သျှမ်းပြည် (မြောက်ပိုင်း) မုံးဝီးအုပ်စုအတွင်း သူခိုး သောင်းကျန်း
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာ၌ မူးယစ်ဆေးသုံးစွဲသူ အမြောက်အများရှိနေပြီး ယခုရက်ပိုင်း အ တွင်း ကျေးရွာအတွင်း ဖေါက်ထွင်းခိုးယူမှုများ နေ့စဉ် ဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်း စုံစမ်းသိရသည် ။
“အခုရပ်ရွာမှာ သူခိုးတွေအရမ်းထူပြောနေတယ်။ နေ့တိုင်း တစ်အိမ်ပြီးတစ်အိမ်ဖေါက်နေတယ်။ စစ်တပ် လည်းရှိတယ်။ ရဲ လည်းရှိတယ်။ ဘာမှဂရုမစိုက်ဘူး။ ရွာသူရွာသားတွေ အနေနဲ့ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့ဘူး ” ဟု မုံးဝီးရွာခံ တစ် ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
ယခုဖြစ်ပွားနေသော ခိုးယူမှုများသည် အကြီးစားဖေါက်ထွင်းခိုးယူမှုများ မဟုတ်သော်လည်း အိုးခွက် ပန်းကန်များ ၊ မီးသွေး များ ၊ စားသောက်စရာများနှင့် တိုလီမိုလီပစ္စည်းများ နေ့စဉ် ခိုးယူခံနေရကြောင်း သိရသည် ။
လွန်ခဲ့သည့် ၃ ရက်ခန့်က ကျေးရွာအတွင်းရှိ ဈေးဆိုင်တစ်ဆိုင် ဖေါက်ထွင်းခိုးယူခံခဲ့ရရာ ကျပ် ၁၀ သိန်းခန့် ဆုံးရူံးမှုရှိပြီး ခိုးယူမှု ကျူးလွန်သူများမှာ မူးယစ်ဆေးသုံးစွဲသူများ ဖြစ်ကြောင်း သိရသည် ။
Tags: News, War