ဒေသခံ တက္ကသိုလ်ဝင်တန်းအောင်များ အခွင့်အရေးရှုံး



သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ လျှပ်စစ်ဌာနက ဝန်ထမ်းများ ထပ်မံခေါ်ယူသော်လည်း မြန်မာပြည်မှ လူငယ် များကိုသာ ခေါ်ယူအလုပ်သွင်းနေသဖြင့် ဒေသခံလူငယ်တို့ အခွင့်အရေးရှုံးနေကြောင်း ဒေသတွင်းသတင်းရပ်ကွက်က ဆိုပါသည်။

“ဆယ်တန်းအောင် ၂ ယောက်နဲ့ ဆယ်တန်းအဆင့် ၁၀ ယောက် ဝန်ထမ်းလိုချင်တယ်လို့ပြောတယ်။ ကျမတို့ဒေသခံကလေး တချို့ လျှောက်လွှာတင်ဖို့ပြင်နေတုန်းဘဲ။ တချို့လဲဖေါင်တင်ပြီးသွားပြီ။ တယောက်မှမခန့်ဘူး။ ဗမာပြည်က ကလေးတွေဘဲ ခေါ်လာပြီး အလုပ်ခန့်တယ်။ ကျမတို့ကလေးတွေ စိတ်ဓါတ်ကျနေတယ်။ အခွင့်အရေးဆုံးရှုံးနေတယ်လို့ ခံစားရတယ်။ တချို့လဲ ထိုင်းနိုင်ငံဘက်ဘဲ အလုပ်သွားလုပ်တော့မယ်လို့ ပြောနေကြတယ်” ဟု ဒေသခံ နန်းလောဝ်က ပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းက ဝန်ထမ်းအသစ်ခေါ်မည်ဟုဆိုသော်လည်း မိုင်းနောင်မြို့နယ်ခွဲမှ ဒေသခံများအား ဦးစားမပေးဘဲ အောက်ပြည်မှ လူငယ်များသာခေါ်လာပြီး အလုပ်ခန့်နေကြောင်း၊ မိမိဒေသအတွင်းသာ ခန့်ထားရန်ဟုဆိုသဖြင့် အဆိုပါ လစ်လပ်နေရာအား ဒေသခံလူငယ်များ စိတ်ပါဝင်စားကြခြင်းဖြစ်ကြောင်း၊ မကျေနပ်သည့်ရပ်မိရပ်ဖများက နိုင်ငံရေးပါတီ ထံ တင်ပြရန်ပြင်ဆင်နေကြောင်း မိုင်းနောင်ဒေသခံဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။

ထို့အပြင် မိုင်းနောင်ဒေသခံများထံမှ လျှပ်စစ်မီတာခကိုလည်း မြို့နယ်လျှပ်စစ်ဌာနက ရမ်းသန်းကောက်ယူနေကြောင်း နန်းလောဝ်က ဆက်လက်ပြောပြသည်။

“မီတာခဆိုရင်လဲ မီတာဘောက်စ် ရှိရင်တော့ တွက်ပြီးယူပါရဲ့ ၁ ယူနစ် ၃၅ ကျပ်ပေါ့။ မီတာဘောက်စ်မရှိရင်တော့ ရမ်းသန်း ကောက်တာဘဲ။ မီတာခ တလ ငါးထောင်ကျပ်။ ထိန်းသိမ်းခ တလ ငါးထောင်ကျပ်။ နောက်ပြီးတခါမှမကြားဖူးတဲ့ မီးအား ပျောက်ခ (လမ်းမီး နဲ့ အခြားသောမီးအား ကုန်ဆုံးခ) ဆိုပြီး နှစ်ထောင်ကျပ် ထပ်ကောက်တယ်ဆိုတော့ မီတာမရှိတဲ့လူတွေ နာတာပေါ့။ တခါတလေ တလမှာ ၂ ခါ လာကောက်တာလဲရှိတယ်။ တော်တော့ကိုဆိုးရွားနေပြီ” ဟု သူမကဆက်ပြော သည်။

သျှမ်းပြည်အတွင်း နမ့်ခမ်းမြို့ ရွှေလီရေအားလျှပ်စစ်၊ လားရှိုးမြို့ မန်စန်းရေကျမှ ရေအားလျှပ်စစ်၊ သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ် ဇုံအန်ရေအားလျှပ်စစ်တို့ လျှပ်စစ်မီးအများအပြား ထုတ်လုပ်နိုင်ခဲ့သော်လည်း သျှမ်းပြည်သားများမှာ လျှပ်စစ်မီးလုံလောက်စွာ သုံးနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် မြို့နယ်တိုင်းနီးပါး၌ လျှပ်စစ်မီတာခကိုမူ ပုံမှန်နှင့် ပုံမှန်ထက်ပို သော အဖိုးအခများ ပေးဆောင်နေရကြောင်းဒေသခံများပြောပြချက်အရ သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates