ပြည်တွင်းစစ်ယမ်းငွေ့မပြယ် မိခင်တဦး၏ဒုက္ခပင်လယ်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၃ ထိန်းချုပ်ဒေသဖြစ်တဲ့ ဗန်းမော်ခရိုင် အင်ဘာဘာ(N BA PA) တိုက်နယ်အတွင်းက ပုံစံတူ အပြာရောင် တဲအိမ်ထဲ မှာ ကလေးတွေ၊ အမျိုး သမီးတွေ၊ ဘိုးအိုဘွားအိုတွေ အများစုနဲ့အတူ အိုးခွက်ပန်းကန်သံတွေ ကလေးအော်ငိုသံတွေ ဆော့ကစားသံတွေနဲ့ အတူ ဆူညံနေပါတယ်။
အင်ဘာဘာဒုက္ခသည်စခန်း
ဟောင်းနွမ်းပြီး မြေစေးတွေညစ်ပေနေတဲ့အဝတ်အစားလေးနဲ့အတူ ကလေးတစ်စု တဲအိမ်တွေကြား မြေကွက်လပ် လေးမှာ ပြေးလွှားဆော့ကစား နေပါတယ်။ သက်ကြီးပိုင်းအမျိုးသားတချို့ကတော့ နှီး တွေနဲ့ ပလိုင်းတွေ၊ ဒေါင်းလန်း တွေကို ယက်လုပ်နေပါတယ်။ အမျိုးသမီးတချို့ကတော့ ဒေါင့်လေးတခုမှာ မီးခိုးလုံးတွေနဲ့အတူ ချက်ပြုတ်နေပါတယ်။
ဘာမှမလုပ်နိုင်တော့တဲ့ ဘိုးဘွားတွေကတော့ တဲအိမ်တံခါးဝ မှာ ကန့်လန့်ထိုင်ပြီး နေပူစာလှုံနေ ပါတယ်။
သူတို့အားလုံးဟာ မြန်မာတပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် တို့ ၂၀၁၁ ဇွန်လ ၉ ရက်နေ့က ငြိမ်းချမ်း ရေး ပျက်ပြားပြီး တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့နောက်ပိုင်း မိမိနေရပ် ကနေစွန့်ခွာ ထွက် ပြေးလာတဲ့သူတွေပါ။
သူတို့စထွက်ပြေးလာတုန်းကတော့ တရုတ်ပြည် နောင်တောင်းမြို့နယ်ရှိ စစ်ပြေးဒုက္ခသည် စခန်းမှာ ၁ နှစ်နီးပါး နေထိုင် လာကြရတဲ့သူတွေပါ။ တရုတ်အစိုးရရဲ့ မောင်းထုတ်မှုကို ခံရပြီး အခု ဒီ နလန်စွပ်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင် လာကြတာ ၄ လ ကျော်ရှိ ခဲ့ပါပြီ။
အဲဒီ နလန်စွပ်ဂျာ ဒုက္ခသည်စခန်းမှာ အများအားဖြင့် ဗန်းမော်ခရိုင်က ကျေးလက်ဒေသခံ တွေဖြစ် ပြီး မိသားစု ၅၀၀ ကျော် လူဦးရေ နှစ်ထောင်ကျော်ရှိပါတယ်။ နလန်စွပ်ဂျာ ဟာ ကချင်လွတ်လပ် ရေးတပ်မတော် တပ်မဟာ ၃ ထိန်း ချုပ်နယ်မြေ တရုတ်နိုင်ငံ နယ်စပ် မိုင်းပ နှင့် ဆက်စပ်နေပြီး သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အနောက် မြောက်ဘက် မိုင် 20 ခန့် ဝေးပါတယ်။
သောကြာနေ့ စခန်းသန့်ရှင်းရေး အလှည့်ကျအဖွဲ့မှာပါဝင်တဲ့ အမျိုးသမီးကြီးတဦးက ပြေးထွက် လာပြီး မင်္ဂလာပါလို့ လက်ဆွဲပါတယ်။
