တရုတ်ဘက် သစ်မှောင်ခိုတင်ပို့မှု အာဏာပိုင်များအတွင်း မသမာမှုရှိဟု ဆို



ယခုနှစ် ပွင့်လင်းရာသီ စတင်ချိန်မှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်နှင့် မဘိန်းနယ်တစ်ဝိုက်မှ သစ်မာများကို မန္တလေး - ဗန်းမော်ကားလမ်းမှ တဆင့် ဗန်းမော်မြို့ဖြတ်၍ တရုတ်နယ်စပ် လွယ်ဂျယ်ဘက်သို့ တရားမဝင်တင်ပို့နေမှုများ ကျယ်ပြန့် စွာ ဖြစ်ပေါ်နေကြောင်း ဗန်းမော်မြို့ခံများ အဆိုအရ သိရသည် ။

teak truck                                                               သစ်တင်ကား

အောက်တိုဘာလပိုင်းကစ၍ သစ်တင်ပို့မှုများ စတင်ခဲ့ပြီး ယခုလ ၂၃ ရက်နေ့က သစ်ကားတန်း ဖြတ်သန်းမှုကြောင့် ဗန်းမော်မြို့ အဝင် ဟန်းတဲရွာ တံတားကျိုးကျခဲ့ရာ လူသေဆုံးမှုရှိခဲ့ပြီး ၄င်းဖြစ်စဉ်အပေါ် ဗန်းမော်မြို့ အာဏာပိုင်များက အမှုမှန်ဖေါ်ထုတ်ခြင်း မရှိပဲ ဖုံးကွယ်ထားကြောင်း ဗန်းမော်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မန်စီဘက်ကနေ ဗန်းမော်မြို့ထဲအဝင် ဟန်းတဲတံတားပေါ့။ အဲဒီနေ့ မနက် ၂ နာရီလောက်က သစ်ကား ၁၉ စီး ဖြတ်တယ်။ ကျန်တဲ့ကားတစ်စီးက ၄ နာရီလောက်မှာ ဖြတ်တယ်။ ကားက လမ်းချော်နင်းလိုက်တာ တံတားကျိုးပြီး အောက်ထဲကို လုံးဝ ကျသွားတယ်။ ကားစပါယ်ယာသေသွားတယ်။ တံတားကျိုးတော့ အခု အောက်လမ်းကနေသွားနေရတယ်” ဟု သူက ဆို သည် ။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့ အာဏာပိုင်များက ပိုင်ရှင်မဲ့ပြုလုပ်ထားသည့် အပေါ် မြို့ခံဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးက ပြောရာတွင် “ ကားပိုင်ရှင်ဘယ်သူလဲ ဆိုတာ တစ်မြို့လုံး သိနေတာပဲ။ ဒါပေမဲ့ ကားက ၀စ်သောက်ဆိုတော့ မော်တော်ယာဉ်ရုံးမှာတော့ တရားဝင်လိုင်စင် ဘယ်ရှာလို့ရမလဲ။ အခု ပိုင်ရှင်မဲ့ လုပ်ထားတယ် ” ဟု ဆိုသည် ။

ယခုကျိုးကျသည့် တံတားနေရာ၌ ဗန်းမော်မြို့နယ်ရဲစခန်းနှင့် အုပ်ချုပ်ရေးအာဏာပိုင်များက သစ်ကားသမားများထံမှ ကယ်ရီကြေးငွေ တောင်းယူနေသဖြင့် အဆိုပါသစ်ကားတိမ်းမှောက်၍ လူသေဆုံးမှုအပေါ် ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း မြို့ခံများက ဆိုသည် ။

ယခုအခါ မန္တလေး - ဗန်းမော်လမ်းမှ တဆင့် တရုတ်ဘက် တရားမဝင်သစ်သယ်ယူမှုများ တွင်ကျယ်နေရာ ကားလမ်း တစ်လျှောက် သစ်ပုံများ ၊ ဈေးဆိုင်များဖြင့် ပွဲကဲ့သို့ စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည် ။

ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ ကျွန်း ၊ သတ်မလမ်း ၊ ပိတောက် ကဲ့သို့သော သစ်မာ အမျိုးအစား များကို တရုတ်နယ်စပ်ဘက်သို့ တရားမဝင်တင်ပို့ ရောင်းချမှုများ ဆယ်စုနှစ်နှစ်စုခန့် ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ကချင်ပြည်နယ် အတွင်း၌ သစ်များ မရှိသလောက် ရှားပါးလာပြီး ယခုနှစ်တွင် သျှမ်းပြည် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်း အတွင်းမှ သစ်များ သယ်ယူနေကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates