နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးမှု အစ္စလာမ်များ အပေါ် ကန့်သတ်ဟု ဆို
တရုတ် - မြန်မာနှစ်နိုင်ငံနယ်စပ် မူစယ် - ကျယ်ဂေါင် အ၀င်အထွက်ဂိတ်တွင် မြန်မာဘက်မှ တရုတ်နယ်စပ်ဖြတ်သန်းခွင့် စာအုပ် (လက်မှတ်) ထုတ်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များ အပေါ် ကန့်သတ်မှုရှိနေကြောင်း အစ္စလာမ် ဘာသာဝင် အသိုင်းအ၀ိုင်း အဆိုအရ သိရသည်။
သျှမ်းပြည် (မြောက်ပိုင်း) အတွင်း နေထိုင်သူ မည်သူမဆို အဆိုပါ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် ပြုလုပ်နိုင်ပြီး ၄င်းစာအုပ် ဖြင့် တရုတ်ဘက်ခြမ်းသို့ ဖြတ်သန်းသွားလာခွင့် ရရှိမည်ဖြစ်သည်။
ယခုအခါ အစ္စလာမ်ဘာသာဝင်များ အပေါ် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်များ ထုတ်ပေးခြင်း ကန့်သတ်ထားမှုကြောင့် တရုတ်ဘက်ခြမ်းသို့ သွားလာရာတွင် အခက်အခဲဖြစ်နေကြောင်း သျှမ်းပြည် (မြောက်ပိုင်း) အတွင်း နေထိုင်သူ အစ္စလာမ် လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီနေ့ကျနော် မူစယ်ခရိုင် လ၀က ရုံးမှာ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်သက်တမ်းသွားတိုးတော့ လ၀ကက ကျနော်တို့စိစစ်ပါရစေအုံးဆိုပြီး ရက်မတိုးပေးခဲ့ဘူး၊ ဒီသျှမ်းပြည် (မြောက်ပိုင်း) မှာနေထိုင်တဲ့ အိမ်ထောင်စုလည်းပါတယ်၊ မှတ်ပုံတင်လည်း ပါတယ်၊ ကျနော်ရည်ရည်လည်လည် ပေါက်ကွဲတယ်ဗျာ” ဟု ၄င်းက ဆိုသည်။
ထိုသို့ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးမှု ကန့်သတ်ထားသည်မှာ လ၀က်ခန့်ရှိပြီဖြစ်ပြီး အခြားအစ္စလာမ်ဘာ သာဝင်များလည်း စာအုပ်ပြုလုပ်၍ မရကြောင်း ၄င်းက ဆိုသည်။
“ဒီလိုဖြစ်နေတာတော့ လ၀က်လောက်ရှိပြီ ဒီနေ့တော့ ကိုယ်တိုင် သွားလုပ်ကြည့်မှ မရဘူးဆိုတာ သိရတာပေါ့ ခါတိုင်းဆို ဒီမှာနေထိုင်တယ်ဆိုတဲ့ အိမ်ထောင်စုရယ် မှတ်ပုံတင်ရယ် ပြနိုင်ရင် အလွယ်တကူ လုပ်လို့ရနေတာပဲ” ဟု ဆိုသည်။
အဆိုပါနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးရာတွင် အချက်အလက် အထောက်အထား အပြည့်အစုံပါက မည်သူ့ကိုမဆို ပြုလုပ်ပေးကြောင်း စိစစ်ရန်လိုအပ်ချက်အရ ဆိုင်းငံ့ထားခြင်း ဖြစ်နိုင်ကြောင်း မူစယ်မြို့ခံ လ၀က ၀န်ထမ်းတစ်ဦးက ပြောသည်။
ဤကန့်သတ်ချက်တင်းကျပ်လာမှုမှာ မကြာမီကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ ကွန်ကရက်နှင့်ပတ်သက်သည်ဟု ဆိုပါသည်။
Tags: Human Right, News