ဖော်ရွေစွာ နုတ်ဆက်ပြီး သူ့မိသားစု နေထိုင်တဲ့ တဲလေးဆီကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ သူကတော့ ကလေး ၃ ယောက် မိခင် ကချင်အမျိုးသား နဲ့ အိမ်ထောင်ကျတဲ့ သျှမ်းအမျိုးသမီး “အေးစိန်” ဆိုသူပါ။
သူ့ရဲ့ခံစားချက်ကို အခုလိုပြောပြပါတယ်။
“ကျမတို့ တရွာလုံးက သေနတ်သံကြားတာနဲ့ အားလုံးထွက်ပြေးလာကြရတယ်၊ တချို့ရွာသားတွေ က ဗန်းမော်ဘက် ထွက်ပြေးကြတယ်။ ဗန်းမော်ဘက်ပိုဒုက္ခရောက်မှာစိုးလို့ ဒီတရုတ်ဘက်ခြမ်းကို ထွက်ပြေးလာရတာပါ”
နန်းအေးစိန် မိသားစုဟာ ဗန်မော်ခရိုင်အနီး၊ ယန်ဟူးရွာမှာနေထိုင်ပြီး တောင်ယာစပါးနဲ့ ဟင်းသီး ဟင်းရွက်စိုက်ပျိုး လုပ်ငန်းနဲ့ အေးချမ်းစွာအသက်မွေးဝမ်းကျောင်းပြု နေထိုင်လာရင်းနဲ့ သေနတ်သံ တဒိုင်းဒိုင်းထွက် လာတဲ့နေ့တနေ့မှာဘဲ ဘဝပျက်သွားခဲ့ရတာလို့ပြောပါတယ်။
ဇွန်လ ၁၀ ရက်ကျော်ကျော်မှာ သေနတ်သံလား ဗျောက်အိုးသံလား မိုးခြိမ်းသံလားလို့ ဝေခွဲမရ စဉ်အခါမှာ အကျီ င်္ဘောင်းဘီ အစိမ်း နဲ့ လူတအုပ်ရွာထဲ ပြေးဝင် လာတယ်။ အနီးကပ်ရောက်လာ တော့ သူတို့တွေဟာ ကချင်စစ်သား KIA စစ်သားတွေပါဘဲ။
ကချင်လိုလာ ပြောနေကြပြီ၊ “ခုဒီနားမှာ တိုက်ပွဲစဖြစ်နေပြီ အားလုံး စစ်မဖြစ်တဲ့ဒေသကို ခဏတိမ်း ရှောင်ပေးကြပါ” လို့ စစ်မိန့်နဲ့လာတော့ တရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရတယ်။
“ကျမလည်း အငယ်ဆုံး သားလေးကို ကျောမှာပိုး ၊သမီး နှစ်ယောက်လက်ကို ဆွဲပြီးတော့ ငိုယို ရင်း ထွက်ပြေးတယ်။ ကျမယောက်ျားက ရရာအသုံးအဆောင်တွေ သယ်ယူရင်းနဲ့ နှစ်ရက်နှစ်ည နဲ့ ဒီကို ခြေလျင်နဲ့ လာကြရပါတယ်၊ စထွက်ပြေးလာတုန်းက ခဏလေးပဲ ထွက်ပြေးရမယ် ထင်နေတာ။ ခုတော့ ကျမတို့ ရွာကို ပြန်မရောက်တာ တစ်နှစ် ကျော်ရှိလာပြီ” လို့ အေးစိန် က ပြောပါတယ်။
နလန်စွပ်ဂျာ ဒုက္ခသည်စခန်းဟာ တရုတ်ပြည် နောင်တောင်းထက် နေထိုင်ရတာ ပိုအေးချမ်းမှု ရှိနေပြီး၊ အလယ်တန်း စာသင်ကျောင်းဆောင်၊ မူကြိုကျောင်း၊ ကျန်းမာရေးဆေးပေးခန်း စတာတွေလဲရှိပါတယ်။
ပြည်တွင်းအလှူရှင်တွေနဲ့ KIO တို့က ထောက်ပံ့ပေးထားတဲ့ ဒုက္ခသည်စခန်းဖြစ်ပါတယ်။
“တရုတ်ဘက်နေရတာထက် ဒီမှာနေရတာတော့စိတ်ပျော်ပါတယ်၊ ၅ နှစ် အထက် လူတယောက် ကို ဒုက္ခသည် ကူညီပေးရေးကော်မတီ က တစ်လ ဆန် ၆ ပြည် နဲ့ ဆီ ၁ လီတာ ပေးတယ်။ ဒါပေမဲ့ အဓိက လိုနေတာကတော့ ငွေပဲ၊ ကျမအငယ်ဆုံးသားဆိုရင် မုန့်ဖိုး တရုတ် (၅ ကျော့) မြန်မာ ၆၀ ကျပ် မရရင် ကျောင်းမသွားဘူး” -လို့ အေးစိန် က ပြောပါတယ်။
အရင်က သူတို့တွေဟာ ကိုယ်ပိုင်တောင်ယာ လုပ်ငန်းကို လွတ်လွတ်လပ်လပ်လုပ်ကိုင်စား သောက်လာရ တဲ့သူ တွေဖြစ်ကြပြီး ခုတော့ သူ့အမျိုးသားက မိသားစုဝင်ငွေ ရဖို့အတွက် ဒီဒေသနဲ့ အရမ်းဝေးတဲ့ နေရာ တခုမှာ နေ့စားအလုပ်သမားအဖြစ် စပါးသွားရိတ် တာ ၁၅ ရက်လောက်ရှိနေပြီ။ ငွေရပြီး ယောက်ျား ပြန်လာမယ့်နေ့ကို နေ့တိုင်းစောင့်မျှော်နေတယ်လို့ ပြောပါတယ်။
“ထမင်းတော့ ကောင်းကောင်းစားရတယ်၊ ဟင်းသီးဟင်းရွက်ကတော့ ပိုက်ဆံရှိရင် ၀ယ်စား တယ်၊ ပိုက်ဆံ မရှိရင် တော့ နီးစပ်ရာ တောတောင်ထဲ ရှာစားရတာပေါ့” လို့ သျှမ်းအမျိုးသမီး အေးစိန် က သူရဲ့ နေ့စဉ် စားသောက်နေရပုံ ကို ရှင်းပြပါတယ်။
စစ်အမြန်ပြီးဆုံးပြီး အိမ်ပြန်ရဖို့က ဒုက္ခသည် အားလုံးရဲ့ အမြင့်ဆုံးမျှော်လင့်ချက်ဖြစ်ပေမယ့် စစ်ပွဲ က မပြီးနိုင်တဲ့အပြင် ပိုပြီးစိပ်လာတာတွေ့နေရပါတယ်။
“တကယ်လို့ စစ်ပွဲ ပြီးသွားခဲ့ရင် မိမိရပ်ရွာနေအိမ်မှာဘဲ ပြန်နေဖို့ မျှော်လင့်ကြတယ်။ ဒါပေမယ့် ဟိုးအရင် တိုင်း လုပ်ကိုင်စားသောက်လို့ရမှာလားတော့မသိဘူး။ စထွက်လာတုန်း က နွားနှစ် ကောင် ၊ တဲအိမ် နဲ့ တောင်ယာ တွေရှိခဲ့ပြီး ခုတော့ ဒီဟာတွေ အားလုံး မရှိနိုင်တော့ဘူး၊ ထွက် ပြေးလာတာ ၁ နှစ်ကျော်ပြီ။ နွားလေးနှစ်ကောင်လဲ ဗမာစစ်သားတွေက သတ်ဖြတ် စားသောက် လိုက်ပြီလို့ကြားရတယ်” - လို့ပြောပါတယ်။
ပြည်တွင်းစစ်ကြီး မပြီးသေးသရွေ့ ဒေသခံကျေးလက်ရွာသားတွေရဲ့ ဒုက္ခက ပြီးဆုံးနိုင်မှာမဟုတ်ဘူး။ သူတို့မြတ်နိုးတဲ့ သူတို့မွေးရပ်မြေမှာ သေနတ်သံတွေ သွေးညှီနံ့တွေနဲ့ ယမ်းငွေ့တွေ မပြယ်သေး သရွေ့ အိမ်ပြန်ရဖို့ မလွယ်တဲ့အပြင် အဲဒီဒုက္ခသည်စခန်းမှာ ဘယ်အချိန်အထိ နေထိုင်ရမယ် ဆိုတာလဲ မခန့်မှန်းနိုင်တော့ပါဘူး။
“ဒီ ပြည်တွင်းစစ် ဘယ်တော့ ပြီးမှာလဲ၊ ကျမတို့ရပ်ရွာ ဘယ်တော့ ငြိမ်းအေးမှာလဲ”---- လို့ တိုးတိုးလေး ညည်းပြီး အေးစိန်တယောက် မျက်ရည်ကျလာပါတော့တယ်။
Tags: Feature