ကျောင်းချိန်အတွင်း တိုင်းရင်းဘာသာစာပေသင်ကြားနိုင်ရေး သျှမ်းစာပေပညာရှင်များတွေ့ဆုံ
အစိုးရစာသင်ကျောင်း၌တိုင်းရင်းသားဘာသာစာပေအား ကျောင်းချိန်အတွင်းသင်ကြားနိုင်ရန်အတွက် ပြည်ထောင်စု ပညာရေးဝန်ကြီး၏ ပထမအကြိမ်အစည်းအဝေးပြီးနောက်ပိုင်း ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်းကြီးမှူး၍ သျှမ်းစာပေ ကျွမ်းကျင်သံဃာတော်အချို့နှင့် ပညာရှင်ဆရာကြီးများအား ဖိတ်ခေါ်ကာအစည်းအဝေး ကျင်းပခဲ့ကြကြောင်း အသင်းဝင် လူငယ်များကပြောသည်။
စဝ်ဆိုင်မိန်းရေးသားသည့် သျှမ်းစာသင်ရိုးညွှန်းတမ်းအဟောင်း (ဓါတ်ပုံ- SECE facebook မှ )“အစည်းအဝေး ဆုံးဖြတ်ချက် ၃ ချက်ကတော့ - ကျနော်တို့ သျှမ်းစာသင်ရိုးညွှန်းတမ်းအဟောင်းဖြစ်တဲ့ စဝ်ဆိုင်မိန်းရေးတဲ့ ကျားခေါင်းပုံပါစာအုပ်ကို အစိုးရရဲ့သင်ရိုးညွှန်းတမ်းကော်မတီထံတင်ပြဖို့၊ ပညာရေးဝန်ကြီးဆုံးဖြတ်ချက်ဖြစ်တဲ့ တိုင်းရင်း သားစာပေ ဘာသာရပ်ကိုကျောင်းချိန်ပြင်ပသင်ကြားရေးဆိုတဲ့အချက်အပေါ် ကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ရအောင် တောင်းဆိုဖို့၊ လာမယ့်ဩဂတ်စ်အတွင်း မန္တလေးမှာကျင်းပမယ့် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုကော်မတီအစည်းအဝေးမှာ သျှမ်းစာပေ သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်တဲ့ ကော်မတီတရပ်ဖွဲ့စည်းဖို့- စတဲ့အချက် ၃ ချက်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့တိုက်ရိုက်ဆက်သွယ်ဖို့ ကော်မတီပေါ့နော်” ဟုဆို၏။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဂျွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ကိုးမိုင် သျှမ်းဘုန်းကြီး ကျောင်း နှီးဘုရားကျောင်းတော်၌ ကျင်းပသောအဆိုပါအစည်းအဝေးသို့ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှု အသင်း နာယက၊ ဥက္ကဌ၊ အတွင်းရေးမှူး နှင့်အကြီးအကဲအချို့အပါအဝင် အသင်းဝင်များ ၃၀ ကျော် ခန့်တက်ရောက်သည်ဟုသိရပါသည်။
“ ကျနော်တို့ ရန်ကုန် သျှမ်းစာပေယဉ်ကျေးမှုအသင်းကနေ သျှမ်းစာပေကျွမ်းကျင် ပညာရှင်သံဃာတော်တွေဖြစ်တဲ့ တောင် တန်း သာသနာပြုဆရာတော် စဝ်ဆုခမ်း၊ လွယ်လင်ဓါတ်တော်ကျောင်းဆရာတော်၊ ကိုးမိုင်သျှမ်းကျောင်း တိုက်အုပ်ဆရာ တော် စဝ်နိဂြောဓတို့အပါအဝင် စုစုပေါင်းသံဃာတော် ၅ ပါးနဲ့ သျှမ်းစာပေပညာရှင်/မြန်မာ့သမိုင်းပညာရှင် ဆရာကြီး စိုင်းအောင်ထွန်းတို့ ဒေါက်တာစိုင်းဆန်အိုက်တို့ ကိုလည်း ဖိတ်ခေါ်ပြီးဆွေးနွေးကြတယ်။ အစိုးရကျောင်းမှာ တိုင်းရင်းသား စာပေသင်ကြားဖို့ သင်ရိုးညွှန်းတမ်း ကော်မတီဆီကို ၂ လအတွင်း တင်ပြရမယ်ဆိုတော့လေ” ဟု အသင်း၌လှုပ်ရှားသူ စိုင်းလင်းကပြောသည်။
ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်း၏ အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များအား လာမည့် ဩဂတ်စ်လအတွင်း ကျင်းပ မည့် ဗဟို(ပြည်လုံးကျွတ်) သျှမ်းစာ ပေယဉ်ကျေးမှု ကော်မတီအစည်းအဝေးသို့ ထပ်မံတင်ပြရန် သဘောတူညီ ခဲ့ကြကြောင်း အစည်းအဝေးတက်ရောက်သူ အဆိုပါလူငယ် ကဆက်လက်ပြောပြသည်။
ယခုလ ၁၅ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပညာရေးဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးဆင့်ခေါ်ရာ မြန်မာဘာသာကို ရုံးသုံးဘာသာစကား အဖြစ်လည်း ကောင်း၊ အင်္ဂလိပ်ဘာသာကို နိုင်ငံတကာသုံးဘာသာစကားအဖြစ်လည်းကောင်း သတ်မှတ်ပြီး မူလတန်းအဆင့်ကတည်းက စတင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာကိုမူ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးရန် လျာထား ကြောင်း၊ သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းစာပေပြန့်ပွါးရေးအဖွဲ့တို့မှ ပူးပေါင်းရေးဆွဲကာ ၂ လအတွင်းအပြီးပြုစု၍ ပညာရေးဝန်ကြီးထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ကပြောသည်ဟု မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။ တိုင်းရင်းသားဘာသာကိုသင်ပြပေးမည့် ဆရာ၊ ဆရာမများ ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တိုင်းရင်းသားဘာသာစာပေကိုလည်း သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၌ စတင်သင်ကြားပေးမည်ဖြစ်ပြီး မွန်၊ ကရင်၊ ပလောင်၊ ချင်း၊ ဂုံ၊ သျှမ်း၊ ကယား၊ ကယန်း၊ ပအိုဝ်းစာပေများကိုသင်ကြာပေးရန်လျာထားကြောင်း၊ အင်း၊ ဓနု တိုင်းရင်းသား ဘာသာကိုမူ ဝေါဟာရစကား အသုံးအနှုန်းများပြုစုပေးရမည်ဖြစ်ကြောင်းလည်း အဆိုပါအစည်းအဝေး၌ ပြောကြားခဲ့သည်ဟု ဆိုပါသည်။
Tags: Education, News

