သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့၌ NLD အား လူထုပိုမိုထောက်ခံလာ



သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ထိန်းချုပ် နယ်မြေ မိုင်းယန်းမြို့၌ ကျားဖြူပါတီစည်းရုံးရေးအား လူထုအားမလိုအားမရဖြစ်နေပြီး အစိုးရဝန်ထမ်း တချို့နှင့် ပင်စင်စားအများစုမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ပိုမိုပါဝင်လာနေကြကြောင်း ဒေသခံများပြောပြချက်အရသိရသည်။


“အခု မိုင်းယန်းကဒေသခံတယောက်က NLD ပါတီဝင်ဖို့ အတွက် စည်းရုံးရေးဆင်းနေတယ်။ ရဲတွေ၊လ၀က တွေ၊ စစ်မှုထမ်းဟောင်းတွေ ၊ ထောက်လှမ်းရေးဟောင်းတွေ NLD ထဲဝင်ကြတယ်။ ကြံ့ဖွတ်ပါတီကတော့ လှန့်နေပြီ။ ကျားဖြူပါတီကလဲ လှုပ်ရှားမှုသိပ်မရှိဘူးလေ။ ကျနော့အနေနဲ့ပြောရရင်တော့ သိပ်အားမရဘူး ဖြစ်နေတယ်” ဟု မိုင်းယန်းဒေသခံ စိုင်းအိုက် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

NLD အတွက်စည်းရုံးရေးဆင်းနေသည့် စိုင်းနွံ (အသက် ၅၀ ကျော်) မှာ ၁၉၉၀ ကလည်း မိုင်းယန်းမြို့နယ် NLD ပါတီ၏ လွှတ်တော်အမတ်အဖြစ်အနိုင်ရခဲ့ဖူးသည်။

ကျားဖြူပါတီကိုယ်စားလှယ်အဖြစ် စိုင်းလုံက စည်းရုံးရေးလှုပ်ရှားသော်လည်း ကျယ်ပြန့်အားရမှုမရှိသဖြင့် ဒေသခံလူထုက ၎င်းအား အားမလိုအားမရဖြစ်နေကြောင်းလဲ စိုင်းအိုက်က ပြောသည်။

“၂၀၁၀ တုန်းက မိုင်းယန်းမှာ ကျားဖြူပါတီက ရုံးမရှိဘူးလေ။ လူထုက အရမ်းကိုမျှော်လင့်တယ်။ ရုံးစိုက် စေချင်တယ်။ အခု ကျားဖြူကိုယ်စားလှယ်ရှိလာပြန်တော့ စည်းရုံးရေးက အားရစရာမရှိတော့ လူထုက တွေဝေရတော့တာပေါ့ဗျာ။ NLD လဲထပ်ဝင်လာတော့ ခြင်္သေ့က လန့်သွားတာပေါ့” ဟု စိုင်းအိုက်က ဆက်လက်ပြောပြသည်။

မိုင်းယန်းမြို့နယ်သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌လည်း မိုင်ယန်းမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရအောင် လုပ်ဆောင်ရမည်ဟု ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းအဖွဲ့က ကြုံးဝါးထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates