သျှမ်းတပ်စခန်းအားတက်တိုက်စဉ် အစိုးရတပ်မိုင်းနင်းမိ နှစ်ယောက်သေ
သျှမ်းပြည်တောင်ပိုင်း သံလွင်အရှေ့ခြမ်း ဟိုမိန်းမြို့နယ်ခွဲအတွင်းရှိ သျှမ်းပြည်တပ်မတော် စခန်းချရာ နေရာအား အစိုးရတပ် တက်တိုက်စဉ် မိုင်းနင်းမိပြီး အစိုးရတပ်ဖက်မှ နှစ်ဦး သေဆုံးကြောင်း - နီးစပ်သည့် အသိုင်းအဝိုင်းကပြော ပါသည်။
ဟိုမိန်းမြို့(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
“ဟိုမိန်းမြို့မြောက်ဘက် လောင့်မအိုးဘက်မှာ သျှမ်းပြည်တပ်မတော်ရဲ့တပ်စခန်းကို ဗမာတပ် ခလရ ၂၈၆ က အင်အား နှစ်ရာနီးနီးနဲ့ တက်တိုက်တယ်။ အဲဒီအထဲမှာ တပ်စိတ်တခုက မိုင်းနင်းမိလို့ နှစ်ယောက်သေတယ်၊ တိုက်ပွဲကြောင့် အသေအပျောက်ရှိတယ်လို့ပြောတာဘဲ။ ဗမာတပ်တွေက မနေ့က အထိ အင်အားထပ်ဖြည့် နေတုန်း” - ဟု ပြည်သူ့စစ် တပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောပါသည်။
မေ ၁၃ ရက် ယမန်နေ့က အစိုးရတပ်မှ စစ်ကား ၆ စီး (တစ်စီးလူသူလက်နက် ၃၀ ထက်မနည်း) က ထပ်မံ တိုက်ပွဲဖြစ် ပွားရာ ဟိုမိန်းမြို့မြောက်ဘက် လောင့်မအိုးဘက် အင်အားဖြည့်နေကြောင်း၊ မေလ ၁၀ ရက်နေ့ တိုက်ပွဲတွင်လည်း နှစ်ဘက်အသေအပျောက်ရှိကြောင်း ပြည်သူ့စစ်အသိုင်းအဝိုင်းကဆို၏။
“ကျနော်တို့ဘက်ကတော့ တိုက်ပွဲကြောင့် ဒီကနေ့အထိ အောက်ခြေတပ်ရင်းတွေ သတင်းပေးပို့လာတာ ဘာမှ မရှိသေး ဘူး။ အစိုးရတပ်ဘက်လဲမသိဘူး။ တိုက်ပွဲဆိုတာက ရင်ဆိုင်တိုက်ပွဲပါ။ အစိုးရတပ်ကအကြောင်းမကြားဘဲ တက်လာလို့ ဖြစ်တာ။ ကျနော်တို့သဘောတူထားတဲ့အတိုင်း အစိုးရတပ်ကလိုက်မလုပ်လို့၊ အပစ်ရပ် ထားတာသိပ်စိတ်မချရသေး ဘူး၊ ပြည်သူတွေလဲ သတိထားပြီး၊ မျက်စိဖွင့် နားစွင့်ပြီး နေရဦးမဲ့အခြေအနေ” - ဟု သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
ဖြစ်သင့်သည်မှာ ကားလမ်းမ ပြင်ပတွင်လှုပ်ရှားမည်ဆိုလျင် သက်ဆိုင်ရာ SSA ဆက်ဆံရေးအရာရှိကို အကြောင်းကြား သင့်ကြောင်း၊ သို့မှသာလျင် နှစ်ဖက်ယုံကြည်မှုကိုတည်ဆောက်နိုင်ပြီး မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးမှုကို ကာကွယ်နိုင်မည်ဖြစ် ကြောင်း SSA ခေါင်းဆောင် စဝ်ယွက်စစ်ကလည်း ပြောကြားလိုက်သည်။
သံလွင်အရှေ့ခြမ်း ဟိုမိန်းမြို့နယ်ခွဲနှင့် မုန်းထား မြို့နယ်ခွဲအား သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့၏ ဌာနချုပ် အဖြစ် အခြေချနေထိုင်ရန် ဂျန္နဝါရီ ၁၆ ရက် ပြည်ထောင်စုအဆင့်တွေ့ဆုံစဉ် သဘောတူသည်။ သို့သော်လက်တွေ့ အ ခြေချနေထိုင်ရန် မြန်မာအစိုးရတပ်က တပ်ရုပ်မပေးခြင်း၊ အခြေချနေထိုင်မှုအားလုံး အား စီမံကွပ်ကွဲနေခြင်းတို့ကြောင့် အကောင်ထည်ဖေါ်နိုင်ခြင်းမရှိသေးဘူးဟု RCSS/SSA က ဆိုသည်။
သဘောတူညီချက်များဆက်လက်အကောင်အထည်ဖေါ်နိုင်ရေးအတွက် ယခုအပတ်အတွင်း သံလွင်အရှေ့ခြမ်းမြို့တော် ကျိုင်းတုံ၌ ထပ်မံတွေ့ဆုံဖို့ရှိသည်။
အစိုးရထပ်မံဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီတွင် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်ဥက္ကဌ၊ ဒု သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ၊ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ပြည်သူ့/အမျိုးသားလွှတ် တော်ဥက္ကဌများအပါအဝင် အဖွဲ့ဝင် ၁၁ ဦး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးလုပ်ငန်းကော်မတီတွင် ဒု သမ္မတ ၂ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌ၊ ဒုတပ်မတောက်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစိုးဝင်း၊ မီးရထား ဝန်ကြီး ဦးအောင်မင်းနှင့်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ က ဒုဥက္ကဌ အပါအဝင် အဖွဲ့ဝင် ၅၂ ဦးပါ ကော်မတီ ဖွဲ့စည်းထားသည်ဟု The Voice သတင်းစာကရေးသားသည်။
Tags: News, War