အစိုးရတပ်များ ဆုတ်သွားသည့်တိုင် လိုင်ဇာမြို့အား စစ်ရေးအရ ခြိမ်းခြောက်ဆဲ



တရုတ်နယ်စပ်အနီးရှိ KIA ဋ္ဌာနချုပ် လိုင်ဇာမြို့ အနီးတွင် KIA ၊ ABSDF ပူးပေါင်းတပ်များနှင့်အစိုးရ တပ်ဖွဲ့တို့ အကြား ယမန်နေ့နံနက်ပိုင်းကစ၍ယနေ့ နံနက် ၁ နာရီခန့်အထိ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

လိုင်ဇာမြို့နှင့် ၅ မိုင်ဝန်းကျင်ခန့် အကွာရှိ မြို့အပြင်စည်း လုံခြုံရေးယူထားသော KIA နှင့် ABSDF တပ်စခန်း ကုန်းများအား နားလုံရွာဘက်မှ ချီတက်လာသော အစိုးရတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်အစောပိုင်းတွင် ၄င်း အစိုးရတပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဒီမနက်တစ်နာရီလောက်အထိ ပစ်ခတ်မှုတွေဖြစ်တာပေါ့။ မနက်လင်းလောက်မှာပြန်ဆုတ်သွားတယ်။ ပြန့်ဆိုတော့ သူတို့ ဆုတ်သွားတာတွေ လှမ်းမြင်ရတယ် ” ဟု သူက ဆိုသည် ။

လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်အကွာရှိ လဂျာယန်ရွာ အစိုးရတပ်စခန်းကုန်းသို့ အစိုးရတပ်များ အင်အားဖြည့်တင်း လာသည့် တစ် ပြိုင်နက်တည်းတွင် ထိုးစစ်အသွင်ဖြင့် တိုက်ခိုက်သောကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု သူက ဆိုသည် ။

“လဂျာယန်တပ်စခန်းမှာ အရင်က ခလရ ၄၀ ထိုင်တယ်။ မနေ့က ခလရ ၄၀ နေရာမှာ နောက်ထပ်တပ်ရင်း တစ်ရင်း အင် အား ၁၀၀ ကျော်လာထိုင်တယ်။ သူတို့က လိုင်ဇာနားမှာ ရိက္ခာနဲ့တပ်တွေကိုတိုးချလာတာပေါ့။ တစ်ပြိုင်နက်တည်းမှာ ထိုး စစ်ပုံစံမျိုး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လာတော့ တိုက်ပွဲတွေဖြစ်ပွားတယ် ” ဟု ဆိုသည် ။

ယခုအခါ အစိုးရတပ်များ KIA ဋ္ဌာနချုပ်လိုင်ဇာမြို့အနီးမှ ဆုတ်ခွာသွားသော်လည်း အနီးအနားကျေးရွာများ တွင် စစ် ကြောင်းများ ဆက်လက်ရှိနေသေးကြောင်း လဂျားယန်တပ်စခန်းတွင်လည်း လက်နက်ရိက္ခာနှင့် တပ်အင်အားများ တိုးမြှင့် ချထား ကြောင်း ၁၀၅ မမ လက်နက်ကြီးများလည်း တုံဖုန်းယန်မြို့နယ်ခွဲအတွင်း ရောက်ရှိနေကြောင်း အရေးပေါ် ရိက္ခာချ မည့် ရဟတ်ယာဉ်ကွင်းများလည်း ပြင်ဆင်ထားသောကြောင့် လိုင်ဇာမြို့ အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှု ရှိနေဆဲ ဖြစ်ကြောင်း သူက ဆက်ပြောသည် ။

ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ အကျအဆုံး မသိရသော်လည်း ကျောင်းသား တပ်မှ တပ်သား တစ်ဦး ကျဆုံးသွားကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates