မူစယ်မြို့ အိမ်ရာစီမံကိန်း လျော်ကြေးငွေ အပြည့်မပေး



သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ တည်ဆောက်မည့် မြို့ပြအိမ်ရာစီမံကိန်း အတွက် မြေများ သိမ်းယူရာတွင် New Star Light ကုမ္ပဏီမှ သတ်မှတ် လျော်ကြေးငွေအတိုင်း အပြည့်ပေးခြင်း မရှိကြောင်း စုံစမ်းသိရသည် ။

ယခုနှစ် ဂျွန်လလယ်ပိုင်းက ၄င်းစီမံကိန်းအတွက် သိမ်းယူမည့် မြေတစ်ဧက ကျပ်သိန်း ၂၄၀ နှုန်း လျော်ကြေးပေးမည်ဟု ကုမ္ပဏီဘက်မှ သဘောတူခဲ့သော်လည်း ယခုအခါ ၄င်းဈေးနှုန်း အတိုင်း အပြည့်မပေးသဖြင့် ဒေသခံ မြေပိုင်ရှင်များနှင့် ကုမ္ပဏီတို့ အကြား ညှိနှိုင်းဆဲ ဖြစ်ကြောင်း မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ကုမ္ပဏီဘက်က လျော်ကြေးတွေတော့ ပေးနေပြီ အရင် သဘောတူထားတာက မြေတစ်ဧက ကျပ်သိန်း ၂၄၀ လျော် မယ်ပေါ့။ အခုက လယ်မြေတွေကိုပဲ ဒီဈေးပေးမယ် ကျန်တဲ့မြေကွက်တွေ မပေးနိုင်ဘူးဆိုပြီးလုပ်တော့ ဈေးနှုန်းကိစ္စ ပြန် ညှိနှိုင်းနေကြတယ် ” ဟု မူစယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

အဆိုပါ အိမ်ရာစီမံကိန်းမှာ မူစယ်မြို့ တော်ရွဲ့နှင့် ဟိုဆောင်ရွာများမှ လေယာဉ်ကွင်းအထိ ဧက ၃၀၀ ကျော်ခန့် ကျယ်ဝန်း မည်ဖြစ်ပြီး ၄င်းအနက် လယ်မြေဧက ၁၀၀ ခန့်သာ ပါဝင်ကြောင်း သိရသည် ။

“လယ်ဧကက ၁၀၀ လောက်ပဲပါတယ်။ အဲဒါတော့ လျော်ပေးပြီးပြီ။ ကျန်တာကတော့ ခြံတို့ မြေလွတ်တို့ပေါ့။ အဲဒါတွေ ကိုတော့ ကုမ္ပဏီဘက်က သိန်း ၂၀ ၊ ၃၀ လောက်ပဲ ပေးချင်နေတာ ဘယ်လိုဖြစ်လာအုံးမလဲ မပြောတတ်ဘူး ” ဟု ဆို သည် ။

၎င်းစီမံကိန်းအတွက် မြေတိုင်းတာမှုများ ပြုလုပ်နေရာ မြေစာရင်းဦးစီးဋ္ဌာနမှ ၀င်ငွေအမြောက်အများ ရရှိကြောင်းလည်း သိ ရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates