ထိုင်းနယ်စပ်အနီး ဗုဒ္ဓယဉ်ကျေးမှု နှင့် သျှမ်းစာပေ နွေသင်တန်းဆင်း



ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့ မျက်နှာချင်းဆိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ၌ ဗုဒ္ဓယဉ်ကျေးမှု နှင့် သျှမ်းစာပေ နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့ပါသည်။

001-

ဗုဒ္ဓယဉ်ကျေးမှု နှင့် သျှမ်းစာပေ နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနား(ဓါတ်ပုံ- PPK)

“သင်တန်းဆင်းတဲ့ ကလေးတွေ ၁၀၀ ကျော်တယ်။ ဒေသအတွင်းဆိုင်ရာ အစိုးရ စစ်အာဏာပိုင်တွေကို ဖိတ် ထားပါတယ်။ တယောက်မှ မလာကြဘူး မိုင်းတုံမြို့နယ်အတွင်းက ရပ်မိရပ်ဖတွေတော့လာကြတယ်။ ကျောင်းထိုင်ဆရာတော် တချို့လာကြပါတယ်” - ဟု သျှမ်းစာ သင်တန်းဆရာမ တဦးကပြောပြပါသည်။

မေ ၃၁ မနက်ပိုင်းမှ ညနေပိုင်းအထိ ကျင်းပသော သျှမ်းနှစ် ၂၁၀၆ ခု (သတ္တမလ) နယုန်လဆန်း ၁၁ ရက် ၂၀၁၂ (ခရစ်) ခုနှစ်နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်သျှမ်းစာပေသင်တန်းအား သုခဝိဟာရ ကျောင်းတိုက် ဆရာတော် ဦးနာရဒ နှင့် ဦးနန္ဒိယ တို့က ကမကထပြုကျင်းပခြင်းဖြစ်ကြောင်း၊ သင်တန်းသူ သား ၁၀၀ ကျော် အနက် ၇၀ ကျော် အောင်မြင်ကြောင်း၊ သျှမ်းစာသင်တန်းအဆင့် သူငယ်တန်း၊ ပထမ တန်း၊ ဒုတိယ တန်း နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံတန်း နှင့်ပထမတန်းအားသင်ကြားပေးခြင်းဖြစ်ကြောင်း စာချရဟန်းတပါး က မိန့်တော်မူပါသည်။

“ကျမတို့ ပြင်ထားတဲ့ ထမင်းဝိုင်းအရ တက်ရောက်လာတဲ့ ပရိသတ်တွေက တော်တော်များတယ်။ ၅၀၀ ကျော်ကျော်လောက်ရှိမှာဘဲ။ သင်တန်းသူသားတွေက အကတွေနဲ့ဖျော်ဖြေတယ်၊ သီဆိုတီးမှုတ်ကြ တယ်။ မွန်းလွဲ ပိုင်းလောက်မှ ပြီးသွားတာ” - ဟု သင်တန်းသားမိဘ တဦးက ပြောပြပါသည်။

002-

ဗုဒ္ဓယဉ်ကျေးမှု နှင့် သျှမ်းစာပေ နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနား(ဓါတ်ပုံ- PPK)


ယခု ပုံပါကျင်မြို့နယ်ခွဲ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် သျှမ်းစာပေသင်တန်းဆင်းပွဲအခမ်းအနားသည် သျှမ်း ပြည်တပ်မတော် နှင့် အစိုးရစစ်တပ်တို့အကြား အပစ်ရပ်ပြီး ပထမဦးဆုံးအချိန်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များက ကျင်းပမြဲဖြစ်သော်လည်း စိုးရိမ်ပူပန်မှုများရှိကြောင်း၊ ယခုနှစ်တွင်မူ လွတ်လပ်မှုရှိသဖြင့် ပိုမို စည်းကားသိုက်မြိုက်ကြောင်း၊ မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာ၊ အုပ်စု အုပ်ချုပ်ရေးမှူး များလည်း တက်ရောက် ကြကြောင်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates