ပညာရေးဝန်ထမ်းများအပေါ် မတရားဖိနှိပ်နေသော ပညာရေးမှူးအား စစ်ဆေး ဆောင်ရွက်ပေးပါရန်
သို့- အယ်ဒီတာ သျှမ်းသံတော်ဆင့်
လဲချားမြို့နယ် ပညာရေးမှူးမှ ၎င်း၏ မိသားစုနေထိုင်ရန်အတွက် လဲချားမြို့နယ်အတွင်းရှိ ကျောင်းဆရာမ များထံမှ တစ်လလျှင် ယခင် ၂၀၀၀ ကျပ်ခန့် ကောက်ခံခဲ့ ၃ လခန့်ရှိခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ကောက်ခံခဲ့ရာ စေတနာအလျှောက် ထည့်ဝင်လှူဒါန်းပါသည် ဟူသော ၀န်ခံကတိလက်မှတ်ရေးထိုးခဲ့ကြရပါသည်။ ကျောင်းဆရာ ဆရာမများအနေဖြင့် ရရှိသောလစာနှင့် ၂၀၀၀ လောက်ကို လစဉ်ထည့်ဝင်နေရသောကြောင့် ညည်းငြူနေကြပါသည်။
အကယ်၍ ၀န်ထမ်းများ နေထိုင်ရန် နေအိမ်လိုင်းခန်းများ တည်ဆောက်ရန်လိုအပ်ပါက ပညာရေးဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းခံပြီး ဆောက်လုပ်မှုကုန်ကျစရိတ် ဘတ်ဂျက်ငွေတောင်းခံပြီး ဆောက်လုပ်ရမည်ဖြစ်သည်ကို ပညာရေးဝန်ထမ်းများထံ ခေါင်းပုံဖြတ်ကာ မိမိသဘောဖြင့် ဆောက်လုပ်နေခြင်းကို မကျေမနပ်ဖြစ် နေကြရပါ သည်။
မကျေနပ်သော်လည်း ပညာရေးမှူး၏ လက်အောက်ခံ ပညာရေးဝန်ထမ်းများဖြစ်နေကြ၍ မိမိ၏ အနာဂတ် အရေး မျှော်တွေး စိုးရွံ့နေကြ၍ မကျေနပ်သော်လည်း ပေးနေကြရပါသည်။
ထို့အပြင် ကျေးရွာများသို့ ကျောင်းစစ်ဆေးရေးဆင်းသည့်အခါများတွင်လည်း စစ်ဆေးရေးအဖွဲ့ဝင် ပညာရေး ၀န်ထမ်း ငါးဦး ခြောက်ဦးအပြင် ပညာရေးမှူးကတော်သည်လည်း သွားလေရာပါပြီး ရောက်ရှိသော ရွာများတွင် ဆိုင်ကယ်ဆီဖိုးငွေ ၅၀၀၀ ကျပ်နှင့် ခရီးစရိတ်ဆို၍ ပညာရေးမှူးကတော်မှ တောင်းခံရယူခဲ့သည်ဟု ရွာသား များပြောပြချက်အရ သိရှိရပါသည်။
သို့ဖြစ်ပါ၍ ပညာရေးဝန်ထမ်းများအပေါ် မတရားဖိနှိပ်နေသော ပညာရေးမှူးအား စစ်ဆေး ဆောင်ရွက်ပေးပါရန် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြအပ်ပါသည်။
လဲချားမြို့
Tags: Letter to Editor

