ဆခဟ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် ကာတွန်းဆရာဟန်လေးထွင်းထုသည့် ပုံတူရုပ်ထုစိုက်ထူ
သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် ခေါ် စိုင်းရှဲန်ဇင့် (ဆခဟ) ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား သျှမ်းပြည်တပ်မတော် ကျိုင်းတုံ စစ် ဒေသဌာနချုပ်နှင့် ၄င်း၏အုတ်ဂူရှိရာ နယ်စပ်၌ ပုံတူရုပ်ထုစိုက်ထူပွဲနှင့်အတူ ကုသိုလ်ပြုသည့် အခမ်းအနားတရပ် ကျင်းပခဲ့ပါသည်။
ဦးစိန်ကြည်(ဆခဟ)၏ ပုံတူရုပ်ထု (Photo: SHAN)စက်တင်္ဘာ ၁၄-၁၆ ရက်နေ့၌ ကွယ်လွန်သူ ဦးစိန်ကြည် အား ရည်စူး၍ ကျန်ရစ်သူမိသားစု၊ သျှမ်းသံ တော်ဆင့်အဖွဲ့သား၊ ဆွေမျိုး မိတ်သင်္ဂဟများ၊ နောက်လိုက်တပည့်များကလည်း ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စု လက်တိုင်ရွာ ၀တ့်ဖှဝိန်းအင်း ဘုန်းကြီးကျောင်း၌ အလှူ အဒါန်း ပြုလုပ်ပေးခဲ့ကြသည်။
“ဦးစိန်ကြည်နဲ့ ကျနော်ဟာ အေးအတူ ပူအမျှ ဆိုးရင်လည်းခံ ကောင်းရင်လည်းစံ ဆိုတဲ့အတိုင်း လက်တွဲလုပ်ဆောင်လာခဲ့တာ နှစ်ပေါင်းများစွာပါဘဲ။ ကျနော် တခုပြောနိုင်တာက ဦးစိန်ကြည် ကွယ်လွန်တာ အရမ်းစောတယ်ဗျာ” ဟု ဦးစိန်ကြည်၏ မိတ်ဘက် စိုင်းလျဲန်း က ပြောပါသည်။
ပုံတူရုပ်ထု စိုက်ထူပွဲ၌ သျှမ်း−ထိုင်း နှစ်ဘာသာဖြင့် ထုတ်ဝေသည့် ဦးစိန်ကြည် ကွယ်လွန်ခြင်း တနှစ်ပြည့် အမှတ်ရ စာအုပ်အား လက်ဆောင်အဖြစ် ဝေငှခဲ့ကြသည်ဟု ဆိုသည်။
ဦးစိန်ကြည်နှင့် မီဒီယာလုပ်ငန်း အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ဖူးသည့် နန်းဆိုင်နောင့် ကလည်း “သူနဲ့အတူ အလုပ်လုပ်ရတာ အသိပညာ ဗဟုသုတ အများကြီးရတယ်။ မီဒီယာလုပ်ငန်း၊ လူမှုရေး လုပ်ငန်း၊ လူ့အခွင့်အရေးလုပ်ငန်းတွေမှာ လက်တွဲလုပ်ဆောင်ခဲ့ဖူးတယ်။ သူက အချိန်ကို အကျိုး ရှိစွာ အသုံးချတတ်ဖို့၊ အချိန်မဖြုန်းတီးဖို့၊ ဘာဘဲလုပ်လုပ် သေသေချာချာလုပ် ကောင်းကောင်း လုပ်လို့ အမြဲတမ်းပြောတယ်။ တယောက်တည်းနဲ့ အလုပ်အများကြီးလုပ်တယ်။ နောင်လာနောက် သားတွေအတွက် အတုယူစရာ စံပြတယောက်ဖြစ်တယ်။ သူ့ကိုလည်း အမြဲတမ်း အမှတ်ရနေမှာ ပါ။”
လွယ်ကော်ဝမ်း၌ ပြုလုပ်ကျင်းပသည့် သခဟ ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား (Photo: SHAN)စိုင်းဆဲန်ဇင့် ခေါ် ဆခဟ သည် ၁၉၅၂ ခု နိုဝင်ဘာ ၇ ရက်၌ သျှမ်းပြည်အရှေ့ပိုင်း မန်းလိန်းနယ် မန်းဆိုင်ကျေးရွာအုပ်စု မန်းဆိုင်ရွာ (ယခု ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး အတွင်းတည်ရှိ) ၌ မွေးဖွားခဲ့သည်။ သျှမ်းသံတော်ဆင့် သတင်းဌာန ပါဝင်တည်ထောင်သူ စိုင်းဆဲန်ဇင့်သည် အသဲ ကင်ဆာရောဂါဖြင့် စက်တင်ဘာ ၁၅ ရက် နံနက် ၉:၄၅ နာရီ၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆွန်ဒေါက် ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။
Tags: General, News

