မြို့တွင်းရပ်ကွက်၌လည်း အစိုးရရဲများ လူ့အခွင့်အရေးချိုးဖောက်နေ



သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ ဩဂတ်စ် ၂၀ ရက်နေ့ ကျားဖြူပါတီ တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကျင်းပ သည့်နေ့က ဒေသခံတဦး၏နေအိမ်အား အစိုးရရဲတပ်ဖွဲ့မှ ဝင်ရောက်အနုကြမ်းစီးရှာဖွေခြင်းခံရကြောင်း ဒေသတွင်းသတင်း ရပ် ကွက်ကဆိုပါသည်။

policeမြန်မာ့ရဲ

“ကျားဖြူပါတီ ၂ နှစ်ပြည့်တဲ့နေ့မှာ ဖြစ်တာ။ နောင်မိန်းရပ်ကွက်ထဲက နန်းလှတို့အိမ်ကို မိုင်းနောင်အခြေစိုက် ရဲတပ်ဖွဲ့က ရဲ ၂ ယောက် ရောက်လာပြီး စိုင်းအိန္ဒကကို လက်ထိပ်ခတ်ပြီး တအိမ်လုံး ရှာဖွေမွှေနှောက်တယ်။ အခု တလော လဲချားမှာ အဲဒီပုလိပ်တွေ မကြာခဏသောင်းကျန်းနေတယ်” ဟု အိမ်ရှင်နှင့်အမျိုးတော်စပ်သူက သျှမ်းသံတော် ဆင့် သို့ပြောပြသည်။

စိုင်းအိန္ဒကမှာ ပန်းနာရင်ကျပ်ရောဂါကြောင့် (မိသားစုဝမ်းရေး အကြော်ရောင်း) အညှော်မခံနိုင်သဖြင့် ၎င်းနှင့် အမျိုးတော် စပ်သည့် ဒေါ်နန်းလှ တို့အိမ်သို့ လာနေခြင်းဖြစ်ကြောင်း၊ အပြစ်မရှိဘဲ လက်ထိပ်ခတ် ဟိန်းဟောက်ခံရသဖြင့် မကျေမနပ် ဖြစ်ကာ လဲချားမြို့ ကျားဖြူပါတီရုံးခန်းသို့ သွားရောက်အကူအညီတောင်းခဲ့ကြောင်း ကျားဖြူပါတီဝင်လူငယ်ကလည်း ပြောသည်။

“ကျနော်တို့ လဲချားမြို့ ကျားဖြူပါတီအတွင်းရေးမှူးကိုယ်တိုင် စိုင်းအိန္ဒက ကိုရဲစခန်းလိုက်ပို့တယ်။ ဘာသာပြန်ပေးဖို့ပေါ့။ ရှာဖွေခွင့်လက်မှတ်မပါဘဲနဲ့ ဒေသခံလူထုရဲ့နေအိမ်တွေကို အကြောင်းမဲ့ဝင် ရောက်ရှာဖွေနေတဲ့ အခုလိုလုပ်ရပ်မျိုးကို ထိထိ ရောက်ရောက်အရေးယူဆောင်ရွက် ပေးဖို့ တိုင်တန်းထားတယ်။ ဒီကိစ္စကိုလဲ ရဲစခန်းက မသိကျိုးကျွံပြုနေမယ်ဆိုရင်တော့ အထက်ကိုတင်ရလိမ့်မယ်လို့ အတွင်းရေးမှူးကပြောထားတယ်” ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် သမ္မတသစ်လက်ထက်၌လည်း ကျေးလက်လူထုအများအပြား လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲဖြစ် ကျားဖြူပါတီဝင်များက ပြောပါသည်။

အထူးသဖြင့် ဝမ့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့အခြေချရာ လဲချားမြို့၌ ဒေသခံများ လူ့အခွင့်အရေးအမျိုးမျိုး ချိုးဖေါက် ခံနေ ရကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှ နိုင်ငံရေးပါတီများ တရားဝင် မားမားမတ်မတ်ရပ်တည်လာသည့် ယခုချိန်အတောအတွင်း အဆိုပါချိုးဖောက်မှုအနည်းငယ် လျော့သွားသည်ဟုဆိုသော်လည်း လုံးဝပျောက်ကွယ်ခြင်းမရှိသေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates