ဗန်းမော်မြို့နယ်တွင် အရပ်သား ၃ ဦး မိုင်းနှင့်သေနတ် ထိမှန်သေဆုံးခဲ့ရ
ကချင်ပြည်နယ်အတွင်း KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေရာ ယခုလဆန်းပိုင်းအတွင်း ဗန်းမော်မြို့ နယ်၌ မိုင်းနှင့်သေနတ်ထိမှန် သေဆုံးသူ အရပ်သား ၃ ဦးနှင့် ဒဏ်ရာရသူ ၁ ဦး ရှိကြောင်း ဗန်းမော်ဆေးရုံ သတင်းရပ်ကွက် အဆိုအရ သိရသည်။
မေလ ၄ ရက်နေ့က ဗန်းမော် - လွယ်ဂျယ်ကားလမ်း ၂၈ မိုင်နေရာ၌ ဟိုင်းလက်ကားတစ်စီး ဗုံးနင်းမိ၍ အသက် ၂၉ နှစ် အရွယ်ကားစပါယ်ယာ ကိုချစ်သန်း သေဆုံးသွားပြီး ယာဉ်မောင်း ခိုင်ဇော်မင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံ နှင့်နီးစပ်သည့် မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဗ ၄၁၄၃ ဟိုင်းလက်ကား ဗန်းမော်ကနေ လွယ်ဂျယ်ဘက်ကို အတက် ဗုံးနင်းမိတာ ကားခေါင်းပိုင်း ပျက်စီး သွားတယ်၊ ကားစပါယ်ရာကိုချစ်သန်းက ဗန်းမော် ညောင်ပင်ရပ်ကွက်ကပေါ့၊ ခေါင်းမှာမိုင်းစမှန်ပြီး ၄၅ မိနစ် လောက်မှာဆေးရုံမှာပဲဆုံးသွားတယ်၊ ယာဉ်မောင်းက လက်မောင်းမှာ ဒဏ်ရာရတယ်၊ ဆေးရုံတက်နေတုန်း ပေါ့ ” ဟု သူက ပြောသည်။
မည်သည့်အဖွဲ့ ထောင်သည့်ဗုံး ဖြစ်သည်ကို အတိအကျမသိရသော်လည်း ၄င်း ဗုံးကွဲမှု ဖြစ်စဉ် မတိုင်မီ မေလ ၂ ရက်နေ့က တစ်ရက်အတွင်း အစိုးရစစ်တပ်မှ မှားယွင်းပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တစ်ခုမှာ ဗန်းမော်မြို့ အမြောက်တပ်အခြေစိုက်ရာ ရွှေပြည်သာကျေးရွာအနီးဖြစ်ပြီး အစိုးရတပ်မှ ညအချိန် မှားယွင်းပစ်ခတ်ခဲ့ရာ ရွှေပြည်သာ ရွာသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ တာမိုင်းလုံရွာ လယ်ကွင်းအနီး နွားရှာနေသည့် နမ့်ဖားရွာသား အသက် ၄၀ အရွယ် ကိုမြင့်လှိုင် ဆိုသူ အား အစိုးရတပ်မှ မှားယွင်းပစ်ခတ်ခဲ့ရာ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည် ။
KIA နှင့် အစိုးရတပ် တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုများရှိနေသည့်တိုင် နှစ်ဘက်တိုက်ပွဲများမှာ ယမန်နေ့ကအထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
Tags: News, War