အာဏာပိုင် လာဘ်စား၊ မူးယစ်ဆေးဝါး ပပျောက်ရန်ခက်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု၌ မူးယစ်ဆေးဝါး ရောင်းချသူများအား ဖမ်းဆီးသော်လည်း အရေးမယူဘဲ ပြန်လွှတ်ပေးသည့်အတွက် မူးယစ်ဆေးဝါး ပပျောက်ရန် ခက်ခဲ ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။
မိုင်းဝီးရွာ မြင်ကွင်း (Photo:LK/SHAN)စက်တင်ဘာ ၁၂ ရက် နံနက် ၆:၃၀ နာရီခန့် မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းဝီးမှရဲများ ပူးပေါင်းကာ မိုင်းဝီးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများနှင့် သုံးစွဲသူများအား ဝင်ရောက်ဖမ်းဆီးရာ စုစုပေါင်း အယောက် ၂၀ ကျော် ဖမ်းမိကြောင်း၊ ယခုအခါ ရောင်းချသူများအား ပြန်လွှတ်ပေးပြီး သုံးစွဲသူ ၁၅ ယောက်ခန့်သာ နမ့်ခမ်းရဲစခန်း၌ ဖမ်းထားကြောင်း၊ ပြန်လွတ်လာသည့် သူများမှာ စိုင်းကော်ရွှေ(တရုတ်)၊ စိုင်းအောင်ရွှေ(သျှမ်း)နှင့် စိုင်းကျိန်ဆေ(တရုတ်)တို့ ဖြစ်ကြောင်း ဆို၏။
“အာဏာပိုင်တွေက ဖမ်းတယ်ဆိုပေမဲ့ မိုင်းဝီးမှာ ရောင်းသူ၊ ဝယ်သူ အများကြီး ကျန်သေးတယ်။ ဖမ်း ရင်နာမည်ကောင်းရသလို ပိုက်ဆံလည်းရတယ်လေ။ အသက် ၁၃-၁၄ နှစ်ကလေးတွေတောင် ဘိန်းစွဲ နေကြပြီ” ဟု ဒေသခံနောက်တစ်ဦးကလည်း ပြောပါသည်။
မိုင်းဝီးဒေသသို့ မူးယစ်ဆေးဝါး သယ်ဆောင်/ရောင်းချပေးနေသူ ပလောင်အမျိုးသား စိုင်းကျော်သိန်း အား အရေးယူပေးရန် အာဏာပိုင်များထံ ဒေသခံ ရပ်မိရပ်ဖများက သွားရောက်ပြောကြားသော်လည်း စိတ်သောက မရောက်ရန်သာ ပြောဆိုကြောင်း ၎င်းကဆက်ပြောပါသည်။

“ဒီကိစ္စ သူတို့ဖြေရှင်းပေးမယ်၊ စိတ်မပူပါနဲ့လို့ဘဲ ပြောလာတယ်။ ဖမ်းလည်းမဖမ်းဘူး။ ဒီအတိုင်းဘဲ လွှတ်ထားလို့ စုံစမ်းကြည့်တော့ သူက ရဲတွေနဲ့ ရင်နှီးဝင်ဆန့်ပြီး ရဲခိုင်းသမျှ လုပ်ပေးနေတဲ့သူဖြစ်နေ တယ်။”
မိုင်းဝီးဒေသ၌ ဘိန်းဖြူ၊ ဘိန်းမဲ၊ ယာဘ စသည့် မူးယစ်ဆေးဝါး ပေါများသည်နှင့်အမျှ သုံးစွဲသူလည်း ပေါများရာ ခိုးယူလုယက်မှုလည်း များပြားလာကြောင်း သိရှိရပါသည်။
Tags: Drug, News

