စိုင်းအောင်မြတ်၏ပိုင်ဆိုင်မှုများအား မြန်မာစစ်ဗျူဟာအရာရှိက ခြိမ်းခြောက်စစ်ဆေး



ကျိုင်းတုံ၌ ဖမ်းဆီးခံထားရဆဲဖြစ်သော ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်း၏ ဒု လက်ထောက်စိုင်းအောင်မြတ်နှင့် အမျိုးတော်စပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့အား မြန်မာစစ်ဗျူဟာတပ်မှ အရာရှိတဦးက ဖမ်းဆီးခြိမ်းခြောက်ကာ စိုင်းအောင်မြတ် ပိုင်ဆိုင်သည့် ငွေကြေးဥစ္စာတို့အား စစ်ဆေးမေးမြန်းခဲ့ကြောင်း နီးစပ်သည့်ဆွေမျိုးများကပြောသည်။

“ ဆမ်ပူးရွာအုပ်ချုပ်ရေးမှူး စိုင်းအိုက်လောနဲ့ စိုင်းအိုက်အီး၊ စိုင်းကွတ်ဝန်းတို့ ၃ ယောက်ကို ဆမ်ပူးမှာအခြေစိုက်တဲ့ ဗျူဟာတပ်စခန်းက ဗိုလ်ဝင်းမင်းအောင်က လူကြီးခေါ်ခိုင်းတယ်ဆိုပြီး ခေါ်သွားတယ်။ မဲခေါင်မြစ် အတိုင်းဆန်တက်သွားပြီး ၁ နာရီလောက်အကြာ ဟွေ့ပါခါးဆိုတဲ့နေရာမှာဆင်းပြီး စစ်တာ။ အဲဒီမှာလဲ တွင်းကြီးတခုတူးထားတယ်တဲ့။ စိုင်းအိုက်လော တို့ ၃ ယောက်ကို သေနတ်နဲ့ချိန်ပြီး စိုင်းအောင်မြတ်ရဲ့ ငွေတွေ ရွှေတွေ ဘယ်မှာထားလဲ။ ခင်ဗျားတို့ ဆီမှာအပ်ထား တယ် မဟုတ်လား ဆိုပြီး မေးတာ။ သူတို့ ၃ ယောက်က မသိဘူး ဖြေတာနဲ့ သူတို့ ရဲ့ပုခုံးပေါ်ကိုသေနတ်ပြောင်းတင်ပြီး ပစ်တာ သူတို့နားတွေ ထိုင်းလုနီးနီးဖြစ်ကုန်တယ်ပြောတယ်” ဟု မိုင်းဖုန်းအုပ်စုနေ စိုင်းအောင်မြတ် နှင့်အမျိုးတော်စပ်သူများက သျှမ်းသံတော် ဆင့်သို့ပြောပြသည်။

ပြီးခဲ့သည့် စနေနေ့ ၁၈ ရက် နေ့ခင်း ၁၁ နာရီအချိန် တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဆမ်ပူးရွာနေ စိုင်းအောင်မြတ်၏ ဦးလေးဘက်မှအမျိုးတော်စပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းအိုက်လော အပါအဝင် ရွာသား ၃ ဦးအား ထိုဒေသ အခြေ စိုက် ဗျူဟာတပ်စခန်းက ဝင်းမင်းအောင်က ဖမ်းဆီးခြိမ်း ခြောက်ခဲ့ပြီး အဆိုပါ ၃ ဦးအားလည်း မည်သူ့ကိုမှ မပြောရန် တားမြစ်ခဲ့သေး သည်ဟုဆို၏။

အဆိုပါ ဗျူဟာတပ်စခန်းမှာ မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံမှ တပ်တတပ်ဟု ဆိုသော် လည်း တပ်ရင်း အမှတ် အား ဆက်လက်စုံစမ်းဆဲဖြစ်သည်။

“ သူတို့ ၃ ယောက်ကို စစ်ဆေးတာ သူတို့က မသိဘူးဘဲပြောတော့ ဗိုလ်ဝင်းမင်းအောင်က သူတို့ ၃ ယောက်ကို အဲဒီနေရာမှာ ထားပြီး ဆမ်ပူးပြန်သွားတယ်။ သူတို့ ၃ ယောက်ရဲ့အိမ်ကို တခါပြန်စစ်ဆေးရှာဖွေတယ်။ ဘာမှမတွေ့မှ သူတို့ ၃ ယောက်ကို ပြန်လွှတ်ပေးတယ်” ဟု အဆိုပါ အမျိုးများက သျှမ်းသံတော်ဆင့်အား ဆက်လက်ပြောပြသည်။

ထိုသတင်းကိုတာချီလိတ်မှ ဗျူဟာမှူးက ကြားသိရာ အဆိုပါတပ်ထံသို့ ဖုန်းဆက်မေးမြန်း ရာတွင်လည်း ဟုတ်မှန်ကြောင်း ဝန်ခံပြောကြားသည်ဟု တာချီလိတ်ဗျူဟာမှူးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းကလည်း ပြောပြသည်။

အဆိုပါ အရေးအခင်းကြောင့် သတင်းပေါက်ကြားသည်ဟုဆိုကာ စိုင်းအိုက်လောတို့ ၃ ဦးအား ဝင်းမင်းအောင်ကသွားရောက် ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်ဟုလည်း ဆိုပါသည်။

ကျိုင်းတုံမြို့ စရဖ ရုံး၌ ထိန်းသိမ်းထားသော စိုင်းအောင်မြတ်ကိုလည်း လုံခြုံရေးအကြောင်းပြကာ ကျိုင်းတုံရဲအချုပ်ခန်းသို့ ရဲများက တောင်းဆိုသဖြင့် ယခုရက်ပိုင်းက ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု နမ့်ခင်း(မ်း) ရွာ ဇာတိဖြစ်သည့် အသက် ၄၂ နှစ် အရွယ် စိုင်းအောင်မြတ် ခေါ် ဇိန်းဟုန် သည် တရုတ် ၁၃ ဦး အသတ်ခံရမှုတွင် ကိုယ်တိုင်ပါဝင်ဦးဆောင်သူဖြစ်သည်ဟု ထိုင်းနယ် စပ်သတင်းတချို့ကဆိုထားပါသည်။ သို့သော် အဆိုပါ သတ်ဖြတ်မှုမှာ ထိုင်းတပ်တော်သား ၉ ဦး၏လက်ချက်ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်နေ ကုန်သည်တဦးအား စိုင်းအောင်မြတ်က ဖုန်းဆက်ပြောကြားသည်ဟုလည်း နယ်စပ်သတင်း ရပ်ကွက် ကဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates