SSPP နဲ့ အစိုးရတပ်များ ပစ်ခတ်မှုရပ်စဲ
သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးအပြီးမှာ SSPP နဲ့ အစိုးရတပ်အကြား ဂျွန် ၁၇ ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများရပ်စဲသွားပြီလို့ သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလ က ပြောကြားလိုက်ပါတယ်။
“ဦးသိန်းဇော်နဲ့ မန္တလေးမှာ ဆုံတယ်လေ။ ၁၁ နာရီခွဲကနေ ၁ နာရီလောက်အထိ ညှိနှိုင်း ဆွေးနွေးကြတယ်။ ကျနော် တို့ဘက်က ဖြစ်စဉ်တွေ တင်ပြတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ရှေ့ဆက်မဖြစ်ဖို့ကို ဆွေးနွေးတယ်။ အဲဒါတွေကို သူက သမ္မတဆီ တင်ပြတယ်။ သမ္မတကလည်း ဦးသိန်းဇော် ကတဆင့် ကျနော်တို့ဆီ အကြောင်းကြားလာတယ်။ နှစ်ဖက်တပ် ရောက်ရှိနေတဲ့ နေရာမှာ ရပ်ဆိုင်းထားပြီးတော့ ပစ်ခတ်မှု မလုပ်ဖို့၊ ပြီးတော့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် တွေ့ ဆုံဆွေးနွေးဖို့ နှစ်ပတ်အတွင်း ဆောင်ရွက်ဖို့၊ တပ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပစ်ခတ်မှု မဖြစ်အောင် ကာကွယ်ရေး ဦးစီးချုပ်ကို သူက ပြောထားပြီးပြီ။ ကာကွယ်ရေး ဦးစီးချုပ် ကလည်း အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို အကြောင်းကြားထားပြီး ဖြစ်တယ် လို့ ဦးသိန်းဇော်က ပြောတယ်” လို့ ဗိုလ်မှူးစိုင်းလကပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် နဲ့ သျှမ်းပြည်တိုးတက်ရေး ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီခန့်အထိ မန္တလေးမြို့ မှာ တွေ့ ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့မှာ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဆိုင်၊ ဗိုလ်မှူးကျော်လှ၊ ဗိုလ်မှူးခေးမောဝ်၊ ဗိုလ်ကြီးနော်လိတ် တို့ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် SSPP နဲ့ အစိုးရတပ်များ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတာကို ကူညီဖြေရှင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦးက သမ္မတ ဦးသိန်းစိန် ဆီကို မေတ္တာရပ်ခံတဲ့ စာတစ်စောင် ဂျွန် ၂၁ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးစိုင်းလ က – “ခွန်ထွန်းဦး က သမ္မတ ဆီ မေတ္တာရပ်ခံတဲ့ စာဖြစ်ပါတယ်။ နှစ်ဘက် ပစ်ခတ်မှု မဖြစ်ဖို့ရယ်၊ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့လို့ပါပါတယ်။ အဲဒီစာက အထောက်အကူ ပြုပါတယ်။ အဖက်ဖက်ကနေ ဝိုင်းဝန်းပြီး အကောင်းဘက်ကို ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့စာပဲလေနော့်။ ကျ နော်တို့ ထာဝရငြိမ်းချမ်းရေးကို ချီတက်နေတဲ့အချိန်မှာ နိုင်ငံရေးပါတီတွေကော၊ ကျနော်တို့ လက်နက်ကိုင် တွေကော ဝိုင်းဝန်းပြီးတော့ လှုံ့ဆော်ရင်တော့ အောင်မြင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ်လေ” လို့ ပြောပါတယ်။
ဂျွန် ၁၇ ရက်နေ့မှာ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ နဲ့ ဟွေ့လွတ် ဒေသရှိ SSA တပ်ဖွဲ့များ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ် ဗျူဟာမှူးရဲ့ တောင်းဆိုမှုအရ ဂျွန် ၁၈၊ ၁၉ ရက်နေ့များမှာ SSA က ပြန်လည်တိုက်ခိုက်ခဲ့ခြင်း မရှိပေမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အစိုးရတပ်က SSA ရဲ့ လွယ်ဖာဖင့်စခန်းကို တက်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ နှစ်ဖက်တပ်များ ရောက်ရှိရာမှာ အခြေပြု တပ်စွဲနေကြပြီးပစ်ခတ်မှုမရှိတော့ဘူးလို့ သိရပါတယ်။
www.kawli.info မှ ကူးယူဖေါ်ပြသည်။
Tags: News, War


