများမှ တိုင်းရင်းသား လူမျိုးများကို စီးပွားရေး ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအပိုင်းများတွင် အင်အားနည်းစေခဲ့သည့် ပြည်ထောင်စုအစိုးရ အာဏာများကို ဗမာ တိုင်းရင်းသား ခေါင်းဆောင်များ သိမ်းကြုံးရယူထားမှုကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည် ။


သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်တွင်း ဆွေးနွေးမှု ကောင်းကောင်း မစတင်နိုင်မီမှာပင် ၁၉၆၂ မတ်လတွင် တပ်မတော်ဟု သိကြသည့် စစ်တပ်မှ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည် ။ ဗိုလ်ချုပ်နေဝင်းနှင့် အာဏာသိမ်းခေါင်းဆောင်များက နိုင်ငံတော် မပြိုကွဲရေး အတွက် အာဏာသိမ်းရသည်ဟု ပြောဆိုခဲ့ကြသော်လည်း ရလဒ်များမှာ ဆန့်ကျင်ဘက်ပင်ဖြစ်သည် ။ စစ်အစိုးရသည် ကိုလိုနီခေတ်လွန် နိုင်ငံ၏ နုနယ်သော ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ရုတ်ချည်းအဆုံးသတ်ပစ်လိုက်သည်သာမက ဗမာမဟုတ်သည့် တိုင်းရင်းသား အုပ်စုများ၏ တအုံနွေးနွေး မကျေနပ်မှုများကို နိုင်ငံအနှံ့ တွန်းလှန်မှုစစ်ပွဲများ အတိအလင်းဖြစ်ပွားသည့်အခြေအနေသို့ရောက်စေခဲ့သည် ။ ဗမာလူများစုများမှလည်း စစ်အုပ်ချုပ်ရေးကို တွန်းလှန်မှုများ ဆက်တိုက်ရှိနေခဲ့ပြီး ပဋိပက္ခနှင့် တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်များ ကို တောင်းဆိုမှုများမှာ နယ်စပ်တွင် အပြင်းထန်ဆုံးဖြစ်ပွားနေခဲ့သည် ။


ထို့ကြောင့် ဗိုလ်ချုပ်နေဝင်းနှင့် တပ်မတော်သည် ဗမာနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများအကြား တိုးပွားလာသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နောက်ဆုံးဥပဒေကြောင်းအရ ကြိုးစားမှုဖြစ်သည့် ၁၉၄၇ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပယ်ချလိုက်ပြီး ၊ ထိုဖွဲ့စည်းပုံကို တစ်ဖက်သတ် ရုတ်သိမ်းခဲ့သည်။ နိုင်ငံ၏ နိုင်ငံရေး ဆွေးနွေးပွဲများတွင် တပ်မတော်ခေါင်းဆောင်များက “ ဖက်ဒရယ် ” ဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုခွင့်ပြုရန်အတွက် ရာစုနှစ်တစ်ဝက်ခန့် အချိန်ကြာညောင်းခဲ့သည်။ ပဋိပက္ခများ၊ ဒုက္ခသုက္ခများနှင့် နိုင်ငံရေးဖြိုခွင်းမှုများစွာ ထိုကာလအတွင်း ဖြစ်ပွားခဲ့ရသည် ။


နိုင်ငံရေး အစုအဖွဲ့ ၊ အချုပ်အခြာအာဏာနှင့် အမျိုးသား သရုပ်လက္ခဏာဆိုင်ရာ အယူအဆ အကွဲအပြားများ


တပ်မတော်ခေါင်းဆောင်များနှင့် မတူညီသည့် တိုင်းရင်းသား လူမျိုးစုများပါဝင်သည့် ဗမာ့နိုင်ငံရေး အုပ်စုများအတွင်း အယူအဆပိုင်းဆိုင်ရာ ကွဲပြားမှုများမှာ “ ဗမာ ” သို့မဟုတ် “ မြန်မာ ” ကို သမိုင်းတွင် မည်သို့ ရှုမြင်ခဲ့သည်၊ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့်ဟူသည့်အချက်ဖြစ်သည် ။


၁၉၆၂ ခုနှစ်ကတည်းကပင် စစ်ဘက်မှ လွှမ်းမိုးထားသည့် အစိုးရအဆက်ဆက်က ယခုလက်ရှိနိုင်ငံသည် နှစ်ထောင်ပေါင်းများစွာခန့် က တည်းက ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကတည်းကရှိခဲ့သည့် တစုတစည်းတည်းသော နိုင်ငံတော်ဖြစ်သည်ဟူသည့် အယူအဆရှိ ခဲ့ကြသည်။ ထို့ကြောင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများသည် လူနည်းစုအုပ်စုများဖြစ်သည့်၎င်းတို့ နိုင်ငံကို ခွဲခြမ်းမသွားနိုင်စေရန် အတွက် သာတူညီမျှ အခွင့်အရေး တောင်းဆိုမှုများကို ကန့်သတ်ရမည်၊ ထိန်းချုပ်ရမည်ဟူသည့် အယူအဆရှိခဲ့သည် ။ ဆန့်ကျင်ဘက် အနေဖြင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများ ပြည်ထောင်စုဗမာနိုင်ငံသည် ၁၉၄၈ ကိုလိုနီအုပ်ချုပ်ရေး စွန့်ခွာချိန်တွင် တန်းတူညီမျှ ပူးပေါင်းလိုက်သည့် ဗြိတိသျှကိုလိုနီ အိန္ဒိယလက်အောက်တွင် သွတ်သွင်းခြင်းခံခဲ့ရသော လွတ်လပ်သည့် နယ်နိမိတ်များဖြစ်ပြီး ပင်လုံစာချုပ်တွင် ပါဝင်သည့် မူများအရ အသစ်ဖွဲ့စည်းလိုက်သည့် နယ်နိမိတ်တစ်ခု၊ နိုင်ငံရေး အစုအဖွဲ့တစ်ခုအဖြစ် ယူဆကြသည် ။


သီအိုရီအရပြောရလျှင် လက်ရှိနိုင်ငံရေးမြေပုံတွင် တိုင်းရင်းသားများအတွက် အချိုးချခွဲဝေမှုပုံစံရှိပါသည် ။ လူများစု တိုင်းရင်းသား လူမျိုးများ အတွက် ပြည်နယ် ရ ခု (ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နှင့် ရှမ်း) နှင့် ဗမာအများစုနေထိုင်သည့် တိုင်းဒေသကြီး ရ ခု (ယခင်က တိုင်း) ရှိသည်။ သို့သော် စစ်ဘက်လွှမ်းမိုးမှုနှင့် ဗဟိုမှ လွှမ်းမိုးမှုများသော နိုင်ငံရေးနယ်ပယ်တွင် တကယ်တမ်း စစ်မှန်သည့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့် ညီညွတ်သောမျှခြေ မရှိပေ ။


ယနေ့အချိန်တွင် ကွဲပြားနေသည့် အယူအဆများသည် ပင်လုံတွင် ထင်ဟပ်နေဆဲဖြစ်သည်။ သမိုင်းဝင်စာချုပ်ကို အထိမ်းအမှတ်ပြုထား သည့် ကျောက်တိုင်က “ ပြည်မနှင့် တောင်တန်းများ ပေါင်းစည်းရေး ” ဟု ကြွေးကြော်နေသည်။ သို့တိုင် “ ပြည်မ ”သည် ဗမာအများစု နေထိုင် ရာ ဗဟိုချက်မဟု ယူဆ၍မရသလို ကိုလိုနီခေတ်မတိုင်မီကပင် ဗမာဘုရင်များလက်အောက် နေထိုင်ခဲ့ဘူးသော “ တောင်တန်းများ ” သည်လည်း ဗမာမဟုတ်သည့် တိုင်းရင်းသားများနေထိုင်ရာ တောင်တန်းဒေသများ သို့မဟုတ် လက်အောက်ခံ နယ်များဟု ယူဆ၍ မရပေ။ မျက်မှောက်ခတ် ဗမာနိုင်ငံသည် လွတ်လပ်ရေးရယူစဉ်က သဘောတူညီထားခဲ့ကြသည့်အတိုင်းပင် တိုင်းရင်းသား လူမျိုးစုအားလုံး၏ နိုင်ငံရေး အခွင့်အရေးများကို လေးစားလိုက်နာမည့် တန်းတူညီမျှသော ပြည်ထောင်စုသစ်တစ်ခုဖြစ်သည် ။ ထိုအချက်ကိုပင် ပင်လုံက ထပ်ဟပ်ဖော်ဆောင်လိုပုံပေါ်သည် ။ ထိုကဲ့သို့သော သဘောတူညီချက်မရှိလျှင် ပြည်ထောင်စုအသစ်သည် ပေါ်ပေါက်မွေးဖွားလာစရာမရှိပေ ။


တိုင်းရင်းသားအုပ်စုတစ်ခုနှင့် တစ်ခု ဆက်ဆံရေးကို ဆွေးနွေးရာတွင် ဗမာမဟုတ်သည့် တိုင်းရင်းသား လူမျိုးများသည် သူတို့ကိုယ်သူတို့ ဗမာနှင့် နိုင်ငံတကာ ပညာရှင်များ မကြာခဏ ပြောလေ့ရှိသလို “လူနည်းစု” အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း ဖော်ပြလိုပါသည်။ တကယ် တမ်းတွင် လူနည်းစုလည်းမဟုတ်သလို လူများစုလည်း မဟုတ်ပဲ တန်းတူညီမျှခွင့် ရထိုက်သည့် တိုင်းရင်းသားလူမျိုးစုများသာဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက်ထက် ဗမာလူဦးရေ ပိုများသည်ကား မှန်ပါသည်။ သို့သော် ထိုအချက်တစ်ခုတည်းဖြင့် တိုင်းရင်း သားပြည်နယ်များတွင် နေထိုင်သူများကို “လူနည်းစု” ဖြစ်မသွားစေနိုင်ပါ။ တိုင်းရင်းသား အုပ်စုကွဲပေါင်းများစွာ ပျံ့နှံ့နေထိုင်သော အာရှ နိုင်ငံများအနက်မှ တစ်ခုဖြစ်သော ဗမာနိုင်ငံတွင် “လူနည်းစု” ဟူသည့် အသုံးအနှုန်းကို တိုင်းရင်းသားပြည်နယ် ရ ခုတွင် နေထိုင်သည့် ဗမာနှင့် အခြားတိုင်းရင်းသားများကို ရည်ညွှန်းရာတွင်လည်း သုံးနိုင်ပါသေးသည်။ ထိုအနေအထားကြောင့် အကျိုးမရှိသည့် “လူနည်းစု-လူများစု” အငြင်းပွားမှုများသာ ကြီးထွားလာပြီး ပြည်ထောင်စု၏ နိုင်ငံရေး အရေးပါမှုကို လျော့ကျစေပြီး နှင့် လူဦးရေပိုနည်းသည့် တိုင်းရင်း သားလူမျိုးများကို ဖိနှိပ်ဆက်ဆံမှုများသာ ဖြစ်ပေါ်စေပါသည် ။


အနှစ်သာရအားဖြင့် “လူနည်းစု” ဟူသည့် အသုံးအနှုန်းသည် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းမှားတစ်ခုဖြစ်လာပြီး “လူနည်းစု” အဖြစ် အဆက်ဆံခံရခြင်းနှင့် တိုင်းရင်းသား အုပ်စုတစ်ခုမှ တိုင်းရင်းသားတစ်ဦးအနေဖြင့် တန်းတူအခွင့်အရေးရခြင်းအကြား ကွာဟချက် ကြီးမား လာပါသည်။ ဗမာ၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ချင်း အစရှိသည့် လူမျိုးစုများသည် လူနည်းစု၊ လူများစုဟူ၍ သတ်မှတ်ခြင်းမရှိပဲ ၁၉၄၈ ခုနှစ်က တည်းက တည်ထောင်ခဲ့သည့် ပြည်ထောင်စုသစ်တွင် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြသည့် တန်းတူညီမျှမှုရှိသော မိတ်ဖက်များ အဖြစ်သာ ယူဆသင့်ပါသည်။


ဝမ်းနည်းစရာကောင်းသည်မှာ တန်းတူညီမျှမှုနှင့်သက်ဆိုင်သည့် ဘုံသဘောတူညီသည့် သဘောထားအမြင်နှင့် အားလုံးလက်ခံနိုင်သည့် အမျိုးသား သရုပ်လက္ခဏာပေါ်ထွက်ရေးဟူသည့် အခြေခံကျသည့် စိန်ခေါ်မှုကို လွတ်လပ်ရေးရပြီးသည်မှ ယခုအထိ မကိုင်တွယ်နိုင် ကြသေးခြင်းဖြစ်သည်။ ဗမာမဟုတ်သည့် တိုင်းရင်းသားများက လွတ်လပ်ရေး ကြိုးပမ်းစဉ်က ဖော်ဆောင်ခဲ့သော မျှဝေထားသည့် အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် ပူးတွဲလွတ်လပ်ရေးကို ဆက်လက်ယုံကြည်လက်ခံထားကြသော်လည်း တပ်မတော်ခေါင်းဆောင်များနှင့် ဗမာတိုင်းရင်းသား နိုင်ငံရေးအလွှာအများစုကမူ သူတို့သည် နိုင်ငံရေး အချုပ်အခြာအာဏာကို စောင့်ရှောက်ရသူများ သို့မဟုတ် ပိုင်ဆိုင်သူများအဖြစ် ယူဆနေကြသည်။ အကျိုးဆက်အားဖြင့် ဗိုလ်ချုပ်နေဝင်း၏ ဗမာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရား ဉပဒေစိုးမိုးရေးကောင်စီ (၁၉၉၇ မှစ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ) လက်ထက်များ တပ်မတော်အရာရှိများက ပုံဖော်ခဲ့သည့် ဘုံအမျိုးသား သရုပ်လက္ခဏာဆိုသည်မှာ ဗမာမဟုတ်သည့် တိုင်းရင်းသား လူမျိုး များအကြား အမြစ်မတွယ်သလို၊ လက်လည်းမခံကြပေ။ ထို့အပြင် ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများက နိုင်ငံရေးအပြောင်းအလဲနှင့် ပတ်သက်လျှင် သူတို့၏ သဘောတူညီချက်ကို တောင်းခံရယူခြင်းမရှိပဲ ပဋိပက္ခဖြစ်ပွားသည့် အနေအထားတွင် စစ်ဘက်က လွှမ်းမိုးထား သည့် အစိုးရများက သတ်မှတ်သည့်အတိုင်း အတင်းအကြပ် လက်ခံစေသည်ဟု ယူဆကြသည်။


အကျိုးဆက်အားဖြင့် တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် တောင်းဆိုတိုက်ပွဲဝင်မှုများ နိုင်ငံအနှံ့အပြားတွင် ယနေ့အထိ ဆက်ရှိနေရခြင်းဖြစ်သည်။ ပင်လုံကို ပြန်ကြည့်လျှင် တိုင်းရင်းသားခေါင်းဆောင်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဘုံ အမျိုးသား အမှတ်သရုပ်တို့သည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ဒီမိုကရေစီ၊ မျှတသည့် အရင်းအမြစ်နှင့် နိုင်ငံရေးအာဏာ ခွဲဝေမှုများမှတစ်ဆင့် ရရှိနိုင်မည်၊ အာမခံနိုင်မည်ဟု ယုံကြည်ကြသည်။ သို့မှသာ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများအားလုံးက လက်ခံနိုင်မည့် အမျိုးသား အမှတ်သရုပ်နှင့် နိုင်ငံရေးစနစ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။


သို့သော် ယခုအခိုက်အတန့်တွင် တိုင်းရင်းသားလူမျိုးစု အများစုသည် သူတို့ကိုသူတို့ ဗမာအုပ်ချုပ်သူများ၏ ကိုလိုနီဆန်ဆန် ပိုင်ဆိုင် အုပ်ချုပ်မှုပုံစံတစ်ခုအောက်တွင် ပိတ်မိနေသည်ဟု ယူဆနေကြသည်။ တကယ်တမ်းတွင် ဗမာပြည်မနှင့် ယခင်နယ်ခြားဒေသများကို ဗြိတိသျှတို့ ခွဲခြားအုပ်ချုပ်ခဲ့ကြသည့်ပုံစံမျိုးဖြစ်သည့် ဒိုင်အာခီပုံစံ အုပ်ချုပ်ရေးစနစ်အသစ်တစ်ခုသည် ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် လက်အောက်တွင် ဖော်ဆောင်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲများတွင် ပေါ်ထွက်လာခဲ့ပုံရသည်။ ပါလီမန် အုပ်ချုပ်ရေးစနစ်သည် နိုင်ငံ၏ မြို့တော် နေပြည်တော်မှ နိုင်ငံ၏ “ပြည်မ” ဗဟိုချက်တွင် ပုံပေါ်လာခဲ့သော်လည်း တိုင်းရင်းသားပြည်နယ်များမှာ တပ်မတော်အုပ်ချုပ်ရေးနှင့် အာဏာပိုင်မှုအောက်တွင်ရှိနေသည့် “တောင်တန်း” ပဋိပက္ခဒေသများအဖြစ် ရှိနေဆဲဖြစ်သည်။


ရလဒ်အားဖြင့် နိုင်ငံရေးအပြောင်းအလဲကို မျှော်လင့်လာနိုင်သည့် အခြေအနေတွင်ပင် တိုင်းရင်းသားအများစုသည် နိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်နိုင်မှုမှ ဖယ်ကြဉ်ခံထားရသည်ဟု ခံစားနေရသည်။ စစ်တပ်၏ ဖိနှိပ်မှုများက တိုင်းရင်းသား တန်းတူညီမျှမှုကို မည်သည့်အခါမှ ဖော် ဆောင်ပေးနိုင်မည်မဟုတ်သဖြင့် နိုင်ငံရေးမတည်ငြိမ်မှုဆက်ဖြစ်နေမည့်အကျိုးဆက်သာ ဆက်ရှိမည်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ပင်လုံတွင် သဘောတူညီခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် တန်းတူညီမျှသော ပြည်ထောင်စုဟူသည့် ဘုံသရုပ်လက္ခဏာဆိုသော မျှော်မှန်းချက်နှင့် မူဝါဒများကို ပြန်သွားနိုင်မှသာ တည်တံ့သော ငြိမ်းချမ်းရေးနှင့် တရား ဉပဒေစိုးမိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။


ဖက်ဒရယ်နှင့် ပတ်သက်သည့် မတူညီသော အမြင်များ


ယေဘုယျအားဖြင့် ထိပ်သီးပါတီများနှင့် သက်ဆိုင်သည့်ပါဝင်သူများအားလုံးသည် လွန်ခဲ့သည့်နှစ်များအတွင်း နိုင်ငံ၏ နိုင်ငံရေး ကျဆင်း နေမှုများကို ဖြေရှင်းပြီး ကြီးမားသည့် ပြဿနာများကို မပေါ်ပေါက်စေရန်မှာ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု တည်ထောင်ရေးဖြစ်သည်ဟု သဘောတူညီထားပြီဖြစ်သည်ဟု ထင်ရသည်။ သို့သော် တကယ့်လက်တွေ့ ရှေ့ဆက်လျှောက်ရမည့်လမ်းမှာ ပို၍ရှုပ်ထွေးလှသည်။ လက်ရှိအချိန်တွင် ဘယ်လိုဖက်ဒရယ်မျိုး လိုချင်သည်ဟု ဖော်ထုတ်ရန်ပင် မလွယ်ကူလှပေ။


ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ပွဲအတော်များများတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးမှာ သူ၏ ရပ်ရွယ်ချက်ဖြစ်သည်ဟု ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောဆိုပြီးဖြစ်သော်လည်း ပါတီအနေဖြင့် ဤကဲ့သို့ အရေးကြီးသည့်ကိစ္စတွင် ဘယ်နေရာတွင် ဘယ်လိုရပ်တည်မည်နည်းဟူသည့် အသေးစိတ်ကို သိရှိရန် လိုအပ်ပါသည်။ ထို့အတူ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (National Ceasefire Agreement – NCA) နှင့် ၂၀၁၅ ဖေဖော်ဝါရီ ၁၂ တွင် လက်မှတ်ရေးထိုးသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ကတိကဝတ် (Deed of Commitment on Peace and National Reconciliation) တို့ပါ တပ်မတော်၏ ဖက်ဒရယ်ဖွဲ့စည်းပုံအပေါ် ရပ်တည်ချက်မှာလည်း မရှင်းလင်းပေ။ “နိုင်ငံရေးဆွေးနွေးချက်များမှ ထွက်ပေါ်လာသော ရလဒ်များနှင့် အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်မူများကို အခြေခံသော ပြည်ထောင်စုတစ်ခုကို တည်ထောင်ရန်” ဟူသည့်အချက်သာ တစ်ခုတည်းသော ကတိကဝတ်ဖြစ်သည်။ သို့သော် တိုင်းရင်းသား အုပ်စုများ မေးခွန်းထုတ်သူများ မေးမြန်းကြသည့်အတိုင်းပင် ထိုကတိကဝတ်သည် လက်ရှိ တစ်နိုင်ငံ သမ္မတစနစ်နှင့် အာဏာကို အနည်းငယ်မျှသာ ခွဲဝေပေးထားသည့်စနစ်မှသည် အားကောင်းသည့် ပြည်နယ်အစိုးရများနှင့် အားနည်းသည့် ပြည်ထောင်စု ဗဟိုအစိုးရတို့ရှိသော အပြည့်အဝ ဖက်ဒရယ်ပြည်ထောင်စုစနစ်တစ်ခုအထိ အဓိပ္ပာယ်ကျယ်ပြန့်ပါသည်။


ထိုအကြောင်းပြချက်များကြောင့် တပ်မတော်သည် ဗဟိုချုပ်ကိုင်မှုအားကောင်းသည့် တစ်ပြည်ထောင်နိုင်ငံရေးစနစ်ကိုသာ အလိုရှိပြီး ဖက်ဒရယ် စနစ်နှင့် ဆင်တူစေရန်အတွက် တိုင်းရင်းသားပြည်နယ်များကို လုံလောက်ရုံ အနည်းငယ်သော အာဏာခွဲဝေပေးရုံသာ အလိုရှိသည်ဟူသော နိုင်ငံရေး အမြင်က အားကောင်းနေဆဲဖြစ်သည်။ တပ်မတော်၏ တွေးဆချက်ကို သက်သေပြနေသည့်အချက်မှာ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို အသက်နှင့်ထပ်တူ ကာကွယ်မည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုနေပြီး၊ ၎င်း၏ အခန်းကဏ်ဏ္ဍကို လျော့ကျစေ မည့် အဓိပ္ပာယ်ရှိသည့် မည်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုမဆို ယခုအချိန်အထိ ငြင်းဆန်နေဆဲဖြစ်သည်။


တိုင်းရင်းသားလူမျိုးများအတွက်မူ မကြာသေးမီနှစ်များအတွင်းတွင် နိုင်ငံရေးအရ “အပြည့်အဝ ဖက်ဒရယ်စနစ်” တစ်ခုဖြစ်မည့် “မျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းနှင့် ဒီမိုကရေစီထွန်းကားသည့် တိုင်းရင်းသားပြည်နယ်များကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်ရေး” ကို ဘုံသဘောတူညီမှုရှိနေသည်။ သို့သော် ၎င်းတို့သည့် ထိုအမြင်များကို တစ်ဆင့်တက်ပုံဖော်နိုင်ရေးကြိုးပမ်းရာတွင် အခက်အခဲများနှင့် လေဆန်လမ်းကို တက်နေရပြီး တိုင်းရင်းသား လှုပ်ရှားမှုများသည့် “စစ်မှန်သည့် ဖက်ဒရယ်စနစ်” ပေါ်ထွန်းရေး ဟူသည် ကို ကြက်တူရွေးနှုတ်တိုက်ရွတ်နေသည်မှ လွဲလျှင် မည်သည့် နိုင်ငံရေးစနစ်လိုလားသည်ကို တကယ်တမ်း သိရှိကြခြင်းမရှိဟူသည့် ဗမာ တိုင်းရင်းသားများနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ သို့သော် ၎င်းမှာ သမိုင်းကို ပုံဖျက်ရန်နှင့် နိုင်ငံရေး ခေါင်း ဆောင် မျိုးဆက်တစ်ခုနှင့်တစ်ခု စေတနာမှန်ဖြင့် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သော တိုင်းရင်းသားအရေးကို မှေးမှိန်အောင် ကြံစည်ကြ ခြင်းသာဖြစ်သည်။


တကဲ့လက်တွေ့တွင် တိုင်းရင်းသားများဘက်မှ ဖက်ဒရယ်မူတစ်ခု အမြဲတမ်းရှိနေပြီး ၎င်းမှာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ကိုလိုနီခေတ်အလွန် နိုင်ငံတည်ဆောင်ရေးကြိုးပမ်းမှုများတွင် အများတက်တက်ကြွကြွ ပါဝင်ရေးဆွဲခဲ့သည့် သမိုင်းဝင်အကိုးအကား စာရွက်စာတမ်းသုံးခုမှ ထုတ် နုတ်ရေးဆွဲထားသည့် ပြည်နယ်အခြေပြု ဖက်ဒရယ်စနစ်မူဖြစ်သည်။ ထိုအကိုးအကားသုံးခုမှာ ၁၉၄၇ ပင်လုံစာချုပ်၊ ၁၉၄၇ ပြည်ထောင်စု ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဉပဒေနှင့် ၁၉၆၁ တိုင်းရင်းသားများ၏ ဖက်ဒရယ် အဆိုပြုချက်မူ တို့ဖြစ်သည်။ ပြောင်းလဲလာသည့် အချိန်နှင့်အမျှ လိုက်ပါချိန်ညှိ ပြောင်းလဲရန် လိုအပ်သည်ကား မှန်ပါသည်။ သို့သော် တိုင်းရင်းသားများတွင် သူတို့လိုလားသည့် ဖက်ဒရယ်အမျိုးအစားနှင့် ပတ်သက်သည့် စိတ်ကူးစိတ်သန်းမရှိဟူသည့်အချက်မှာ လုံးဝမမှန်ကန်ပါ။ ထို့အပြင် ၁၉၆၀ ပြည့်နယ်များတွင် ဖက်ဒရယ် ပြုပြင် ပြောင်းလဲ မှုနှင့် ဒီမိုကရေစီစနစ် အဆုံးသတ်ခြင်းကြောင့် နိုင်ငံ ကျဆင်းခြင်းနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြစ်ပွားပျံ့နှံ့ခြင်းကို ကြုံတွေ့ခဲ့ရပါသည်။ ထိုအမှားမျိုး၊ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်မှုမျိုး ထပ်မဖြစ်ရန် အရေးကြီးပါသည်။


လာမည့်လွှတ်တော်သက်တမ်းအတွင်း တစ်မျိုးသားလုံး ဘုံသဘောတူညီချက် ရရှိရန် လွယ်ကူမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု မစတင်မီမှာပင် ထစ်နေမည့် နေရာများ ရှိနိုင်ပါသည်။ ထိုအထဲတွင် ပိုမိုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများဖြစ်သည့် တအောင်းနှင့် ဝ လူမျိုးတို့တွင် “ပြည်နယ်” တောင်းဆိုမှုများရှိသည်၊ ရှစ်ပြည်နယ်မူ (လက်ရှိတိုင်းရင်းသားပြည်နယ် ရ ခုနှင့် ဗမာပြည်နယ် ၁ ခု) ရှိနေသည်၊ လက်ရှိ ရ တိုင်း ရ ပြည်နယ်ကို ဆက်သွားမသွား ငြင်းခုန်မှု ရှိနေသည်။ တိုင်းရင်းသားအုပ်စုများဘက်တွင် စစ်မှန်သည့် ဖက်ဒရယ်စနစ်တွင် ၁၉၅၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သလို အာဏာကို ပြည်ထောင်စုမှ သိမ်းကြုံးရယူထားခြင်းနှင့် နိုင်ငံ၏ ဗဟိုချက်ကိုသာ အာရုံစိုက်ခြင်းတို့ မဖြစ်စေရန်အတွက် မဖြစ်မနေ တားဆီးရမည်ဟူသည့် စိုးရိမ်မှုများက ရှိနေသည်။


ထိုနောက်ပြဿနာမှာ ပိုခက်ခဲကောင်း ခက်ခဲနိုင်သည်။ လွတ်လပ်ရေးရစဉ်ကတည်းကပင် ကိုလိုနီခေတ် ဗမာပြည်မသည် နိုင်ငံအရေးကို သိသိသာသာ လွှမ်းမိုးလာခဲ့သည်။ ပထမပိုင်းတွင် ဗိုလ်ချုပ်နေဝင်း၏ ဗမာပြည် ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ရေးဆွဲသော ၁၉၇၄ ဖွဲ့စည်းပုံတွင် “တိုင်း” ရ တိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး၊ ၂၀၀၈ ခုနှစ် စစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံတွင် တိုင်းရင်းသားပြည်နယ်များနှင့် တန်းတူ အခွင့် အရေးရှိသည့် “တိုင်းဒေသကြီး” တစ်ခုစီအဖြစ် တိုးမြှင့်ခဲ့သည်။ ထို့ကြောင့် “ဗမာလူများစု”များ၏ တိုင်းဒေသကြီး ရ ခုနှင့် “ဗမာမဟုတ်သည့်” တိုင်းရင်းသား ပြည်နယ် ရ ခုအကြား အာဏာမညီမျှမှုဖြစ်ပွားစေသည်။ တိုင်းရင်းသားအများစုသည် ရှေးဘိုးဘေးဘီဘင်တို့ မျှော်မှန်းထား ခဲ့ကြသည့်အတိုင်း မျှတသော ပြည်နယ်အခြေပြု ဖက်ဒရယ်စနစ်ကို တည်ထောင်နိုင်ရန်အတွက် ဗမာပြည်နယ်တစ်ခု ဖန်တီးရန် ဆက်လက် တွန်းအားပေးနေသည်။


နိုင်ငံရေးအယူအဆနှင့် ပတ်သက်လျှင် ရှင်းလင်းသည့် မေးခွန်းတစ်ခုမဟုတ်သော်လည်း ပြည်ထောင်စု ဗမာနိုင်ငံ မည်သို့ ပေါ်ပေါက်လာခဲ့ သည်ဟူသည့်သမိုင်းကြောင်းနှင့် လူတိုင်းအတွက် မျှတမှုနှင့် လုံခြုံမှုဖြင့် အနာဂတ်တွင် မည်သို့ အောင်မြင်စွာ ရပ်တည်နိုင်မည်ဟူသည့် အမြင်ကို ထင်ဟပ်မှုသာဖြစ်သည်။ နိုင်ငံ၏ မည်သည့်အစိတ်အပိုင်းကမှ တိုင်းရင်းသား တစ်မျိုးတည်းနေထိုင်သော အစိတ်အပိုင်းမဟုတ်ပေ။ နယ်နိမိတ်ပိုင်းခြားမှုသည် နိုင်ငံရေးနှင့် ရပ်တည်ချက် သဘောထားအမြင်ဆိုင်ရာ မေးခွန်းများကို အရင်းစစ်၍ အဖြေထုတ်ပေးနိုင်မည်ကား မဟုတ်ပေ။ ပဋိပက္ခများ၏ ခါးသီးသော အတွေ့အကြုံများအရ အသိပေးနေသည်မှာ လွတ်လပ်ရေးယူခဲ့စဉ်က သဘောတူညီခဲ့သည့် မျှတမှု အခြေခံကောင်းများကို ပြန်လည်ဖော်ထုတ်နိုင်မည့် အနေအထားရောက်ရန်အတွက် တိုင်းရင်းသား နိုင်ငံရေး အခြေအနေကို ပြန်လည်ပုံဖော် ယူရေးမှာ ယနေ့အချိန်တွင် အရေးကြီးသည်။


မအောင်မြင်သည့် နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေး


သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ဘာကြောင့် နောက်ဆုံးအဆင့် သဘောတူညီမှုကို မရောက်ရသနည်း ဟူသည့်အချက်နှင့် ပတ်သက်သည့် အမြင်ပေါင်းမျိုးစုံကို ကြားရပါလိမ့်မည်။ သို့သော် တိုင်းရင်းသားအုပ်စုများအတွက်မှု ထိုသို့မအောင်မြင် ရသည့် အချက်မှာ ဝမ်းနည်းစရာကောင်းလောက်အောင် မကြာခဏ ကြုံတွေ့ရသည့် အကြောင်းအချက်တစ်ခုပင်ဖြစ်သည်။ ပဋိပက္ခ ဒေသ များရှိ စစ်ရေးဆောင်ရွက်ချက်များတွင် ရရှိသည့် အာဏာများဖြင့် အကျိုးအမြတ်များ ရရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် နိုင်ငံရေး ရည်မှန်းချက်တစ်ခုအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုများအဖြစ် မမြင်ပဲ “ဥပဒေချိုးဖောက်သူ များ” သို့မဟုတ် “သောင်းကျန်းသူများ” အဖြစ် ရှုမြင်ကြသည့် တပ်မတော်ခေါင်းဆောင်ပိုင်းမှ သက်ဆိုင်သူများ အားလုံးပါဝင်စေလိုမှု မရှိခြင်း နှင့် ရိုးဖြောင့်မှုမရှိခြင်းကြောင့် ဖြစ်သည်။


ထိုအခြေခံကြောင့်ပင် အတားအဆီးများစွာ ကြုံတွေ့ခဲ့ရသည်မှာ အံ့ဩစရာမရှိပေ။ ဥပမာအားဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်ကရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေကို လိုက်နာရမည်ဟု အဆက်မပြတ် ပြောဆိုနေခဲ့ပြီး၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကို “လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနှင့် ပြန်လည်ပူးပေါင်းပါဝင်ရေး (DDR)” လက်ခံရ မည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်ကို ကြည့်နိုင်သည်။ ထိုသို့ပြုလုပ်လိုက်ပါက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဖျက်သိမ်းလျှင်ဖျက်သိမ်း မဖျက်သိမ်းလျှင် တပ်မတော်လက်အောက်မှ နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်း လဲရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ပဋိပက္ခဒေသများတွင် ထိုကဲ့သို့သော တပ်များစွာ ပေါ်ထွက်လာခဲ့သည်။ ထိုအမြင်က တိုင်းရင်း သား ခေါင်းဆောင်များသည် နိုင်ငံရေးအရ အဖြေထုတ်မှုကို လိုလားပြီး၊ လက်နက်ချခြင်းသော်လည်းကောင်း၊ ၎င်းတို့လူမျိုးများအတွက် ပိုမို စစ်ရေးအားကောင်းလာခြင်းကိုသော်လည်းကောင်း မလိုလားဟူသည့် အချက်ကို မျက်ကွယ်ပြုခြင်းဖြစ်သည်။


နောက်ထပ် မအောင်မြင်ရသည့် အချက်တစ်ချက်မှာ " နွားရှေ့ထွန်ကြူးခြင်း " ကြောင့်ဖြစ်သည်။ တပ်နယ်နိမိတ်များ ခွဲခြားမှု၊ စစ်ဘက် ကျင့်ဝတ်နှင့် နိုင်ငံအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံကောင်းများ မရှိသေးပဲ၊ ပူးတွဲ အပစ်ရပ် စောင့်ကြည့်ရေးနှင့် ထိန်းသိမ်းရေး ယန္တရားများ အဆင်သင့်မရှိသေးပဲ တိုင်းရင်းသား တပ်ဖွဲ့များကို တစ်ဖွဲ့ချင်း “နိုင်ငံတစ်ဝှမ်း အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်” အရင် လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များအားလုံး အတူတူ စိုးရိမ်ကြသည့်အချက်မှာ တပ်မတော်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ်ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (ကိုးကန့်)နှင့် ရက္ခိုင်တပ်မတော်တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို ထိုးစစ်ဆင်မှုများ ရှိနေခဲ့သည်။


" လုံခြုံရေး အဓိက " ဟူသည့် ရပ်တည်ချက်ကို ကိုင်ဆွဲလျက် တပ်မတော်အရာရှိများသည် အကြောင်းမျိုးစုံရှာ၍ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ကို ဦးသိန်းစိန်၏ NCA လုပ်ငန်းစဉ်တွင် ဆွေးနွေးဘက်အဖြစ် လက်ခံရန် ငြင်းပယ်ခဲ့သည်။ သို့သော်ထိုအခြေအနေသိသိသာသာ အသေအပျောက်များ ရှိနေသော၊ နေရပ်စွန့်ခွာရသူများ တိုးသထက်တိုးလာနေသော ပဋိပက္ခဒေသများကို အကျိုးသက်ရောက်မှုကမကောင်း မွန်လှပါ။ အများသိကြသည့်အတိုင်းပင် လက်ရှိ ပဋိပက္ခဒေသဖြစ်သည့် နိုင်ငံ၏ အနောက်မြောက်ပိုင်းမှာ နဝတ၊ နအဖ အစိုးရများ လက်ထက်က စံပြအပစ်ရပ်ဒေသများအဖြစ် ဆောင်ရွက်ခဲ့ကြဖူးသည်။ နိုင်ငံအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင် လက်နက်ကိုင် ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်းမှာ နိုင်ငံရေးအကြောင်းပြချက်များအရရော၊ စီးပွားရေးအကြောင်းပြချက်များအရပါ ဖြစ်သည်။


ထိုအခြေအနေတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် တက်တက်ကြွကြွလှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တစ်ဝက်အောက်တွင်သာ ရှိသော အရေအတွက်က NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုဝင်ဘာ ရွေးကောက်ပွဲနှင့် နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းရေး ရရှိရေးတွင် ပိုမို ဒီမိုကရေစီနည်းကျပြီး လူထုကို ကိုယ်စားပြုနိုင်သည့် အစိုးရက နောက်တစ်ဆင့်ကို လမ်းကြောင်း ဖော်နိုင် လိမ့်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် အဓိကကျသည့် အဖွဲ့များအားလုံးနီးပါး မပါဝင်ခဲ့ကြပေ။


အလျော့အတင်းလုပ်၍ ရနိုင်မလား


လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ သေချာရေရာမှု မရှိပေ။ ယခုအချိန်အထိ NCA သည် တစ်စိတ်တစ်ပိုင်း အပစ်ရပ်ရေးအဖြစ်သာ အသက်ဝင်နေသေးပြီး စုစုပေါင်း ၂၁ ဖွဲ့မှ ၈ ဖွဲ့ကသာ နိုင်ငံအဆင့် အပစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသေးသည်။ သို့သော် နိုင်ငံ၏ သမိုင်းကြောင်းတွင် အရေးကြီးဆုံး အကူးအပြောင်းကာလကို ဖြတ်သန်းနေရဆဲအခြေအနေတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သာမန်အခြေအနေရောက်ရှိရေးအတွက် တစ်စိတ်တစ်ပိုင်းသော NCA ဖြင့် ဖော်ဆောင်၍မရနိုင်ပါ။ ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားသည့် ပဋိပက္ခများနှင့် တိုက်လေယာဉ်များအပါအဝင် တပ်မတော်၏ စစ်ဘက်အရင်းအမြစ်များကို အမြောက်အမြားအသုံးပြုမှုများက နိုင်ငံရေးအရ ကျေလည်မှုရရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြနေသည်။


အဖြေများစွာ ရှာခဲ့ အဆိုပြုခဲ့ကြပြီးဖြစ်သော်လည်း သီအိုရီနှင့် အသေးစိတ်ပိုင်းတွင် ရှုပ်ထွေးနေဆဲဖြစ်သည်။ ကျွန်တော့်အနေဖြင့် ပထမ ဦးဆုံး ဆောင်ရွက်သင့်သည်ဟု ယူဆသည်မှာ အချင်းချင်း တိုက်ခိုက်နေသော အုပ်စုများအကြား “လက်ခံထားသည့် တန်ဖိုးများ” ဟုပဲဆိုဆို မည်သည့် အယူအဆ ကွဲပြားမှုများက မပြီးပြတ်နိုင်သည့် ရန်လိုမှုနှင့် ပဋိပက္ခများဖြစ်စေရသည့် အဓိကအချက်ဖြစ်သနည်းဟူသည့်အချက်ကို ဖော်ထုတ်ရမည်အချိန်ဖြစ်သည်ဟု ယူဆပါသည်။ နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေးတွင် အခြေခံကျသည့် အချက်များကို ရှာဖွေရာတွင် ကျွန်တော်တို့ အချင်းချင်းအကြား ရင်ကြားစေ့သင့်မြတ်ရေးနှင့် နားလည်မှုကို တည်ထောင်နိုင်မည့် နည်းလမ်းအား ဖော်ထုတ်သင့်ပါသည်။ ယနေ့ ဗမာ/မြန်မာဖြစ်သာသည့် နိုင်ငံရေး အစုအဖွဲ့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု သို့မဟုတ် ဝေမျှပါဝင်နေသည့် သမိုင်းကြောင်းကိုမှ သဘောမတူညီနိုင်ကြလျှင် အဖြေမှန် ရှာဖို့ ခက်ပါလိမ့်မည်။


တိုင်းရင်းသားများ၏ ရှုထောင့်မှ ကြည့်လျှင် ဗမာအများစု ပါဝင်နေသည့် တပ်မတော်၏ အချုပ်အခြာအာဏာပိုင်ပါသည်ဟု ကိုယ့် ဘာသာ ကိုယ် ကြွေးကြော်နေခြင်းသည် လျော်ကန်သင့်မြတ်မှုမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်လည်း တန်းတူဝေစုတစ်ခုကို ပိုင်ဆိုင် နေသည်ဟု ယူဆနေပြီး၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်နေသည့် ဤကဲ့သို့သော နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာမှာ ပူးပေါင်း ခွဲဝေ ထားရ မည်ဟု ယူဆသောကြောင့်ဖြစ်သည်။ ထို့အတူ နေပြည်တော်တွင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားရုပ်ထုများ မြင့်မားစွာ ထုလုပ် တန်ဆာဆင်ထားသည့် အခြေအနေမှတစ်ဆင့် တွေ့မြင်ရသည့် အနော်ရထာခေတ်ကတည်းက တစုတစည်းတည်းသော နိုင်ငံတော် အဖြစ် ရှိခဲ့သည်ဟူသည့် တပ်မတော်၏ ယနေ့မြန်မာနိုင်ငံကို ပုံဖော်မှုမှာလည်း ပိုမို သိမြင်နားလည်မှုရှိပြီး ဖက်ဒရယ်စနစ်ကို ဦးတည်သည့် အပြောင်းအလဲကို မျှော်မှန်းနေသည့် မတူညီသော တိုင်းရင်းသားအုပ်စုများအကြား မျှော်လင့်ချက်များကိုလည်း အားမကောင်းစေပါ။


ဆန့်ကျင်ဘက်အားဖြင့် တိုင်းရင်းသားအုပ်စုများသည် ဗမာနိုင်ငံကို သူတို့ကိုယ်တိုင် စိတ်လိုလက်ရ ပါဝင် တည်ထောင်ခဲ့သော၊ သူတို့လည်း တန်းတူပြောရေးဆိုခွင့်ရှိရမည်ဖြစ်သော ခေတ်သစ် နိုင်ငံရေး အစုအဖွဲ့ အသစ်တစ်ခုဖြစ်ရမည်ဟူသည့် အမြင်ရှိကြသည်။ သေချာသည်မှာ သူတို့ကိုယ်သူတို့ ပဝေသဏီက စစ်ရေးသမိုင်းကြောင်းကို အတင်းသွတ်သွင်းနေသည့် တပ်မတော်၏ လက်အောက်ခံအဖြစ် မရှုမြင်ပေ။ ထို့အတူပင် ဗမာအများစု လွှမ်းမိုးထားသည့် မျက်မှောက်ခေတ် တပ်မတော်သည် တိုင်းရင်းသားဒေသများသို့ ဝင်ရောက်ပြီး အချုပ်အခြာ အာဏာကို ကာကွယ်ရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲစေရန်ဟူသည့် အကြောင်းပြချက်များဖြင့် စစ်ဆင်ရေးများ ဆောင်ရွက် နေသည်။ ထိုအကြောင်းပြချက်များသည် ထိုစစ်ဆင်ရေးများသည် မိမိတို့၏ နယ်မြေများအား ကျူးကျော်သိမ်းပိုက်မှုများနှင့် စစ်ပြုမှုများ သာ ဖြစ်ပြီး ပြန်လည်ခုခံရမည်ဟု ယူဆနေသည့် ဒေသခံများအတွက် ယုတ္တိလည်းမရှိသလို နားကလောစရာဖြစ်လာစေခဲ့သည်။


သို့သော် ထိုအခြေအနေသည် မျှော်လင့်ချက် လုံးလုံးမဲ့သည့် အခြေအနေမျိုးတော့ မဟုတ်ပေ။ အပြောင်းအလဲကို မျှော်ကိုးသည့် စိတ်အား ထက်သန်မှုများမှာ နိုင်ငံအနှံ့အပြားတွင် သိသိသာသာ မြင်တွေ့နေရသည်။ လူငယ်မျိုးဆက်သစ်များတွင်လည်း တွေ့နေရသည်။ “ဒုတိယ ပင်လုံ” ခေါ်ပြီး တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ၂၁ ရာစု ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်မည်ဆိုလျှင် အတူတကွ ညီညီ ညွတ် ညွတ် ယှဉ်တွဲ တည်ရှိ နေထိုင်နိုင်မည့် လူ့အဖွဲ့အစည်းကို ထူထောင်ရန် ပထမခြေလှမ်းကို စနိုင်မည်ဖြစ်သည်။ ယခုအခါ ဒေါ်အောင်ဆန်း စုကြည်ကို လူထု၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို လိုလားမှုကို ဖော်ဆောင်ရန်အတွက် လူထုမှ အသိအမှတ်ပြု အာဏာအပ်နှင်းလိုက်ပေပြီ။ နိုင်ငံရေး အပြောင်းအလဲ ပိုမိုထိထိရောက်ရောက် ဖြစ်ပွားနိုင်ရန်အတွက် အရှိန်အဟုန်ကောင်း ရလာနေပြီဟုလည်း နိုင်ငံသားအများစုက ယုံကြည်နေကြသည်။


လက်ရှိအချိန်တွင် တပ်မတော်၏ တုံ့ပြန်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များကမူ အနာဂတ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပိုမိုကြီးမားများပြားစွာ ပြုလုပ်နိုင်ရေး ပြင်ဆင်နေကြပြီဖြစ်သည်။ လက်ရှိအချိန်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဦးသိန်းစိန်လက်ထက်က ပြဌာန်းခဲ့သည့် တိုင်းရင်းသား လူမျိုးများ အကာအကွယ်ပေးရေး ဥပဒေက အပ်နှင်းထားသည်ထက်ပိုသည့် အခွင့်အရေးများ လုပ်ပိုင်ခွင့်များ အပ်နှင်းပြီး အားကောင်း မောင်းသန်ဖြစ်စေရန်အတွက် ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း မြန်နိုင်သမျှ မြန်မြန် ဖော်ဆောင်နိုင်ရန်အတွက် တပ်မတော်က ထိန်းချုပ်ထားသည့် ပြည်ထဲရေး၊ ကာကွယ် ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများကို တွန်းအားပေးခြင်း၊ ညှိနှိုင်းခြင်း၊ ပူးပေါင်း ဆောင် ရွက်ခြင်းတို့ ပြုလုပ်နိုင်သည့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားနိုင်သည်။


အကျဉ်းချုပ်ဆိုရသော် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည့် စိတ်ပျက်ဖွယ်အဖြစ်အပျက်များနှင့် ဒုက္ခများကို ခံစားခံရပြီးနောက် အဘက်ဘက်မှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အစုအဖွဲ့များကသာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေးကို အမှန် တကယ်ဖော်ဆောင် ကြမည်ဆိုပါက နိုင်ငံသည် ကောင်းမွန်သော အပြောင်းအလဲကို ဦးတည်သွားမည်ဖြစ်ပါသည်။ ဤနေရာတွင် စိတ် စေတနာမှန်မှု၊ နိုင်ငံရေး စိတ်ဆန္ဒရှိမှုနှင့် ညှိနှိုင်းအဖြေရှာရန် အမှန်တကယ်လိုလားမှု များသည် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ကျော် ဖြတ်ရန်အတွက် မဖြစ်မနေလိုအပ်သော အရာများဖြစ်ပါသည်။ ထိုအရာများမရှိပါက ပြီးခဲ့သည့် နိုင်ငံရေး အခင်းအကျင်း အဆက်ဆက်တွင် ကြုံတွေ့ခဲ့ရသလိုပင် ငြိမ်းချမ်းရေး၊ ညီညွတ်မျှတရေးနှင့် တရားဥပဒေစိုးမိုးရေးဟူသည့် အစဉ်တစိုက်မျှော်မှန်းလာခဲ့ကြသည့် မျှော်လင့်ချက် များကို အနားမသီနိုင်ပဲ တဝဲလည်လည် ဖြစ်နေမည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ရာတွင် သမိုင်းတလျောက် ပဋိပက္ခများကို ဖြစ်ပွား စေခဲ့သည့် သက်ဆိုးရှည်နေစေခဲ့သည့် အယူအဆ မတူကွဲပြားမှုများကို ပေါင်းကူးနိုင်မည့် နည်းလမ်းများကို အစုအဖွဲ့အားလုံးက ရှာဖွေ ဖော်ထုတ်ကြရန် အရေးကြီးပါသည်။ ထိုလုပ်ငန်းကို နိုင်ငံ၏ အာဏာနှင့် အရင်းအမြစ် ခွဲဝေမှု လိုအပ်ချက်နှင့် ၎င်းမှ ရရှိမည့် နှစ်ဖက် အကျိုးအမြတ်များကို လက်ခံအသိအမှတ်ပြုခြင်းကို အခြေခံသည့် အပြုသဘော ဆွေးနွေးမှုဖြင့် ယှဉ်တွဲဆောင်ရွက်နိုင်ပါသည်။ ထိုအရာ ကား လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့်အပြင် လွတ်လပ်ရေးခေတ် ခေါင်းဆောင်များ သဘောတူခဲ့၊ မျှော်မှန်းခဲ့ကြသော အရာလည်း ဖြစ်ပါသည်။


စိုင်းဝန်းဆိုင်သည် ရှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူဖြစ်ပြီး Shan Democratic Union ၏ အထွေထွေ အတွင်းရေးမှူးဟောင်း တစ်ဦးလည်းဖြစ်သည်။


ဤသုံးသပ်ချက်သည် ဆွီဒင်မှ ရန်ပုံငွေထောက်ပံ့ပေးထားသည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

https://www.tni.org/en/node/23003


ဆက်ဖတ်ရန်


၂၁ ရာစု ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာမပျက်စေဖို့



ဘာသာရပ်တွေအလိုက် ခွဲခြားမယ်ဆိုရင် နိုင်ငံရေးနဲ့ စီးပွားရေးဘာသာရပ်တွေဟာ အရွှေ့အပြောင်းလုပ်တဲ့နေရာမှာ အတိမ်းအစောင်း မခံဆုံးဘာသာရပ်တွေဖြစ်ပါတယ် ။ သဘောကတော့ အမှားအယွင်းမခံတဲ့ ဘာသာရပ်တွေလို့ ဆိုနိုင် ပါတယ် ။ တဘက်ကလည်း အောင်မြင်တဲ့ နိုင်ငံရေး ၊ စီးပွားရေး အရွှေ့တွေဖြစ်ဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုနဲ့ ဆောင်ရွက်ချက်တွေရှိဖို့ လိုပါတယ် ။


အကောင်ထည်မဖော်ခင် ဘာဖြစ်ချင်သလဲ ဆိုတာ အရင်သိဖို့လိုအပ်သလို မဟာဗျူဟာကျကျဆောင်ရွက်နိုင်မှု ၊ ဦးဆောင် သူရဲ့ အရည်အချင်းစတဲ့အချက်တွေလည်း လိုအပ်ပါတယ် ။ အခုက အရွှေ့တစ်ခုကို စသွားနေပြီဖြစ်တဲ့အတွက် ဒါတွေပြော နေရခြင်းလည်း ဖြစ်ပါတယ် ။ စာရေးသူတို့နိုင်ငံရဲ့ အနေထားအရကတော့ Idealism  ( စိတ်ကူးယဉ် နဲ့ အတွေးအမြင်ပဓာန ဝါဒ ) သမားတွေထက် ဗိုလ်ချုပ်အောင်ဆန်းလို Pragmatism  လက်တွေ့ဆန်တဲ့သဘောတရားရေးရာ ကျင့်သုံး သူတွေ လိုအပ်လှပါတယ် ။ အကောင် ထည် ဖော်ရမဲ့သူတွေ ဦးဆောင်ရမဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံ့ရေးရာ ဘယ်ကိစ္စမှာ မဆိုအသွင် သဏ္ဍာန်ကော အနှစ်သာရအရပါ လက်တွေ့ ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ် ။ ဗိုလ်ချုပ်ရဲ့ ခေတ်ပြိုင် တွေ ထဲမှာ နိုင်ငံရေး သဘောတရားရေးရာအရ ဗိုလ်ချုပ်ထက် သာလွန်နှံ့စပ်သူတွေ ရှိပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ သူတို့ကို ဖြတ်ကျော်ဦးဆောင်နိုင်ခဲ့တာ သူ့ရဲ့ လက်တွေ့ ဆန်တဲ့ သဘောတရားရေးရာ ကျင့်သုံးမှုတွေကြောင့်ပဲဖြစ်ပါတယ် ။


၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်း အထူးသဖြင့် တလ နှစ်လအတွင်း ကျင်းပမယ့် အချိန်မဆွဲဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ သတိထားမိပါတယ် ။ မူအရဆိုရင် ဒီကိစ္စဟာ ကြိုဆိုစရာပါ ။ ဒေါ်အောင်ဆန်းစုကြည်လို လူထုထောက်ခံမှုနဲ့ နိုင်ငံတကာ ထောက်ခံမှု ရထားသူတယောက်က ခုလို ပြောတာဟာ တကယ်လည်း ကြိုဆိုအပ်ပါတယ် ။ ဒါပေမဲ့ နိုင်ငံရေးပြသနာဖြေရှင်းရေးဆိုတဲ့ ကိစ္စဟာ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ နှစ်မျိုးလုံး အဆင်ပြေမှ အောင်မြင်တဲ့ ကိစ္စဖြစ်တဲ့အတွက် လပိုင်းအတွင်း ပင်လုံညီလာခံဆိုတဲ့ ကိစ္စကိုတော့ အောင်မြင်ပါ့မလားဆိုတာ အနည်းငယ် စိုးရိမ်မိပါတယ် ။


အနည်းငယ်စိုးရိမ်ဆိုတာ ဒီလို ညီလာခံမျိုးကို ကန့်ကွက်တဲ့ သဘောတော့ မဟုတ်ပါဘူး ။ လပိုင်းအတွင်း လုပ်ဖို့ ဆိုတာက လက်တွေ့ ကျသလား မကျဘူးလားဆိုတာ သံသယဝင်မိလို့ပါ ။ သမိုင်းကြောင်းအရကော ၊ လက်တွေ့မျှော်မှန်းဆောင်ရွက် နိုင်စွမ်း  ၊ ပြင်ဆင်နိုင်မှု ၊ အလားအလာ ၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု စတဲ့အချက်တွေအပေါ်မူတည်ပြီး အကဲဖြတ် ဆောင်ရွက်ရင် ပိုအဆင်ပြေ မလားလို့လည်း မြင်မိပါတယ် ။ ခုလို ပြောနေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်စဖို့ လိုနေတာကို ကန့်ကွက်တဲ့ သဘောမဟုတ်ပါဘူး ။ လောလော ဆယ် အနေထားအရ အမြန်စဖို့ လိုနေတဲ့ အပိုင်းတွေရှိပေမဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ကြမဲ့ အပိုင်းတွေကိုတော့ တလ နှစ်လအတွင်း အပြီးသတ်ဖို့ ဆိုတာ အားလုံးအဆင်သင့်ဖြစ်မဖြစ် ပါဝင်နိုင်မှုရှိမရှိ ဆိုတဲ့ အကြောင်းအခြင်းအရာတွေလည်း ရှိနေတာကြောင့်ဖြစ် ပါတယ် ။


တကယ်တော့ သမိုင်းအရ ပြန်ကြည့်မယ်ဆိုရင်တောင် အောင်မြင်ခဲ့တဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ပင်လုံညီလာခံ ( ဒုတိယ ပင်လုံညီလာခံ ) ဟာ အောင်မြင်တယ်လို့ ဆိုနိုင်ပေမဲ့ အဲဒီခေတ်ကာလ အတိုင်းအတာနဲ့ စဉ်းစားရင်တောင် ပြည့်စုံခဲ့တဲ့ ညီလာခံမဟုတ်ပါဘူး။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးယူနိုင်ပေမဲ့ ပြည့်စုံမှုမရှိတဲ့ ညီလာခံနဲ့ သဘောတူခဲ့တဲ့ စာချုပ်ဖြစ် တာကြောင့် ပင်လုံစာချုပ်မှာ လက်မှတ် ရေး ထိုးခွင့်မရခဲ့တဲ့ ကရင် ၊ မွန်စတဲ့ တိုင်းရင်းသားတွေနဲ့ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြသနာတွေတက် ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရတာတွေက ယူတတ်ရင် သင်ခန်းစာရစရာတွေပါ ။


ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံစာချုပ်ကိစ္စမှာ ဘာတွေ့ရသလဲဆိုရင် ဗိုလ်ချုပ်အနေနဲ့ ဗမာကိုယ်စားလှယ်အဖြစ် ဦးဆောင်ခဲ့ပေမဲ့ သူ့နောက်ပိုင်းတက်လာခဲ့တဲ့ ဦးနုအပါဝင် ဗမာခေါင်းဆောင် အများစုဟာ ပင်လုံကတိကဝတ်ကို လက်တွေ့အကောင်ထည်ဖော်ဖို့ စိတ်မပါတဲ့အပြင် အစကတည်းက ငါတို့သဘောမတူခဲ့ဘူး။ ဆိုတဲ့ ကိစ္စရပ်တွေသာ များနေခဲ့တာ တွေ့ရပါတယ် ။ ဆိုရင်တော့ ဗမာခေါင်းဆောင်တွေကြားထဲမှာတင် တိုင်းရင်းသားတွေကို တန်းတူ အခွင့် ရေးပေးရမယ်ဆိုတဲ့ ကိစ္စဟာ မကျေလည်ခဲ့တာ ထင်ရှားပါတယ် ။ ဦးနုဟာ ဖဆပလ ကိုယ်စားလှယ်တွေ မအောင်မြင်ပဲအောင် ဖျာလိပ် ခဲ့ရတဲ့ ၁၉၄၆ ခုနစ် ပထမ အကြိမ် ပင်လုံ ညီလာခံမှာ  ဦးနုဟာ ဗမာကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင် တဖြစ်လဲ အဖြစ်တက်ရောက်ပြီး ဆွေးနွေးခဲ့သူလည်း ဖြစ်ကာ သူ့ရဲ့ မူတွေက တိုင်းရင်းသားခေါင်းဆောင် တွေကို မစည်းရုံးနိုင်ခဲ့ပဲ မအောင်မြင်လည်း ဖြစ်ခဲ့ရပါတယ် ။ ဗီုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုမှာ ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် တိုင်းရင်းသားတွေကို စည်းရုံးနိုင်ခဲ့သလဲဆိုရင် တိုင်းရင်းသားအခွင့်ရေးအတွက် ရဲရဲတင်းတင်းအာမခံခဲ့တာ ကြောင့်ဖြစ်ပါတယ် ။ ဒါပေမဲ့ ဖဆပလ ခေါင်းဆောင်တွေအကြားမှာတင် သဘောထားကြေလည်မှု မရှိခဲ့တာကြောင့် ဗိုလ်ချုပ်ကျဆုံးသွားတာနဲ့ ပြသနာပေါ်လာရခြင်းဖြစ်ပါတယ် ။ ဒါတောင် ဗီုလ်ချုပ်ရဲ့ အောင်မြင်ခဲ့တဲ့ ပင်လုံက အဲဒီခေတ်ကာလနဲ့ဆိုရင်တောင် တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ ။


လတ်တလော အနေထားအရတော့ လူများစုအသိုင်းဝန်းမှာ ထိပ်သီးတွေဖြစ်တဲ့ အန်အယ်လ်ဒီ အစိုးရနဲ့ တပ်မတော်အကြား တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကျေလည်မှု တစ်ခုရှိဖို့ လိုအပ်နေပါတယ် ။ ဒါမှလည်း လူများစုက လူနည်းစုကို ဘယ်လောက်ပေးမယ်ဆိုတဲ့ သဘောတူ ကျေလည်မှု ရှိမှသာ အဆင်ပြေနိုင်မှာ မို့လို့ပါ ။


နိုင်ငံမှာ ဖြစ်နေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အခြေနေကို ကြည့်ရင် ဗိုလ်ချုပ်ဦးဆောင်ခဲ့တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုတဲ့ ခေတ်နဲ့တောင် အတော်ကွာခြားသွားတာ တွေ့ရပါတယ် ။ ဗီုလ်ချုပ်အောင်ဆန်းခေတ်က တိုင်းရင်းသား တပ်တွေဆိုတာ အင်္ဂလိပ် လက်အောက်မှာ ရှိနေပေမဲ့ သူတို့က အခုလို သူပုန် မဟုတ်သေးတဲ့အပြင် ဂန္ဒီစာချုပ်အရ မြန်မာ့တပ်မတော်မှာ ပြည်ထောင်စုတပ် အသွင်ပေါင်းစည်းထားပြီးဖြစ်တဲ့အတွက် အပစ်ခတ်ရပ်စဲရေးတို့ စစ်လက်နက်ဖြုတ် သိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလို ကိစ္စရပ်တွေက ပင်လုံမှာ ဆွေးနွေးတဲ့အချိန်မှာ ဆွေးနွေးစရာ မလိုခဲ့ပါ ဘူး ။


အခုက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စုစုပေါင်း အင်အားက တသိန်းခွဲလောက် ရှိနေတဲ့အပြင် အဲဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာကိုပဲ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲ ရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲ့ဆိုပြီး နှစ်မျိုးရှိနေကာ မထိုးတဲ့ အဖွဲ့တွေက ပိုများနေပါတယ် ။ ဒါ့အပြင် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တော်တော် များများဟာ အင်အားတောင့်တင်းတဲ့ အဖွဲ့တွေ ဖြစ်နေတာကလည်း အပစ်ရပ်ဖို့ ဆိုတဲ့ ကိစ္စဟာ အရင် အရေးကြီးတဲ့ အနေထားမှာ ရှိနေတာပါ ။ ကျန်နေတဲ့အဖွဲ့တွေအများစုဟာ လက်မှတ်ထိုးချင်တဲ့အဖွဲ့တွေဖြစ်ပြီး တပ်မတော်က လက် မှတ်ထိုးဖို့ကို လက်မခံတဲ့ အေအေ ရက္ခိုင့်တပ်မတော် ၊ ကိုးကန့် MNDAA တို့လို အဖွဲ့တွေလည်း ရှိနေပါတယ် ။ အဲဒီလို အနေထားမှာ အစိုးရဖြစ်နေပြီဖြစ်တဲ့ အန်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်တို့အကြား အားလုံးလက်ခံမလား ၊ ဘယ်နှစ်ဖွဲ့လက်ခံမလဲဆိုတာက အရင် အကျေအလည် ဆွေးနွေးဖို့ လိုနေပါတယ် ။ လက်ရှိစစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ဒေသတွေကလည်း လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေမှာပဲ ဖြစ်နေတာလည်း တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အပစ်ခတ်ရပ်စဲရေးမှာ အားလုံး ပါဝင်ရေးဟာ အရေးကြီးတယ်လို့ ဆိုခဲ့ဖူးတာ သတိထားမိပါတယ်။ဒါကလည်း လိုအပ်တဲ့အရာပါ ။


ပြီးခဲ့တဲ့ ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတာကလည်း ကျင်းပခဲ့ပေမဲ့ ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲမဟုတ်တဲ့အပြင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုမူဘောင်အစုအဖွဲ့နဲ့ ပါဝင်မှုအရပါ ပြသနာတွေရှိခဲ့တဲ့ အခြေနေပါ ။ ( တပ်မတော်သား ကိုယ်စားလှယ်များလွန်းခြင်း ၊ အရပ်ဘက်အဖွဲ့စည်းကဏ္ဍ  မပါခြင်း စသဖြင့် )


ပထမအကြိမ်ညီလာခံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အပစ်မရပ်တဲ့အဖွဲ့တွေတက်ရောက်ဆွေးနွေးနိုင်မှု မရှိခဲ့ ။


သို့သော် ဖက်ဒရာယ်ပြည်ထောင်စုမှာ အခြေခံ ရမဲ့ စနစ် ၊ သယံဇာတခွဲဝေရေး ၊ ပြည်နယ်နဲ့ တိုင်းဒေသကြိးအစိုးရတွေ အခွန်ကောက် ခံနိုင်ခွင့်တိုးမြှင့်ရေး ၊ လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးနဲ့ လုံခြုံရေးကဏ္ဍ  ပြုပြင်ပြောင်းလဲရေး အရပ်သားအဖြစ် အသွင် ကူးပြောင်းရေး ( နိုင်ငံရေးအရ သဘောတူညီပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လျှော့ချ ဖျက်သိမ်းပြီးတချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင် ရဲ ၊ နယ်ခြားစောင့် စသဖြင့် အသွင်ပြောင်းရေး ၊ တပ်ဘက်ကတော့ အချိန်ကာလသတ်မှတ်ပြီးနိုင်ငံရေးအရ သဘောတူတူ မတူတူ လက်နက်ဖြုတ်သိမ်းကာ တချို့ကို တပ်မတော်အောက်နယ်ခြားစောင့်အဖြစ် ဆိုတဲ့ သဘောထားကို ဆွေးနွေးခဲ့ ) စတဲ့ ကိစ္စရပ်တွေကို တိုင်းရင်းသားအခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့အတွက် သဘောတူညီမှု ရပြီး အခြေခံ ဥပဒေပြင်ဆင်ရေးတွေသာ လုပ်နိုင်ခဲ့ရင် တိုင်းရင်းသားတွေနဲ့ ဗဟို ပြည်မကအစိုးရတွေအကြား ယုံကြည်မှုက အများကြီးတက်လာစေပြီး ပြည်တွင်းစစ်ရပ်စဲရေး အတွက် အထောက်ကူပြုနိုင်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ် ။


ငြိမ်းချမ်းရေး ညီလာခံကို ဆက်လုပ်မယ် တိုင်းရင်းသားအရေး ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဖက်ဒရာယ် ပြည်ထောင်စု ဆိုင်ရာ အခြေခံ ဥပဒေပေါ်ပေါက်လာဖိုလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာကတော့ ကြိုဆိုစရာပါ ။ ဒါပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေနဲ့ ပြည်တွင်းစစ်ဆိုတဲ့ ကိစ္စတွေဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားကာမှ တော်ရာကျမဲ့ အခြေနေပါ ။ လတ်တလော အခြေနေအရ ဆွေးနွေးမှုတွေက မြန်မြန်စဖို့တော့ လိုနေပါတယ် ။  ဆိုလို တာ ညီလာခံကဲ့သို့ အပြီးသတ် ဆုံးဖြတ်ရမဲ့ အခြေနေမျိုးမဟုတ်ပဲ အပစ်ရပ်ရေးမှာ အားလုံးပါဝင်ဖို့နဲ့ အမျိုးသားတွေ မျိုးနွယ်စုတူတွေအကြား ဘုံသဘော တူညီချက် တွေအရင်ထွက်လာဖို့ ဆိုတဲ့ ကိစ္စတွေက အရင်စရမဲ့ ကိစ္စရပ်တွေဖြစ်ပါတယ် ။ ဥပမာအားဖြင့် ဗမာတွေအနေနဲ့ ကျန်တဲ့ မျိုးနွယ်စု တိုင်း ရင်းသားအင်အားစုတွေနဲ့ ပြေလည်ဖို့ဆိုရင် ဗမာထဲမှာမှ အဓိကကျတဲ့အဖွဲ့စည်းတွေဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ တပ်မတော်တို့လို အဖွဲ့တွေ အကြား ပြေလည်မှု ရှိဖို့လိုပါတယ် ။ တိုင်းရင်းသားမျိုးနွယ်စုတွေအကြားမှာတော့ သက်ဆိုင်ရာ မျိုးနွယ်စုတွေအလိုက် တသံတည်း ထွက်နိုင်ဖို့ ဘုံသဘောတူညီချက်တွေရနိုင်ဖို့အမျိုးသားအဆင့်ဆိုင်ရာ ( ဥပမာအားဖြင့် ကရင်ပြည်နယ်ကဆိုရင် ကရင်လက်နက်ကိုင် အဖွဲ့စည်းတွေ ၊ နိုင်ငံရေးပါတီတွေနဲ့ လူမူ့အဖွဲ့စည်းတွေအကြား ) ဆွေးနွေးမှုတွေကလည်း လိုအပ်ပါတယ် ။ အဲဒီက ထွက်လာတဲ့ ရလာဒ်သဘောတူညိမှုကိုမှ ဗဟိုညီလာခံမှာ ပြန်ဆွေးနွေးတာ အားလုံးရဲ့ သဘောဆန္ဒပါဝင်နိုင်ပါတယ် ။


လတ်တလော အပစ်ရပ်ရေးဖြစ်စဉ်မှာတောင် သေချာစဉ်းစားရင် အန်အယ်လ်ဒီ အစိုးရ နေရမဲ့ နေရာက ကျယ်ပြန့်ပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးက နိုင်ငံတကာနိုင်ငံရေးနဲ့လည်း ဆက်စပ်နေပါတယ် ။ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှု ( အမေရိကန် အနောက်အုပ်စု နဲ့ တရုတ် အကြား ) မှာ ရောက်မှန်းမသိ ရောက်နေခဲ့တဲ့ တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ပြေလည်ဖို့ဆိုရင် တရုတ် နဲ့ အမေရိကန် လွန်ဆွဲပွဲမှာ ဘယ်ဘက်ကမှ မပါပဲသန့်သန့်လေးနေဖို့လိုပါတယ် ။


သဘောကတော့ကိုယ်ကျိုးစီးပွားမထိခိုက်တဲ့အခြေနေမှာ တရုတ်နဲ့လည်း ခင်ခင်မင်မင် ဆက်ဆံရမယ် ။ အမေရိကန်နဲ့လည်း ခင်ခင် မင်မင်ဆက်ဆံရမယ်ဆိုတဲ့ အနေထားပါ ။ ငြိမ်းချမ်းရေးလုပ်ဖို့ဆိုရင် တရုတ်လိုနိုင်ငံနဲ့ပါ အကျေလည်သဘော တူညီမှုယူဖို့လိုနေတာ ငြင်းမရတဲ့ ကိစ္စပါပဲ ။


လတ်တလောအခြေနေအရ ဆွေးနွေးပွဲတွေပြန်စဖို့ လိုနေတဲ့ဆိုပေမဲ့ နိုင်ငံရေးအရ အပြီးသတ်ဆွေးနွေးဆုံးဖြတ်နိုင်တဲ့ ပင်လုံလို ညီလာခံမျိုးက နေ့ချင်းညချင်း လုပ်ရမှာ မဟုတ်ပဲ တပ်မတော်နဲ့ အန်အယ်လ်ဒီအစိုးရအကြား သဘောတူညီမှုရအောင် ၊ အန်အယ်လ်ဒီ အစိုးရနဲ့ အပစ်မရပ်သေးတဲ့အဖွဲ့တွေ ၊ အပစ်ရပ်ထားတဲ့အဖွဲ့တွေအကြား ဆွေးနွေးမှု ပြန်စနိုင်အောင်စတဲ့ကိစ္စတွေကသာ အလျင်စလို လိုအပ်နေတဲ့ကိစ္စတွေသာ ဖြစ်ပါတယ် ။ အဲဒီအဆင့်တွေမှာ တစုံတရာကျေလည်မှသာအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေကို အခြေပြုလို့ ပင်လုံလို ညီလာခံကိုစနစ်တကျ ကျင်းပတာ အကောင်းဆုံးပါပဲ ။ တကယ်တော့တလ နှစ်လဆိုတဲ့အချိန်ဟာ တိုတောင်း လွန်းလှပြီး ပြင်ဆင်မှုမှာ အခက်ခဲတွေလည်း ရှိနိုင်သလို ညီလာခံဖြစ်ပြီး မအောင်မြင်ဆိုတဲ့ ကိစ္စတွေဖြစ်လာခဲ့ရင် ဆိုတဲ့ ကိစ္စတွေ လည်း ရှိနေပါသေးတယ် ။ ဒီကနေ့အထိ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေအကြား ( နိုင်ငံရေးပါတီတွေ ၊ အပစ်မရပ်သေးသူတွေ ၊ အပစ်ရပ်ထားသူတွေ အားလုံးကို ဆိုလို ) အစိုးရဖြစ်ပြီးကတည်းက သီးသန့် ဆွေးနွေးမှု လုံးဝ မရှိသေးပါဘူး ။ ဒါ့အပြင် မြန်မာငြိမ်းချမ်းရေးစင်တာကိုတောင် အရင်အစိုးရဆီကနေ အခုမှ လွှဲယူဖို့ လုပ်နေတုန်းပဲဖြစ်ပါတယ် ။


အောင်မြင်ပြီး အားလုံးပါဝင်မဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တရပ်ဖြစ်ဖို့ ဆိုရင်တော့ စနစ်ကျတဲ့ ပြင်ဆင်မှု ၊ အမျှော်မြင်ရှိမှုတွေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ် ။ ဗိုလ်ချုပ်သမီးဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ မအောင်မြင်ခဲ့ရင် ၊ ပင်လုံနာမည်တပ်ပြီး အပေါ်ယံဆန်ဆန်သာဖြစ်နေခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်းလည်း သိက္ခာကျနိုင်ပြီး သမိုင်းအမည်းစက်ပါ ဖြစ်လာနိုင်ပါတယ် ။ နိုင်ငံရေးမှာ လက်တွေ့ကျဖို့ လိုအပ်လှကြောင်းပါ ။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်



ဆက်ဖတ်ရန်


မတရား ကျူးလွန်ခံရသူ အမျိုးသမီးများအမှု အလေးထားဆောင်ရွက်ပေးရန် SWAN တိုက်တွန်း



လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ သက်မပြည့်သေးသည့် သျှမ်းအမျိုးသမီးအမှု ဆောလျင်စွာဆောင်ရွက်ပေးရန် တိုက်တွန်း ချက်ပါရှိသည့်ကြေငြာချက်တစောင်ကို  သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည် ။


မြန်မာပြည်တွင်းလာရောက်နေထိုင်သော တရုတ် စီးပွါးရေးလုပ်ငန်းရှင်က မြန်မာပြည်သူ အပေါ်အကြမ်းဖက် စော်ကားနေခြင်းကို မြန်မာ့တရားစီရင်ရေးစနစ်မှ ထိရောက်သည့် အရေးယူ  ဆောင်ရွက်ပေးရန် ပျက်ကွက် သည့်အပေါ်  ပြစ်မှုကျူးလွန်သူအား  အားပေးအားမြောက် ရာပြုသော တရားစီရင်ရေးစနစ်အဖြစ် ရှုံ့ချကြောင်း SWAN ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။


အဆိုပါကြေငြာချက်ကို ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက (အသက် ၁၈ နှစ်မပြည့်သေးသည့်) သျှမ်းအမျိုးသမီးတဦးအား တရုတ်စီးပွါးရေးလုပ်ငန်းရှင် ရှင်းဟွာကုမ္မဏီပိုင်ရှင်နှင့် သားမက်ဖြစ်သူမှ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပြင် အကြမ်းဖက်မှုကို ယနေ့အထိ တရားစီရင်ရေးမှ တရားမစီရင်ပေးသေးသည့်အပေါ် SWAN မှ ထောက်ပြထားသည် ။


“ ပြီးခဲ့တဲ့ကာလတလျှောက်လုံးပြန်ကြည့်ရင် တရားစီရင်ရေးမှာ ပိုက်ဆံချမ်းသာသူကဘဲ အမှုမှာ နိုင်တယ် ။ မြန်မာ နိုင်ငံမှာ တရားမျှတမှုဆိုတာမရှိခဲ့ဖူးဘူး ဆိုတာကို အစိုးရသစ် သိစေချင်တယ် ။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် တွေတုန်းက အဲလို မတရားပြုကျင့်ခံရတဲ့ မိန်းခလေးတွေ ခုချိန်ထိ တရားမျှတစွာ တရားစီရင်ပေးခြင်းမခံရတာ အများကြီးရှိနေဦးမယ်လို့ ယုံကြည်တယ် ။ သူတို့လေးတွေအတွက် ဆောင်ရွက်ပေး စေချင်လို့အခုလိုကြေငြာချက် ထုတ်ပြန် ရခြင်းဖြစ်ပါတယ် ။” - ဟုပြောခွင့်ရှိသူ ယိင်းဟန်ဖှက သျှမ်းသံတော်ဆင့်အား ပြောပြသည် ။


ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်က မန္တလေးတိုင်း ရှင်းဟွာကုမ္မဏီတာဝန်ခံ မောင်လှစိန်က ကုမ္မဏီ၏ ထမင်းချက် (အသက် ၁၇ နှစ်ရှိ) သျှမ်းအမျိုးသမီးငယ်တဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပြီး တာဝန်ယူ လက်ထပ်မည်ဟု  ပြောဆိုခဲ့ကြောင်း ၊ သို့သော် ၃ လအကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ကိုယ်ဝန်ရလာမှ လက်မထပ်သည့်အပြင် အမျိုးသမီးငယ်အား ကျပ်သိန်း ၄၀၀ ပေးလျော်မည်ဟု ထပ်မံ ပြောဆိုခဲ့ပြီး  ကိုယ်ဝန်ဖျက်ချဆေးကို အားဆေးဟု လိမ်ညာ တိုက်သဖြင့် ကိုယ်ဝန်ပါပျက်ကျခဲ့ကြောင်း ၊ လျော်ကြေးလည်း မပေးကြောင်း ကျူးလွန်ခံရသူအမျိုးသမီးက ပြောသည်ဟု ဆိုပါသည် ။


အမျိုးသမီးငယ်မှ တရားခံ မောင်လှစိန်အားလိမ်ညာမှုဖြင့် တရားစွဲအမှုဖွင့်ရာ ရှင်းဟွာကုမ္မဏီပိုင်ရှင် ၊ မောင်လှစိန် ၏ ယောက္ခထီးက ကျူးလွန်ခံရသူခလေးမ အား ခေါ်ယူကာ ရိုက်နှက်သည့်အပြင် ခလေးမ အား ခွင့်ပြုချက်မရဘဲ အိမ်တွင်းသို့ ခိုးဝင်သည်ဟု ထပ်မံအမှုဖွင့်တရားစွဲပြန်ကြောင်း ကာယကံရှင်ကပြောသည်ဟု SWAN ၏ ကြေငြာချက် တွင်ဖော်ပြထားသည် ။


တဖက်ကလည်း မိန်းခလေးဘက်မှ စွဲဆိုထားသော အမှုအပြင် - ရှင်းဟွာကုမ္မဏီမှ မိန်းခလေးအားစွဲဆိုထားသော အမှုကိုပါလက်ခံသည့် မူစယ်မြို့  တရားသူကြီး ဦးစည်သူထွန်း တဦးတည်းမှ အမှု ၂ ခုစလုံးကို ကြားနာ စစ်ဆေး နေသည့် တရားစီရင်ရေးစနစ်ကိုလည်း အံ့ဖွယ် တွေးတောဖွယ်ဖြစ်ရကြောင်း  SWAN  ကပြောဆိုသည် ။
 

“ တရုတ်လုပ်ငန်းရှင်တွေက ငွေကြေးကိုလမ်းခင်းပြီး အမှုတွေကိုကျော်လွားတယ် ။ စော်ကားခံရတဲ့ အမျိုးသမီးလေးတွေဘက်က ဘယ်သူမှရပ်တည်မှုမပေးခဲ့ဖူးဘူး ။ အစိုးရအပါအဝင်ပေါ့နော် ။ ဒါကြောင့် အစိုးရသစ်ကို ဒီအကြောင်းသိစေချင်တယ် ။ တိုင်းတပါး စီးပွါးရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံတရားစီရင်ရေးအပေါ် လွမ်းမိုးခြယ်လှယ် ခွင့်ပေးနေတာဟာ နိုင်ငံတော်အချုပ်အခြာအာဏာ ကိုထိပါးစော်ကားခွင့်ပြုနေတာဘဲဖြစ်တယ် - လို့သတိပေးလိုပါတယ် ။ ” - ဟု ယိင်းဟန်ဖ ကပြောပါသည် ။


ထို့ကြောင့်ငွေရှင်ကြေးရှင်များက ဒေသခံအမျိုးသမီးများအပေါ် ကျူးလွန်နေသည်ကို ဆောလျင်စွာရပ်ဆိုင်း ပေးပါရန်နှင့် ကျူးလွန်ခံနေရမှုကို လျစ်လျူရှုခြင်းမပြု  အရှိန်မြင့်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းသည်ဟု စွမ်းအဖွဲ့က ပြောဆိုပါသည် ။


“ SWAN အနေနဲ့ကတော့ အစော်ကားခံ အဖိနှိပ်ခံ အမျိုးသမီးတွေဘက်က ရပ်တည်ပေးသွားမယ် ။  အဲဒီလို အမျိုး သမီးတွေ မတရားကျူးလွန်ခံနေရတဲ့အပေါ် ကူညီပေးပါ ဖေးမပေးပါလို့ မိဘပြည်သူလူထုအားလုံးကိုလည်း အားလုံးကိုတောင်းဆိုချင်တ ယ်။  များသောအားဖြင့် အရှက်တရားကြောင့် မိဘဆွေမျိုးသားချင်းတွေက အမှုကို ဒီအတိုင်းဘဲ ပစ်ထားကြတယ် ။ အခုခေတ်မှာ အဲ့လိုမဖြစ်သင့်တော့ပါဘူး ။ မတရားမှုကို တရားမျှတစွာ စီရင်ဖို့အတွက် အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ပေးစေချင်ပါတယ် ။ ”- ဟုယိင်းဟန်ဖက တိုက်တွန်းပြောဆိုပါသည် ။


ဆက်ဖတ်ရန်


မူးယစ်ဆေးဝါးကင်းစင်ရေးထွက်ပေါက် ဆွေးနွေးပွဲ သမိုင်းဝင်ပင်လုံတွင် ပြုလုပ်ကျင်းပ



သျှမ်းပြည်တောင်ပိုင်းပင်လုံမြို့တွင် USAID၊  BNI  တို့၏ပံ့ပိုးမှုဖြင့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ မူးယစ်ဆေးဝါးကင်းစင်ရေးထွက် ပေါက် ဟူသည့် ဒီဘိတ်ဆွေးနွေပွဲ ပြုလုပ်ကျင်းပခဲ့သည် ။


ဧပြီလ ၂၇ ရက် မနက် ၉ နာရီမှ ၁၁ နာရီအထိ ပင်လုံမြို့  သျှမ်းစာပေနှင့်ယဉ် ကျေးမှု အသင်းရုံးတွင် အဆိုပါဒီဘိတ်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးသူများနှင့် တက်ရောက်နားထောင်သူ ၁၀၀ နီးပါးရှိပါသည် ။


“ ဒီကနေ့ ပင်လုံမြို့မှာ မူးယစ်ဆေးဝါး ကင်းစင်ရေးထွက်ပေါက်ဆိုတဲ့ ဒီဘိတ် ဆွေးနွေးပွဲ ကျင်းပ ရခြင်းကတော့ - ပင်လုံမြို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို မွေးထုတ်ပေးတဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တယ် ၊ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျောက်တိုင်ထူတဲ့နေရာဖြစ်တယ် ဆိုတဲ့အကြောင်းသျှမ်းပြည်သားတိုင်းကိုသိစေချင်တယ် ။ ပင်လုံမြို့ ၊ ပင်လုံကျောက်တိုင် ၊ ပင်လုံစာချုပ် ၊ ပင်လုံကတိ ဆိုတဲ့ဟာကို သျှမ်းပြည်သား လူငယ်တွေကိုသိစေချင်တဲ့ဆန္ဒကြောင့်ဖြစ်တယ် ။  လာပြီးဆွေးနွေးတဲ့သူတွေကတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗိုလ်မှူးစိုင်းဆိုင်ဝမ်း ၊  လူငယ် Youth ထဲကတော့ ပင်လုံမြို့လူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဆု ဖြစ်ပါတယ် ။ နိုင်ငံရေးပါတီက NLD  ပါတီက ဦးရဲလှိုင်နဲ့ SNLD ပါတီက ဒေါ်နန်းမြထွေး တို့ဖြစ်ပါတယ် ။ မူးယစ်ဆေးဝါး  ရဲ့ ဆိုးကျိုး၊ကောင်းကျိုးကို လူငယ်ထုကိုသိစေချင်လို့၊ ဆေးသုံးနေတဲ့လူငယ်တွေ အဲတာသိပြီးရင် အချိန်မှီ ဆင်ခြင် ရှောင်ရှားနိုင်ဖို့ ၊ ဆေး ဖြတ်နိုင်ဖို့၊ မသိသေးတဲ့လူငယ်တွေလဲ သိပြီးရင် မူးယစ်ဆေးနဲ့ ဝေးအောင်ရှောင်ရှားနိုင်ဖို့ရည်ရွယ်ပါတယ် ။” - ဟု သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းကပြောသည် ။


အဆိုပါဆွေးနွေးပွဲတွင် RCSS/SSA က ဗိုလ်မှူးစိုင်းဆိုင်ဝမ်းက - လက်ရှိကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြသနာကိုပြန်ကြည့်မယ်ဆိုရင် အစိုးရနဲ့ ရှမ်းပြည်တပ်မတော်ဘက်က ၂၀၁၂ ခုနှစ်ကဆွေးနွေးမှုအရ မူးယစ်ဆေးဝါးလက်တွဲပူးပေါင်း တိုက်ဖျက်မယ်လို့သဘော တူထား တယ် ။ သို့ပေမယ့်လက်တွေ့ ကွင်းဆင်းတိုက်ဖျက်တော့မယ်ဆိုရင် ရှမ်းပြည်တပ်မတော်ကို လက်နက်တွေဘာတွေကိုင်ခွင့်မပြုဘူး ။ မူးယစ်တိုက်ဖျက်မယ့် တာဝန်ရှိပုဂ္ဂိုလ်ကိုတော့ လက်နက်ပါခွင့်မပေးဘူး ။ ဟိုဘ က်မှာ မူးယစ် ရောင်းဝယ်သူတိုင်းက လက်နက်တွေရှိတယ် ။ ဘယ်လိုလုပ်ပြီး ရှင်းလင်းနိုင်မလဲ ။ အဲတာလည်း RCSS/SSA ကိုမူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အဟန့်အတားဖြစ်နေတယ် ဒါကြောင့် လက်တွေ့ရှင်းလင်းဖို့ အဆင်မပြေဘူး ။- ဟုပြောသည် ။


NLD  ဘက်က ဦးရဲလှိုင် တင်ပြတာကတော့ - မူးယစ်ဆေးဝါး ပျံ့နှံ့မှုက တကယ်ကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့တယ် ။ အစိုးရအနေနဲ့ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်နိုင်ဖို့ တနိုင်ငံလုံးအပေါ် တရားဥပဒေ စိုးမိုးဖို့လိုတယ် ။ အခုကျတော့ အာဏာဟာ လူထုအားလုံးအပေါ် မခြုံလွမ်းနိုင်လို့ ဒေသတွင်း သြဇာအာဏာကြီးသူက ဒီအခွင့်အရေးကို အမိအရ ကိုင်ပြီးတော့ မူးယစ်ဆေးဝါးတွေထုတ်လုပ်ရောင်းချတယ် ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး ဟာ ပြည်သူလူထုအားလုံး နေရာဒေသအားလုံးအပေါ် လွမ်းခြုံနိုင်မှသာ မူးယစ်ဆေးဝါးကိုထိထိရောက်ရောက် တိုက်ဖျက်နိုင်မယ် ။ အဓိက အရေးပါဆုံးကတော့ ငြိမ်းချမ်းရေးပါ် ။ ငြိမ်းချမ်းရေးမအောင်မြင်ရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ဆက်ရှိနေမယ်။ များပြားလာမယ် ။ အဲလိုဆိုရင် တယောက်အပေါ်တယောက်အပြစ်တွေလွဲချ ။ ဘယ်တော့မှ မူးယစ်ဆေးတိုက်ဖျက်ရှင်းလင်းနိုင်မှာမဟုတ်ဘူး - ဟုပြောဆိုသွားသည် ။


SNLD မှ ဒေါ်နန်းမြထွေး  က - မူးယစ်ဆေးဝါးကိုအရင်တုန်းက ရှာဝယ်ရခက်သေးတယ် ။ ခုကျတော့ ရှာဝယ်ရလွယ်လွန်းလို့ ကျပ် ၁၀၀၀ ဆိုရင် ၃ ပြားတောင်ရတယ် ။ လူတိုင်းက ၀ယ်သုံးနိုင်တဲ့အနေအထား ။ အဲလိုအနေအထားရောက်လာပြီဆိုရင် လူထုအားလုံးအပေါ် ထိခိုက်လာတယ် ။ လူငယ်ထုက အဓိကအများဆုံးပါ ။ အိမ်ထောင်စုတခုမှာ မူးယစ်ဆေးသုံး သူတယောက်ရှိရင် မိသားစုဘယ်လိုမှ မသာယာနိုင်တော့ပါဘူး ။ ပူလောင်သောက ရောက်မယ် ။ မျက်ရည်တွေကျရမယ်။ ဒါကြောင့် SNLD အနေနဲ့ လွတ်တော်ထဲရောက်သွား တဲ့သူတွေဟာ အစိုးရနှင့်ဖြစ်စေ ၊ တခြားသော နိုင်ငံရေးပါတီတွေနှင့်ဖြစ်စေ ၊ တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်စေ လက်တွဲဆောင်ရွက်သွားဖို့ ပေါ်လစီရှိပါတယ်။ - ဟုဆိုသည် ။


လူငယ်ခေါင်းဆောင် စိုင်းဆုက - လက်ရှိ လူငယ် ၁၀ ယောက်မှာ ရ ယောက် ၈ ယောက်က မူးယစ်ဆေးသုံးနေတဲ့သူတွေ။ ဒါကြောင့် လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ကင်းဝေး အောင် ရည်ရွယ်ပြီးတော့ သျှမ်းလူငယ်ကွန်ယက်ကနေပြီး သျှမ်းပြည်တဝှမ်းကလူငယ်တွေကို ဦးဆောင်ပြီးတော့  စုပေါင်းတောင်တက်ခြင်းလှုပ်ရှားမှုတွေလုပ်လာတယ် ။ ရည်ရွယ်ချက်က တော့ မိမိပတ်ဝန်းကျင်နဲ့  သဘာဝပတ်ဝန်းကျင်ကို အလေးထားတတ်လာ အောင် ၊ မိမိ မိသားစုကိုမြတ်နိုးတန်ဖိုးထားတတ်လာအောင် ရည်ရွယ် တယ် ။  ဒါပေမယ့် နိုင်ငံရေးသမားတွေ ၊ လက်နက်ကိုင်တပ်ဖွဲ့တွေဟီာနိုင်ငံရေးကိုအကြောင်းပြပြီးတော့  မူးယစ်ဆေးဝါးပြသနာကို အမှန်တကယ်မဖြေရှင်းဘဲ လက်ကိုင်ဒုတ်တခုအဖြစ် သုံးနေတာတွေ့ရတယ် ။ ဒါကြောင့် လူငယ်အနေနဲ့ အဖွဲ့တိုင်းနဲ့လက်တွဲပြီးတော့  မူးယစ်ဆေးဝါးပြသနာကိုကြိုးစားတိုက်ဖျက်သွားမယ် - ဟုအဓိကထား ပြောဆိုသွားသည် ။


သျှမ်းသံတော်ဆင့်သတင်းဌာနအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဒီဘိတ်ဆွေးနွေးပွဲ ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်ကမူ ရွေးကောက်ပွဲနှင့်ပတ်သက် သည့် ဒီဘိတ်ကို တောင်ကြီးမြို့နှင့်ကျိုင်းတုံမြို့တို့တွင်ကျင်းပခဲ့ပြီးဖြစ်သည် ။ ဆက်လက်ပြီး ရွေးကောက်ပွဲ အလွန်မျှော်လင့်ချက် ဟူသည့်ခေါင်းစဉ်ဖြင့် လားရှိုးမြို့တွင်ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်သည် ။



“ ဒီနေ့လုပ်ခဲ့တာကတော့ ဘာအခက်အခဲမှမရှိပါဘူး ။ ရဲ၊ထောက်လှမ်းရေးပုဂ္ဂိုလ်တွေလဲ တက် ရောက်ပါတယ်။ အဓိကကတော့ နိုင်ငံရေးပြသနာ မူးယစ်ဆေးပြသနာ တွေကိုဖြေရှင်း နိုင်ဖို့ အတွက် လူထုရဲ့ ဗဟုသုတအပေါ် ၊ အသိစိတ်အပေါ် မူတည်တယ် ။ မူးယစ်ဆေးဟာ ငါနဲ့မဆိုင် ဘူးလို့ မမြင်ကြဖို့ သတိပေးလိုပါတယ် ။ အိမ်ပြင်မှာရှိနေတဲ့မူးယစ်ဆေးဝါးပြသနာ ကိုယ့်အိမ် သားတယောက်ယောက်ကများ အိမ်ထဲကိုဆွဲခေါ်လာရင် တအိမ်လုံးအခက်တွေ့ရပါမယ် ။ ဒါကြောင့် တအိမ်သားလုံးမူးယစ်ဆေးဘေးကနေ ရှောင်ရှားနိုင်ဖို့ မူးယစ်ဆေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို သိအောင်လေ့လာရမယ်ပြီးရင်ရှောင်ရှားရပါမယ် ။” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ စိုင်းမိဏ်းကပြောဆိုပါသည် ။


မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြသနာနှင့်ပတ်သက်ပြီး UNODC ၏ ကြေငြာချက်တွင် ကမ္ဘာတွင် အာဖဂန်နစ္စတန်ပြီးလျှင်  မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင် သျှမ်းပြည်နယ်သည် ဘိန်းအထွက်အများဆုံး မူးယစ်ဆေးအပျံ့နှံ့ဆုံးဖြစ်ကြောင်းလည်း ဖော်ပြထားပါသည် ။


ဆက်ဖတ်ရန်


SSPP/SSA ၅၂ နှစ်ပြည့် ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလနှင့်ဆက်သွယ်မေးမြန်း



ပြီးခဲ့တဲ့ ဧပြီလ ၂၃ နဲ့ ၂၄ ရက်နေ့တုန်းက သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တည် ထောင်ခြင်း ၅၂ နှစ်ပြည့်ပြီဖြစ်ရာ Shan State Army 52nd Anniversary 1964-2016 ကို သျှမ်းပြည်တိုးတက်ရေးပါတီအခြေစိုက်ရာ ကျေးသီးမြို့နယ်ဝမ့်ဟိုင်းမှာ  ကျင်းပခဲ့ပါတယ် ။ ပွဲတော်နဲ့ပတ်သက်ပြီးတော့ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ် ။


မေး ။ ။ သျှမ်းပြည်တိုးတက်ရေးပါတီမွေးနေ့ ပွဲ ဘယ်နှစ်ရက်ကျင်းပပါသလဲ ။


ဖြေ ။ ။ ၂ ရက်ဘဲကျင်းပပါတယ် ။ ၂၃ နဲ့ ၂၄ ရက် ။ ပွဲတက်ရောက်သူ ၅၀၀၀ ရှိပါတယ် ။ စာရင်းအရသိရတာက ၄၅၀၀ နဲ့ စာရင်းမရတာက ၁၀၀၀ ။


မေး ။ ။ ဥက္ကဌကြီးက မတက်ရောက်ဘူးဆိုတာဟုတ်ပါသလား ။


ဖြေ ။ ။ ဟုတ်ပါတယ်။ အခြေအနေအရရယ်။ ကျန်းမာရေးအရရယ် ဥက္ကဌကြီးမတက်ရောက်ပါဘူး ။


မေး ။ ။ ပွဲတော်အတွင်းမှာအမှာစကားပြောတဲ့ အကြီးအကဲက ဘယ်သူရှိပါသလဲ ။


ဖြေ ။ ။ နာယကကြီးနဲ့  ဒုဥက္ကဌ တို့အမှာစကားပြောပါတယ် ။ နာယကကြီးစဝ်ဆေထဲန်က SSPP/SSA မွေးနေ့ပွဲကျင်းပရခြင်းအကြောင်းရင်း ၊ သျှမ်းပြည်တပ်မတော် ဖွဲ့စည်းတည်ဆောက်လာပုံ ၊ သျှမ်းပြည် တပ်မတော်သမိုင်း၊ ဖြတ်သန်းလာခဲ့တဲ့ အခြေအနေနဲ့လက်ရှိအခြေအနေ ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အစိုးရသစ် စတဲ့အကြောင်းတွေ ပြောပြသွားပါတယ် ။


မေး ။ ။ လာမယ့် ၂၇ ရက်နေ့မှာ ရမခ တိုင်းမှူးက ဗျူဟာမှူးနဲ့ SSPP/SSA တို့ပူးပေါင်းပြီးတော့ နယ်မြေစစ်ဆေးရေးလုပ်ရှားမှုပြုမယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။


ဖြေ ။ ။ ကောင်းတာပေါ့။ ပစ်ခတ်တိုက်ခိုက်မှုမရှိစေချင်လို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းကြတာဘဲ ။


မေး ။ ။ ဒေသတွင်းစစ်ဆေးရေးလုပ်ဖို့ဆိုတာကကော် ။


ဖြေ ။ ။ ဒီအတွက်ဆွေးနွေးပါဦးမယ် ။


မေး ။ ။  တပ်မတော်ဆီအကြောင်းပြန်ပြီလားခင်ဗျ ။ သူတို့ဆင့်ဆိုကမ်းလှမ်းချက်ကိုသဘောတူ ပါသလား ။


ဖြေ ။ ။ ဒါမဆွေးနွေးရသေးဘူးဗျ ။ သျှမ်းပြည်တိုးတက်ရေးမွေးနေ့ပွဲရယ် ။ ရုံးမတက်ရသေးတာ ကြောင့် လူကြီးတွေနဲ့မဆွေးနွေးရသေးဘူး ။


မေး ။ ။ တပ်စခန်းတွေရုပ်သိမ်းပေးရေး တပ်မတော်ရဲ့တောင်းဆိုမှုကို SSPP/SSA ဘယ်လိုပြောချင် ပါသလဲ ။


ဖြေ ။ ။ တပ်စခန်းတွေတနေရာပြီးတနေရာဆုတ်ခိုင်းတာက တပ်မတော်ရဲ့အကျင့်ဖြစ်နေပြီ ။ သူတို့ ဖြစ်စေချင်တာက SSPP/SSA ကို ၀မ့်ဟိုင်းမှာလာစုပြီး နေစေချင်တာဖြစ်တယ် ။


မေး ။ ။ သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၅၂ နှစ်မြောက်မွေးနေ့ပွဲကနေ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် ဘယ်လိုမြင်ပါသလဲ ။


ဖြေ ။ ။ ဘယ်အခြေအနေဘဲဖြစ်လာလာ ကျနော်တို့ သျှမ်းပြည်တိုးတက်ရေးပါတီက စွဲကိုင်ထားတဲ့ မူဝါဒ အတိုင်း ထားရှိတဲ့ရည်မှန်းချက်အတိုင်း ရောက်အောင်သွားပါမယ် ။


သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ ၅၂ နှစ်မြောက်အခမ်းအနားအပြီး ၂၄ ရက်နေ့မှာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက ပွဲတက်ရောက်သူ သျှမ်းအကြီးအကဲများနဲ့ ဒေသခံလူထုကိုတွေ့ဆုံပွဲ တရပ်ကျင်းပခဲ့ကြောင်း ၊ ဒေသခံလူထုက သျှမ်းပါတီကြီး ၂ ခုပေါင်းစည်းရေး ၊ သျှမ်းတပ်မတော်ကြီး ၂ ခု ပေါင်းစည်းရေးတို့ကို ထပ်မံတောင်းဆိုကြကြောင်းလည်း ဆွေးနွေးပွဲတက်ရောက်သူ နန်းဟွမ်က ပြောပြပါတယ် ။


သျှမ်းပြည်တပ်မတော် SSA ကို ၁၉၅၈ ခုနှစ်မေလ ၂၁ ရက်မှ ညောင်ရွှေစော်ဘွားကြီးရဲ့ မဟာဒေဝီ စဝ်မယ် နန်းဟိန်းခမ်းက စတင်တည်ထောင်ခဲ့ပြီးတော့ သျှမ်းပြည်တိုးတက်ရေးပါတီ ကိုတော့ ၁၉၆၄ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။




ဆက်ဖတ်ရန်


တီကျစ် ကျောက်မီးသွေးစက်ရုံ ပြန်လည် လည်ပတ်ရန်စီစဉ်နေမှုအပေါ် သျှမ်း ၊ ပအိုဝ်း ၊ ဓနုစသည့် ဒေသခံ တိုင်းရင်းသားများ ကန့်ကွက်ဆန္ဒပြ



သျှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့နယ်ခွဲရှိ တီကျစ်ကျောက်မီးသွေးစက်ရုံအား တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုဖြင့် ပြန်လည်လည်ပတ်ရန် ပြင်ဆင်နေမှုအပေါ် ဒေသခံ ရှမ်း ၊ ပအိုဝ်း ၊ ဓနုစသည့် တိုင်းရင်းသားများမှ စုပေါင်းဆန္ဒပြကန့်ကွက်ခဲ့ကြပါသည် ။


တီကျစ်မြို့ဦး ဘုန်းတော်ကြီးကျောင်းတွင် ကျောက်မီးသွေး လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီက လူမှုနှင်မ့ သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်နိုင်မှုဆိုင်ရာ စစ်တမ်း EIA /SIA ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြနေစဉ် လာရောက်သည့် ဒေသခံသုံးပုံနစ်ပုံက ကန့်ကွက်ကြောင်း စာရွက်များကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည် ။

ဓါတ်ပုံ > သျှမ်းသံတော်ဆင့် / တီကျစ် ကျောက်မီးသွေး ပြန်လည် လည်ပတ်မှု အလိုမရှိသည့် ဒေသခံများ နှင့် ကျောက်မီးသွေးလုပ်ငန်းမြင်ကွင်း

ခေတ္တရပ်နားထားရာမှ ပြန်လည် လည်ပတ်တော့မည့် တီကျစ် ကျောက်မီးသွေးစက်ရုံမှာ လူနေအိမ်ခြေများ အနီးတွင် တည်ရှိပြီး ယခင်စစ်အစိုးရ လက်ထက်မှ စတင်၍ ဒေသခံများ ကန့်ကွက်မှု ရှိခဲ့သည့် စက်ရုံလည်း ဖြစ်သည် ။ တီကျစ်မြို့ဦး ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ကျောက်မီးသွေး စက်ရုံတည်ဆောက်မည့် ဝူရှီးဟာဖန်း တရုတ်ကုမဏီတို့ တက်ရောက်ခဲ့ကြသည် ။


ယခင် စစ်အစိုးရ လက်ထက်မှ စတင်ကာ တည်ဆောက်ခဲ့သော ကျောက်မီးသွေးစက်ရုံများမှ ထွက်ရှိလာသည့် ပြာမှုန်များကြောင့် ဒေသခံပြည်သူများသည် ယားနာကဲ့သို့သော ဝေဒနာများကို ခံစားနေရပြီး ၊ ယခုနှစ်မှ စတင်ကာ ရေရှားပါးမှု ပြဿနာကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုကြသည် ။


ယင်းစီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိ သူများက ကျောက်မီးသွေးကို အသုံးပြု၍လျှပ်စစ်ထုတ်လုပ်မှုအကျိုးရလာဒ် သည်နိုင်ငံ့ဝင်ငွေတိုးတက်မှုများစွာရရှိနိုင်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုနည်း ကြောင်းရှင်းလင်းတင်ပြသွားခဲ့သည် ။


“ တရုတ်နိုင်ငံမှာ မလုပ်နိုင်တဲ့ဟာတွေ ကျတော်တို့ ဒေသတွေမှာ လူနေမှုစနစ်တအားညစ်နွမ်းအောင်လာလုပ်ကြတယ် ၊ မနက်ဆိုရင် ၃ နာရီကနေမိုးလင်းအထိ ၊ ညဆိုရင် ရ နာရီကနေတောက် လျောက် အဲ့ဒီကကျောက် မီးသွေးညှော်နှံ့တွေရွာတွေဘက်ကို ရောက်လာပြီး တအားနှံ့တာ ဘယ်လိုအနှံ့လဲဆိုတော့လမ်းပြင်တဲ့ကတ္တရာမီး ရှို့ထားတဲ့အနှံ့ ရေချိုးရင်လဲယားတယ် ဆေးရုံရောက်ကြတယ် ၊ စိုက်ပျိုးထားတဲ့အပင် တွေလဲပုတ်ကုန်တယ် ၊ မွေးမြုရေး တိရိစ္ဆာန်တွေလဲသေတယ် ကောင်းကျိုး ဘာတစ်ခုမှမရှိဘူး ၊ အခုရွာတွေမှာသုံးနေတဲ့မီးကလဲ လောပိတကနေတိုက် ရိုက်သွယ်သုံးနေကြရတာ ”ဟုတီကျစ်ဒေသခံဦးသောင်းတင်ကပြောသည် ။


ကျောက်မီးသွေးတူးဖော်ရာတွင် ပေ လေးရာ ထက်မနည်း နက်ခြင်း ကြောင့် ပတ်ဝန်းကျင်ရှိ လေးဖက်လေးတန်ရေများ တွင်းထဲသို့ရောက် ရှိကုန်၍ ၄င်းပတ်ဝန်းကျင်ရှိ ကျေးရွာများမှရေ ရှားပါးမှုပြဿနာ ၊ ရေမသန့်ရှင်းမှု ၊ လေထုညစ်ညမ်းမှု ၊ စိုက်ပျိုးရေးလုပ်ငန်းများ များဆုတ် ယုတ်လာမှု များကို ဒေသခံများအနေဖြင့်ရင်ဆိုင်နေရကြောင်း ၊ ကျောက်မီးသွေးမှ ထွက်ရှိလာ သောပြာများသည် ရေနှင့်ရော ကာမြေဆီလွှာများပျက်ဆီးပြီး အင်္ဂတေသဖွယ်ဖြစ်လာနိုင်သောကြောင့် ဒေသခံလူထုများက စိုးရိမ်ပူပမ် လျှက်ရှိသည် ။


၂၀၁၄ ခုနစ် အကုန်တွင် ကျောက်မီးသွေးစက်ရုံတွင် တပ်ဆင်ထားသည့် စက်ပစ္စည်းများမှာ ခေတ်မီခြင်းမရှိဟု ဆိုကာ စက်ရုံအား ခေတ္တရပ်နားခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ခါနီးတွင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် Wu HauGaung ကုမဏီမှ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကာ တင်ဒါပေးမှုမှာလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ဟု ဒေသခံများက ဆိုသည် ။


' တရုတ်ကုပ္မဏီကို တင်ဒါစနစ်နဲ့ အောင်မြင်ခဲ့တာလို့ပြောသွားပါတယ် တင်ဒါကို ဘယ်နိင်ငံ ဘယ်ကုပ္မဏီတွေက တင်ခဲ့သလဲဘယ်လိုအောင်မြင်ခဲ့တာလဲဆိုတာမရှင်းလင်းဘူး အပြင် စာချူပ်ဘယ်လိုချူပ်ခဲ့သလဲဆိုတာပြောပြခြင်းမရှိတာကိုတွေ့ရပါတယ် တရုတ်ကုပ္မဏီ (ဝူးရှီးကွာဟမ်း) မှ ဦးလှစိုး ပြောပြသွားတာက အခုစက်ရုံ အတွက်စာချူပ်ဟာ ၂၂ နှစ်လုပ်ကိုင်ခွင့် ရထားကြောင်း အဆိုပါကုပ္မဏီဟာ ဘွိုင်လာထုတ်လုပ်တဲ့ကုပ္မဏီဖြစ်ကြောင်း အခိုးအငွေ့နဲ့ ဆာလဖာ ကို ဘယ်လိုထိမ်းကြောင်းမယ်ဆိုတာ ကို တိကျတဲ့စနစ် မပြောသွားပါဘူးအမေရိကန် နည်းစနစ်အတိုင်းအသုံးပြုမယ်လို့ ဘဲပြောသွားတာပါ အမေရိကန်နည်းစနစ်ဆိုတာဘယ်လိုမျိုးလဲ ?? လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကသုံးခဲ့တဲ့နည်းပညာအတိုင်း အသုံးပြုမယ်ဆိုတော့ အခုကမ္ဘာကြီးမှာ ကျောက်မီးသွေးဆိုးကျိုးကြောင့် လျှော့ ခြနေတဲ့အချိန်မှာ မြန်မာနိင်ငံမှာလာပြီး စွမ်းအင်လိုအပ်ချက်ကို အကြောင်းပြုပြီးအမြတ်လာထုတ်တယ်လို့ဘဲမြင်ပါတယ် ၊ ရေအ သုံးပြုမူ ဟာ တစ်ရက်ကို ရေဂါလံ ၄၀၀၀၀ အသုံးပြု မယ်လို့ဘဲသိရပြီး ရေကို ဘယ်လိုရယူမယ်ဆိုတာမပြောပြပါဘူး ။ ဒီဒေသမှာက ရေရှားလာပြီ ' ဟု လူ့အခွင့်ရေး လှုပ်ရှားသူ ကိုမိုးက ပြောသည် ။


တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကိစ္စသည် အစိုးရသစ်၏ ထုအပေါ်ထားသည့် သဘောထားကို သိရှိရမည်ဖြစ်သကဲ့သို့ တရုတ်နိင်ငံ၏ ရင်းနီးမြုတ်နံမှုအပေါ် ထားသည့် သဘောထားကိုလည်း သိရှိရမည်ဖြစ်ကြောင်း ဒေသခံ စိုင်းလုံဝမ်း ကလည်း ဆိုသည် ။


“ ဒီစီမံကိန်းက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ဒေသခံတွေအတွက် အများကြီး ထိခိုက်နစ်နာခဲ့ရတဲ့ စီမံကိန်းဖြစ်တယ် ။ ပြီးခဲ့တဲ့ တင်ဒါပေးတဲ့ ကာလက ရွေးကောက်ပွဲနဲ့ ကပ်နေလို့ ရွေးကောက်ပွဲ အနှောင့်ယှက်ဖြစ်မှာစိုးလို့ မကန့်ကွက်ခဲ့တာ ။ အစိုးရ သစ်အနေနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ မျက်နှာကို ကြည့်စေချင်တယ် ။ ကြည့်လိမ့်မယ်လို့လည်းထင်တယ် ။ ကျွန်တော်တို့လည်း သူတို့ကို အကျပ်တွေ့အောင်လုပ်တာ မဟုတ်ဘူး ။” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် စိုင်းလုံဝမ်းက ပြောသည်.။


တီကျစ်ကျောက်မီးသွေး စက်ရုံစီမံကိန်းရပ်ဆိုင်းရေးအတွက် ဒေသခံလူထု၏ တောင်းဆိုချက်မှာ

၁၊ကျောက်မီးသွေးသုံးစက်ရုံများ ဖျက်သိမ်းရေး

၂၊ ဌာနေတိုင်းရင်းသားများ အခွင့်အရေးကို လေးစားလိုက်နာပါ

၃၊ နိင်ငံသားများ၏အခွင့်အရေးကို ဥပဒေနှင့်အညီ ကာကွယ်ပေးပါ

၎၊ အစိုးရသစ် လူထုအသံကိုနားထောင်ပါ

၅၊EIA လုပ်ငန်းစဉ် အလိုမရှိ တို့ဖြစ်ကြောင်း သိရသည် ။


ယင်းစီမံကိန်းအကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံထုတ်စက်ယန္တယား များဖြင့်သာအသုံးပြုမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှုပမာဏ ကျပ်သန်းပေါင်း လေးဆယ့်ခုနှစ်သန်း အကုန်ကျခံမည်ဖြစ်သောကြောင်း ၊ စီမံကိန်းကာလ အနေဖြင့် (၂၂) နှစ်ကြာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားပြီး ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် MIU မှခွင့်ပြုထားကြောင်း သိရသည် ။


တီကျစ်ဒေသမှာ ၂၀၀၈ အခြေခံ ဥပဒေအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ပါဝင်ပြီး ဒေသအခြေစိုက်ပအိုဝ်း ပြည်သူ့စစ်များမှာ လူ့အခွင့်ရေးလှုပ်ရှားသူများအား ခြိမ်းခြောက်မှုများ မကြာခဏပြုလုပ်လေ့ရှိသည်ဟူ သိရသည် ။


ဆက်ဖတ်ရန်


 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates