လားရှိုး သူနာပြုသင်တန်းကျောင်း သင်တန်းသူများလစဉ်ပိုက်ဆံထည့်ရ



လားရှိုးမြို့ရှိ သူနာပြုသင်ကျောင်း မှ ကျောင်းအုပ်ဆရာမက သင်တန်းသူများထံမှ သင်တန်းကာလ ၃ နှစ်၌ တလ ကျပ်ငွေ ၁ သောင်း လစဉ်တောင်းယူနေကြောင်း သင်တန်းသူများ၏ မိသားစုကပြော ပါသည်။


“ လားရှိုးဆေးရုံနားက သူနာပြုသင်တန်းကျောင်းလေ။ အစိုးရကျောင်းဘဲ။ အဲဒီက ကျောင်းအုပ်ဆရာမ နဲ့အကြီးအကဲတွေလေ။ ပထမနှစ် သင်တန်းသူတွေဆီက ပိုက်ဆံ စတောင်းတာ။ သင်တန်း က ၃ နှစ် တက်ရတာလေ။ သင်တန်းပြီးတဲ့အထိ ပေးရမယ်။ တလ ၁ သောင်း။ မပေးလို့မရဘူးတဲ့။ ကျမတို့လို လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ဘ၀ သမီးလေးကိုပညာတတ်စေချင်လွန်းလို့ သွားထားတာ။ ဘယ်က ပိုက် ဆံနဲ့ပေးရမလဲ။ ဒီတိုင်းသွားရင်တော့ သင်တန်းပြီးအောင်ထားနိုင်ပါ့မလားမသိပါဘူး” - သင်တန်းသူ တဦး၏ အဒေါ် တော်စပ်သူက သျှမ်းသံတော်ဆင့်အား ပြောပြသည်။


အဆိုပါ သင်တန်းမှ ပြင်ပ ကိစ္စ၊ ကျောင်းကိစ္စသွားရပါက အလှပြင်ခဟူ၍လည်း ကောက်ခံသေးကြောင်း၊ ထို့အပြင် တခြားသော ကြေးများလည်း များပြားလှကြောင်း အသက် ၅၀ အရွယ် အဆိုပါအဒေါ်ကဆက် လက်ပြောပြသည်။


“ကျောင်းကိစ္စ၊ လူကြီးကြိုဆိုရေးကိစ္စတွေမှာအလှပြင်ခ ဝတ်စုံဖိုး သင်တန်းသူတွေကဘဲထွက်ရတယ်။ မလိုက်ချင်ဘူးလို့ ငြင်းပြန်ရင် တယောက် ၅၀၀၀ ကောက်တယ်” ဟု ဆက်၍ပြောပါသည်။


အဆိုပါသင်တန်းမှ သင်တန်းသူ ၃၀၀ ခန့်ရှိပြီး သူနာပြုအတွက် ၃ နှစ်သင်တန်း သားဖွားအတွက် ၂ နှစ်သင်တန်း တက်ရကြောင်း၊ သင်တန်းရံပုံငွေဟု နာမည်တပ်ကောက်ခံပြီး စင်စစ် သင်တန်းကျောင်း ဝန်ထမ်းများအတွက် ပြင်ပဝင်ငွေသာဖြစ်ကြောင်း၊ တလ ၁ သောင်းကျပ် ကောက်ခံသည့် အကြောင်း ကိုလည်း သတင်းမပေါက်ကြားအောင် သင်တန်းသူများက တာဝန်ယူရမည်ဖြစ်ကြောင်း ဆရာမများက ခြိမ်းခြောက်ခဲ့သေးသည်ဟုဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates