လူထုတောင်းဆို၍ သျှမ်းတပ်ဖွဲ့ စခန်းရုပ်ပေး အစိုးရတပ်အစားထိုးနေရာယူ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် ဝင်ရောက်အချထားသည့် တပ်စခန်း တခုအား လူထုတောင်းဆိုချက်ကြောင့် ဆုတ်ပေးလိုက်သော်လည်း အစိုးရတပ်ဝင်ရောက် အစားထိုးနေရာ ယူထားကြောင်း သိရှိရပါသည်။
“လူထုတောင်းဆိုလို့ တပ်စခန်းကို ကဆုန်လပြည့်မတိုင်ခင်ကတည်းက နေရာပြောင်းပေးလိုက်ပြီ၊ ဒါပေမယ့်အဲဒီနေရာ အစိုးရတပ် လာရောက်နေရာယူထားတယ် ” - ဟု ဒေသခံ တဦးကပြောပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ မြို့၏မြောက်ဘက်ရှိ လွယ်ကောင်းမူးတောင်ပေါ် ဘုရား၌ တပေါင်းလ မတိုင်မှီကတည်းက သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟုလူသိများသည့် RCSS/SSA တပ် သား များက သွားရောက်အခြေချကြောင်း၊ လူထုတောင်းဆိုချက်ကြောင့် ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်မတိုင်မှီ ၃-၄ ကတည်းက ပြောင်းရွှေ့ပြီးဖြစ်ကြောင်း၊ သို့သော်အစိုးရတပ်ကဝင်ရောက် အစားထိုးတပ်ချထားသောကြောင့် လွတ်လပ် စွာ ညောင်ရေသွန်းနိုင်ရန်အတွက် အခက်အခဲဖြစ်ခဲ့ကြောင်း ဒေသခံများပြောပြပါသည်။
“ဘုရားရင်ပြင်ဆိုတာ ဘုန်းကြီးတို့ ဘုရားဂေါပကတို့ သာသနာ့ဝတ် ပြုတဲ့သူနဲ့ဘဲလိုက်တာလေ။ စစ်ဝတ်စုံနဲ့ သေနတ် အပြည့်အစုံနဲ့ ဘိနပ်မချွတ်ဘဲ သွားလာနေတော့ မသင့်တော်ဘူးပေါ့၊ သျှမ်းတပ်ဖွဲ့လာနေတုန်းကတော့ အဲဒီဘုရား ကနေ ရှောင်တိမ်းနေရာချဖို့ ပြောလို့ အကုန်ပြောင်းသွားပြီ။ ဒါပေမယ့်အခုက ဗမာတပ် လာရောက်နေရာယူတယ်။ ဘာထူးလဲ။ ကျနော်တို့တော့ အဲဒီဘုရားပေါ် ဘယ်တပ်ဖွဲ့ကိုမှ မနေစေချင်ဘူး၊ လူတိုင်းလွတ် လွတ်လပ်လပ် သွားလာ ကိုးကွယ်ရမယ့်နေရာ” - ဟု ဒေသခံဗုဒ္ဓဘာသာ ဝင်တဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကလည်း လူထုတောင်းဆိုချက်ကြောင့် ယခုလ အစော ပိုင်းက တည်း က သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များ လွယ်ကောင်းမူးစခန်းမှ လွယ်ပုံငွန်းသို့ ပြောင်းရွှေ့ပြီး ဖြစ်ကြောင်း၊ အစိုးရတပ်ထပ်မံပြောင်းရွှေ့ပေးရေးအတွက်လည်း လူထုတောင်းဆိုလျှင်ပိုမိုသင့်လျော်ကြောင်း၊ လူထုတောင်းဆို၍ ရုပ်သိမ်းပေးခြင်းမရှိက RCSS/SSA အနေဖြင့် တမျိုးတဖုံစဉ်းစားရမည်ဖြစ်ကြောင်း၊ မကြာမှီထပ်မံတွေ့ဆုံမည့်ပြည် ထောင်စုအဆင့်ဆွေးနွေးပွဲတွင်လည်း သျှမ်းပြည်တပ်မတော်အနေဖြင့် နှစ်ဘက်တပ်ချထားရေး၊ နှစ်ဘက်သွားလာလှုပ် ရှားရေးကိစ္စလည်း ထည့်သွင်းဆွေးနွေးသွားရမည်ဖြစ်ကြောင်း ပြောပါသည်။
ယခုအပတ်အတွင်း သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စုအဆင့် (ဒု - ကြိမ်) ထပ်မံ တွေ့ဆုံရန်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆို၏။ တွေ့ဆုံရေးအတွက် နှစ်ဘက်ပြင်ဆင်နေစဉ်အတွင်း သျှမ်းပြည် တပ်မတော် နှင့် အစိုးရတပ်အကြား မေလ ၉ - ၁၀ အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု RCSS/SSA က ပြောပါသည်။
Tags: Human Right, News