တရုတ်နယ်စပ်၌ မြန်မာဖုန်းလိုင်းများ အပိတ်ခံနေရသည့် ကိစ္စ ဒေသခံများ မကျေနပ်
ဖုန်းများ နယ်ခြားဖြတ်ကျော်မှု ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်နယ်စပ် သျှမ်းပြည်(မြောက်ပိုင်း) မူစယ်နှင့် နမ့်ခမ်းမြို့ နေ ဒေသခံများ ကိုင်ဆောင်သည့် မြန်မာဖုန်းများ မကြာခဏ လိုင်းအပိတ်ခံနေရသည့် အပေါ် အဆိုပါ ဒေသခံများ မကျေမနပ် ဖြစ်နေကြောင်း သိရသည် ။
ရွှေလီမြို့တွင်းတနေရာ“ကျမဖုန်းက CDMA 450 အမျိုးအစား ဆင်းကဒ်က ၅ သိန်းပေးရတယ်၊ အခုတရုတ်နယ်စပ်ဘက်ယူလာတော့ ဖုန်းလိုင်းဖြတ်ခံလိုက်ရတယ်၊ ဖုန်းထဲမှာ ပြောခက ၃ သောင်းကျော်ဖိုးကျန်သေးတယ်၊ ဒီကိစ္စ ဖုန်းရုံးမှာသွားပြောတော့ နယ်ခြား သယ် ဆောင်လို့ ဆိုပြီး အကြောင်းပြတယ်၊ ကျမတို့ဝယ်တုန်းက ဖုန်းနဲ့ပတ်သက်တဲ့ စည်းကမ်းချက်ထဲမှာ နယ်ခြားမဖြတ် ကျော်ရဆိုတဲ့ အချက်မပါဘူးကော ” ဟု သူက ဆိုသည် ။
လှိုင်းအဖြတ်ခံရသည့် ဖုန်းအများစုမှာ တရုတ်နယ်စပ်နှင့် ကပ်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်၊ နမ့်ခမ်းမြို့ခံ ဖုန်းများ ဖြစ်ကြောင်း သိရသည် ။
“တခြားနေပြည်တော်တို့ မန္တလေးတို့ ဘက်က ဖုန်းတွေလည်း တရုတ်နယ်စပ်ဘက် ယူလာတာပဲ၊ လိုင်းဖြတ်ခံရတာ သိပ်မရှိဘူး၊ ဒီဘက်မူစယ် ၊ နမ့်ခမ်းဘက်ကဆိုရင် နေ့စဉ်တရုတ်ပြည်ဘက်သွားလာနေကြတာ၊ နယ်ခြားဖြတ်တိုင်းလိုင်းဖြတ်မယ်ဆိုရင် ဖုန်းတစ်လုံးရဲ့ တန်ဖိုးကလည်း နည်းတာမဟုတ်ဘူး” ဟု သူက ဆက်ပြောသည် ။
ယခုရက်ပိုင်း တရုတ်နယ်စပ် ရွှေလီမြို့၌ ဖုန်းဆိုင်ဖွင့်ထားသော မြန်မာဖုန်းလိုင်းများလည်း ဖြတ်တောက်ခံနေရကြောင်း ဖုန်းအငှားဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည် ။
“လွန်ခဲ့တဲ့တစ်ပတ်လောက်က အကုန်လိုင်းဖြတ်ခံရတယ် မနေ့တနေ့ကတော့ တချို့ဖုန်းလိုင်းတွေ ပြန်ပြောလို့ရပြီ၊ သူများ နိုင်ငံမှာတော့ ဖုန်းများများပြောရင် ဘောက်ဆူးပေးတယ်၊ မြန်မာပြည်ကတော့ ဖုန်းများများပြောရင် လိုင်းဖြတ်ခံရတယ်၊ ဒီကိစ္စတွေ အထက်တက်ပြောလည်း ဘာမှမထူးဘူး၊ လိုင်းအဖြတ်ခံရရင် ပိုက်ဆံရှိတဲ့လူက ဖုန်းနောက်တစ်လုံးထပ်ဝယ် မရှိတဲ့သူက ဒီအတိုင်းနေပေါ့ ” ဟု ဆိုသည် ။
ဖုန်းဝယ်ယူစဉ် လိုက်နာရမည့် စည်းကမ်းချက် ၁၅ ချက်ခန့်ရှိသည့် အနက် နံပတ် ၆ ပါ ဋ္ဌာနအနေဖြင့် မိုဘိုင်းဖုန်းဆက် သွယ်မှုကို အချိန်မရွေး ဖြတ်ထားနိုင်သည် ၄င်းအပြင် ငှားရမ်းအသုံးပြုသူအား သတ်မှတ်ပေးထားသော နံပတ်ကို အချိန်မရွေးပြောင်းလဲနိုင်သည် ဆိုသည့်အချက်မှလွဲ၍ နယ်ခြားဖြတ်ကျော် သယ်ဆောင်ခွင့်မရှိ ဆိုသည့် အချက်မပါဝင်ကြောင်း သိရသည် ။
Tags: General, News

