မူးယစ်တိုက်ဖျက်ရေးအတွက် သျှမ်းတပ်ဖွဲ့များပူးပေါင်းမှု ဒေသခံများလိုလား
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် မူးယစ်ဆေး၊ ဘိန်းဖြူများ ပေါများနေသော်လည်း မူးယစ်အာဏာပိုင်များက လျစ်လျူ ရှုထားသဖြင့် သျှမ်းပြည်တပ်မတော် ၂ ဖွဲ့ပေါင်းစည်းကာ တိုက်ဖျက်နှိမ်နင်းပါက ပိုမိုထိရောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသခံများကပြောပါသည်။
ဘိန်းဖြူဘိန်းဖြူကို ကျပ် လေးထောင်ဖြင့် ကျေနပ်အောင်သုံးစွဲနိုင်ကြပြီး ယာဘနှင့်အခြားမူးယစ်အမျိုးအစားများထက် ခံစားမှု စည်းစိမ်ပိုမိုသာလွန်ကြောင်း သုံးစွဲသူတဦးကပြောသည်ဟု နမ္မတူ ဒေသခံ စိုင်းနောင့်ကသျှမ်းသံတော်ဆင့်အား ပြန်လည် ပြောပြသည်။
“ဘိန်းဖြူကို အချိုရည်သောက်တဲ့ပိုက်တချောင်းစာဆိုရင် လေးထောင်ကျပ်နဲ့ရောင်းတယ်။ အဲဒါကို မရှူဘူး။ သုံးတဲ့လူ ကျေနပ်သွားစေမယ့် နည်းလမ်းက သွေးကြောထဲထိုးသွင်းတယ်။ တခါစာ ပေါ့နော်။ အိမ်ရောက်ရင် အဖြည်သဘောမျိုး ထပ်သွင်းဖို့ နောက်တပ် တထောင်ဖိုးဝယ်သွားကြတယ်။ တထောင်ဆိုရင်ပိုက်ချောင်းရဲ့ ၄ ပုံတပုံရတယ်။ အဲလောက်ထိပေါ များနေတယ်။ ရောင်းတဲ့သူက ထိုးပေးတာ။ ရှူရင် ၅ ထောင်နဲ့ဘယ်ဝ မလဲ။ ကျပ်သောင်းနဲ့ချီ လိုတာပေါ့နော် ” ဟု နမ္မတူ ဒေသခံ စိုင်းနောင့်ကပြောသည်။
ကျေနပ်သည်အထိ ဘိန်းရှူလိုပါက ကျပ် ၁ သောင်းကျော်လိုအပ်ကြောင်း၊ သို့သော် ငွေရှာရခက်ခဲသော လူငယ်များအနေဖြင့် အာသာပြေ ကျေနပ်အောင် ကျပ်လေးထောင်စာ ဘိန်းဖြူကို ရောင်းသည့် သူများ ကိုယ်တိုင် သွေးကြောထဲထိုးသွင်းပေး ကြောင်း၊ အဆိုပါလုပ်ရပ်များ နမ္မတူမြို့တွင်း၌ ခေတ်စားလာကြောင်း၊ သို့သော် အာဏာပိုင်များက အရေးယူရှင်းလင်း ပေးခြင်းမရှိကြောင်း ဒေသခံများ ကပြောသည်။
“ကျနော်တို့ ရပ်ကွက် ၁ ရဲ့ပတ်ပတ်လည်ရွာတွေမှာ အဲလိုလုပ်နေကြတယ်။ သုံးတဲ့သူရဲ့သွေးကို ဆလင်းနဲ့စုပ်ယူ။ ပြီးရင် ဘိန်းဖြူနဲ့သမအောင်ရော၊ ပြီးမှ သွေးကြောထဲထိုးသွင်းတယ်။ အဲဒီနည်းက ထိရောက်တယ် ငွေ ကြေးသက်သာတယ်လေ။ ရှူတဲ့လူတော့သိပ်မရှိတော့ဘူး အခု။ ထိုးဘဲထိုးကြတော့တယ်။ ရပ်မိရပ်ဖတွေကတော့ သူတို့ သားမြေးတွေအတွက် အရမ်းကိုစိတ်ပူနေတယ်။ ရောင်းတဲ့လူတွေကို ဖမ်းပေးဖို့ရဲသွားတိုင်မလို့ဆို ၃-၄ ခါသွားလဲ ရဲအုပ်နဲ့မတွေ့ဘူးတဲ့” နမ္မတူသားတဦး ဖြစ်သော စိုင်းအိုက်ညွှန့်က ဆက်လက်ပြောပြသည်။
ထိုကဲ့သို့ အလွယ်တကူ သုံးစွဲနိုင်သဖြင့် ခိုးဆိုးဓါးပြလည်းပေါများရာ ယခင်အပတ်ကပင် နမ္မတူမြို့နယ် ပိန်းလောင်းရွာ ဦးစံငြိမ်း၏ ဆန်ကြိတ်စက်မှ ဆန်အိတ်များ ခိုးယူခြင်းခံနေရကြောင်း ဦးကျော်အေးက ပြောပြသည်။
အစိုးရ၏ မူးယစ်အာဏာပိုင်များ ရဲများက အရေးယူဆောင်ရွက် ပေးခြင်းမရှိသဖြင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း နှင့် မြောက်ပိုင်း (RCSS နှင့် SSPP )တို့ ပူးပေါင်းလက်တွဲကာ မူးယစ်ဆေး တိုက်ဖျက်ပေးမည်ဆိုပါက ပိုမိုထိရောက်နိုင်မည်ဟု နမ္မတူဒေသခံများကပြောသည်။
Tags: Drug, News

