သျှမ်းသူပုန်သတင်းလိုက်မေး ကျေးလက်ရွာသားတဦးအား အစိုးရတပ် ဖမ်းဆီးသတ်ဖြတ်



သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ နမ္မတူမြို့နယ်အတွင်း လှုပ်ရှားသည့်အစိုးရတပ်က သျှမ်းသူပုန်သတင်း လိုက်လံ မေးမြန်းကာ ဒေသခံလူထုအား ရိုက်နှက်စစ်ဆေးမှုကြောင့် ဒေသခံတဦးသေဆုံးသွားပါသည်။

altမြန်မာစစ်တပ်၏ရိုက်နှက်စစ်ဆေးသည့်လက် ချက်ကြောင့်ဒေသခံများသေကြေ၊ ဒဏ်ရာရ (ဓါတ်ပုံ- SSPP/SSA)

“ကျနော်တို့ရွာထဲကိုဝင်လာပြီး ချောဆွဲတယ်၊ အဲဒီအထဲမှာ စိုင်းပီးလဲ တယောက်ပါသွားတယ်၊ ဖမ်းခေါ် သွားပြီး နောက်တရက်မှာဘဲ စိုင်းပီးအသတ်ခံလိုက်ရတော့တာဘဲ၊ ဒီကိစ္စမြို့တက်ပြီး နိုင်ငံရေးပါတီတွေဆီကို စာနဲ့ပေနဲ့ တိုင်တမ်းဖို့ ပြင်ဆင်ထားတယ်” - ဟု ဝမ့်ဆန်းအုပ်စု ဒေသခံ ရပ်မိရပ်ဖတဦး ကပြောပါသည်။

ဂျွန် ၇ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အရှေ့တောင်ဘက် မိုင် ၂၀ ကျော် မန့်ဆန်း ကျေးရွာ အုပ်စုဝင် မန့်ကောင်းဝိန်းရွာသားများအား အစိုးရတပ် ခမရ ၅၀၃ မှ ဗိုလ်ကြီးလှိုင်ထွန်း ဦးဆောင်သည့် စစ်ကြောင်း တကြောင်းက ဖမ်းဆီးသွားခဲ့၏။ စိုင်းပီး အသက် ၄၂ ကိုလည်း ဂျွန် ၇ ရက် ကတည်းက ဖမ်းဆီး ရိုက်နှက်သဖြင့် ၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်သေဆုံးခဲ့ရ၏။ စိုင်းပီး၏အလောင်းအား ရွာအပြင်ဘက် တော ပိုင်းတစ်နေရာ ၌ မြှုပ်နှံလိုက်သည်ဟု ပေါ်တာဖမ်းဆီးခံရသူများ အသိုင်းဝိုင်းက ပြောပါသည်။

“ကျနော်တို့တပ်ဖွဲ့ ဘယ်မှာ ရှိလဲဆိုတာ သူတို့သိတာဘဲ။ ကျနော်တို့ဆီတော့ မလာဘူး။ စိုင်းပီးသေသွားတဲ့ကိစ္စ ကျနော်တို့ လဲကြား တယ်။ ၈ ရက်နေ့မှာ အသတ်ခံလိုက်ရတယ်။ မိသားစုဝင်တွေက ၉ ရက်နေ့မှာမှအလောင်း ရှာ တူးယူပြီး ဘုန်းကြီးပင့် သရဏဂုံတင်၊ အသုဘ ပေးပြီးမှ ပြန်သင်္ဂြိုလ်တယ်ပြောတယ်၊ တတ်နိုင်တဲ့ဘက်က ကျနော်တို့လဲပံ့ပိုးပေးပါတယ်။ ကျနော်တို့တွေက အပစ်ရပ်ထားပြီဘဲ၊ အဲဒီလိုမျိုးမလုပ်သင့် ပါဘူး၊ ကျနော်တို့လဲ ဒီ စိုင်းပီး ကိစ္စကို ထပ်တင်ပြသွားပါ့မယ်” - ဟု ဒေသအတွင်း လှုပ်ရှားသည့် သျှမ်းပြည် တပ်မတော် အရာရှိ တဦးက ပြောပါသည်။

မန့်ဆန်းကျေးရွာ အုပ်စုဝင် မန့်ကောင်းဝိန်းရွာသည် မန့်ဆန်းရေကျ (မန့်ဆန်းရေတံခွန်) နှင့် ၇ မိုင်သာ ဝေးသည် ဟု ဆိုသည်။

စိုင်းပီး သည် အဖ ဆန်လုံ၊ အမိ နန်းဆာ တို့၏ သားဖြစ်ပြီး ဇနီး နန်းလီ၊ သား ၁ ယောက် သမီး ၃ ယောက် ၊ သမီးကြီး မှာ ၁၈ နှစ်ရှိပြီး သမီးငယ်မှာ ၄ နှစ် သာရှိသေးသည်ဟု မန့်ဆန်းဒေသခံများပြောပြချက်အရသိရပါ သည်။
altမြန်မာစစ်တပ်၏ရိုက်နှက်စစ်ဆေးသည့်လက်ချက်ကြောင့်ဒေသခံများသေကြေ (ဓါတ်ပုံ- SSPP/SSA)

သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်း ရေးတည်ဆောက် ထားနိုင်သည်ဟု ဆိုသော်လည်း အပစ်ရပ်ချိန် ဂျန္နဝါရီ ၂၈ ရက် မှစ၍ ယနေ့အထိ တိုက်ပွဲ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်မည်သို့ပင်ရေးထိုးထားစေကာ မူ ၎င်းထိန်း ချုပ်နယ်မြေအတွင်း သွားလာလှုပ်ရှားပါက ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ကျောက်မဲ အခြေစိုက် စကခ ၁ မှူး ဗိုလ်မှူးကြီး ထွန်းထွန်းညီ က လက်အောက်ခံအရာရှိအရာခံများအား ပြောကြားဖူး ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့် သို့ပြောဖူးပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates