ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီဖွဲ့နိုင်ရေး အစိုးရကိုယ်စားလှယ်အား ရှေ့လအတွင်း RCSS ဆွေးနွေးမည်



ယခုလနောက်ဆုံးပတ်၌ RCSS/SSA က ခြောက်လပတ်အစည်းဝေးကျင်းပရာ ဆုံးဖြတ်ချက်များအနက် ငြိမ်းချမ်းရေးစောင့်ကြည့် ရေးကော်မတီဖွဲ့နိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်နှင့် ရှေ့လအတွင်း တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ်ပါ ဆုံးဖြတ်ထားသည်ဟု တက်ရောက်သူ အရာရှိတဦးက ပြောပါသည်။

“ငြိမ်းချမ်းရေးခရီးစဉ်ကတော့ ကျနော်တို့ချထားတဲ့ နဂိုပေါ်လစီအတိုင်းဘဲ ဆက်သွားမှာဘဲ။ ကျနော်တို့ အစည်းအဝေးက ၂၆ နဲ့ ၂၇ ရက် ဌာနချုပ်လွယ်တိုင်းလျဲန်းမှာလုပ်တယ်။ ဆုံးဖြတ်ချက် ကိုတော့ (စတိတ်မဲန့်) ထုတ်ပြန်ကြေငြာချက်နဲ့ ထုတ်ပြန်တယ်” - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ၆ လပတ်အစည်းအဝေး၌ အဓိက ဆုံးဖြတ်ချက် ၂ ချက် ချမှတ်ကြောင်း ပထမ အချက်က မတ်ခ်ျ ၁၆-၁၇ အစည်းအဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးတည်ဆောက်စဉ် ၆ ချက် အတိုင်းလျှောက်လှမ်းမည့်အကြောင်း အဆိုပါအရာရှိက သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

ထိုအချက် ၆ ချက် မှာ -

၁။ သျှမ်းပြည်သားများသွေးစည်းညီညွတ်ရေး နှင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး၊
၂။ တိုင်းရင်းသားတိုင်း၊ ပြည်နယ်တိုင်း တန်းတူရေး နှင့် ခွဲထွက်ရေး မခွဲထွက်ရေးအတွက် လူထု ဆန္ဒသဘော ထားအပေါ်မူတည်၊
၃။ ပါလီမန်ဒီမိုကရေစီစနစ်အားနားလည်စွာဖြင့် မိမိအခွင့်အရေး အသုံးပြုတတ်ရေးအတွက် သျှမ်းပြည်သားများအား တွေ့ဆုံစည်းရုံးဟောပြောရှင်းလင်းရေး၊
၎။ သမ္မတကြီးဦးသိန်းစိန်နှင့်လက်တွဲ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊
၅။ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ရပ်တည်၍ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊
၆။ မလွှဲမရှောင်နိုင်သည့်အဆင့်မှသာ စစ်ရေးနည်းဖြင့်အသုံးပြုဖြေရှင်းရေး၊ သျှမ်းပြည်တပ်မတော်သည် လူထုအသက်အိုးအိမ်စည်းဇိမ်လုံခြုံမှုအတွက်အကာအကွယ်ပေးရေး - စသဖြင့် RCSS/SSA ၏ ထုတ်ပြန်ကြေငြာချက်တွင် ပါရှိပါသည်။

“ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့ လာမယ့်ဩဂတ်စ်လ ထဲမှာ အစိုးရ ကိုယ်စား လှယ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးမယ်လို့ဆုံးဖြတ်တယ်” ဟု အဆိုပါအရာရှိတဦး က ပြောပြပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားသည်ဟု ဆိုသော်ငြားလည်း အစိုးရတပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates