အတင်းအဓမ္မမှုများ မတရားမှုများ ပပျောက်စေရန် သက်ဆိုင်ရာမှ ကြပ်မတ် ဆောင်ရွက်ပေးပါရန်
သို့-သျှမ်းသံတော်ဆင့်မှတဆင့် သျှမ်းပြည်နယ်အစိုးရ သိစေရန်
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အဓိကအခန်းကဏ္ဍက အခြေတည်အစပျိုးခဲ့သော နေရာဒေသဖြစ်ပပါသည်။
တိုင်းရင်းသား ပေါင်းစုံ စုပေါင်း၍ သမိုင်းဝင်စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြသော နေရာဖြစ်ပါသည်။
အဆိုပါဒေသသည် ယခုအခါတွင် မော်တော်ယာဉ်များ နေ့စဉ် ချောဝင်နေရပါသည်။ နေ့စဉ် ကားတစ်စီး ကျ စတင်းဘိုင် ထိုးထားပေးရပါသည်။ အရေးပေါ် လိုအပ်သည့်အချိန်အခါများတွင်လည်း တစ်မြို့လုံး လှည့်လည်မွှေနှောက်၍ မြင်တွေ့သည့်ကားများကို ချောဆွဲပါသည်။ အဓမ္မစေခိုင်းမှု မရှိစေရ ဆိုသည့် ILO သဘောတူစာချုပ်များနှင့် ချမှတ် တားမြစ်ချက် အမိန့်ညွှန်ကြားချက်များသည်လည်း သက်ရောက်မှု မရှိ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များသည် ဥပဒေ၏ အကာအကွယ်ကင်းမဲ့နေရပါသည်။
ထို့အပြင် ခမရ(၅၁၃) တပ်တွင်း စာသင်ကျောင်းဆောက်လုပ်ရန်ဟူ၍ လုပ်ငန်းရှင်များနှင့် ငွေကြေး ချမ်းသာသူ များမှ တစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ်တစ်သိန်းစီ ထည့်ဝင်ဖို့ ညွှန်ကြား တောင်းဆိုထား ပါသည်။
စီးပွားရေးအကြပ်အတည်းများကြားမှ စားဝတ်နေရေးအတွက် အနိုင်နိုင်ရုံးကန်နေရသည့်ကြားတွင် အမိန့်အာဏာ ဖြင့် အတင်းတောင်းဆိုလာသည်ဖြစ်၍ မတတ်နိုင်သူများလည်း ချေးငှားထည့်ဝင် နေရပါသည်။
ရဲတပ်ဖွဲ့များအနေဖြင့်လည်း လိုအပ်သည့်အချိန်တွင် ကားချောများ ဆိုင်ကယ်ချောများဆွဲလျှက်ရှိကြရာ ယခုအခါတွင် ပြည်သူများမှ ပြောင်းလဲမှုအရသာများကို မခံစားရပဲ အခွင့်အရေးများ နစ်နာဆုံးရှုံး ကြရပါသည်။ ထိုအဖြစ်မှကင်းဝေး၍ အတင်းအဓမ္မမှုများ မတရားမှုများ ပပျောက်စေရန် သက်ဆိုင်ရာမှ ကြပ်မတ် ဆောင်ရွက်ပေးပါရန် မှတဆင့် တင်ပြအပ်ပါသည်။
Tags: Letter to Editor

