နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်ရှိ တော်လှန်ရေးသမိုင်းဝင်စေတီ ပြန်လည်မွမ်းမံ



သျှမ်းပြည်တော်လှန်ရေးကောင်စီ SSRC ဗိုလ်မိုးဟိန်း (ခေါ်) စဝ်ကွဏ်းဇိန်း  ခေတ်ကတည်းက စတင်တည်ထားခဲ့သော ထိုင်းမြန်မာနယ်စပ်ရှိ ဝပ်ဖဝိန်းအင်း ကျောင်းတိုက်မှစေတီတော်မွမ်းမံပြီးစီးမှုအား လာမည့်မတ်ခ်ျလ၌ ရေစက်သွန်းချ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
Marazina

မာရဇိနစေတီတော် 

“ မာရဇိန စေတီလို့ခေါ်တယ်။    စဝ် ကွဏ်းဇိန်း (ဗိုလ်မိုးဟိန်း)လက်ထက် ၁၉၆၈ ခုနှစ်ကတည်း သူကိုယ်တိုင် အဓိဌာန်ပြီး တည်ထားကိုးကွယ်ခဲ့တဲ့စေတီပေါ့။ ၁၉၇၈ မှာတုန်းက ထီးတော်တင်ပြီးပြီတခါ။ အခုတခေါက်ပြန်ပြီး မွမ်းမံတာပေါ့။ လာမယ့် မတ်ခ်ျလထဲမှာ ရေစက်ချ လှူဒါန်း မယ်” ဟု ပိန်းလုံရွာဒေသခံတဦးကပြောသည်။

အဆိုပါ ဝပ်ဖဝိန်းအင်းကျောင်းတိုက်သည် ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာ တွင် တည်ရှိပြီးထိုင်း-မြန်မာနယ်ခြားမျဉ်းပေါ်တွင် တည်ရှိပါသည်။ သျှမ်းပြည်အရှေ့ပိုင်း မုံးတော့ မုံးထားမြို့နယ်ခွဲနှင့် မျက်နှာ ချင်း ဆိုင်တွင်တည်ရှိပါသည်။
wat Fa weng Inn
ဝပ်ဖဝိန်းအင်းကျောင်းတိုက်
၁၉၆၈ က တော်လှန်ရေးခေါင်းဆောင်ကြီး ကွဏ်းဇိန်းက ထိုင်း-မြန်မာနယ်ခြားမျဉ်းပေါ်ရှိ ထိုင်းဘုရင် ဗြနရဇ်မင်းတည်ထား ကိုးကွယ်သော စေတီအပေါ် မာရဇိန (မာန်နတ်အား အောင်မြင်ခြင်း) စေတီကို ထပ်မံတည်ထားခဲ့ကြောင်း သက်ရှိထင်ရှား ရှိနေသေးသော ၎င်း၏ ကေဒါများကပြောပြသည်။

စေတီတော်အား ၁၉၇၈  ဝါဆိုလပြည့်နေ့ (မေလ ၂၁ ရက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့) ၌ စေတီတော် အား ထီးတော်တင်ခဲ့သည်။ ၁၉၉၆ ဦးခွန်ဆာ၏ MTA မုံးတိုင်းတပ်မတော် လက်နက်ချပြီး နောက်ပိုင်း မွမ်းမံစောင့်ရှောက်သူ နည်းပါးသွားသဖြင့် ယိုယွင်းနေရာ ယခု ၄-၅ နှစ် အတွင်းမှ ပြန်လည်မွမ်းမံပြုပြင်တည်ဆောက် လာခဲ့ကြောင်း လည်း ဆိုပါသည်။

“ ရွာသားတွေရယ် ပိန်းလုံအုပ်စုဥက္ကဌရယ် ကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော်ရယ် စိုင်းသာဦးရယ် ပေါင်းပြီးမှ မွမ်းမံကြတယ်။ ဘတ် ၃ သန်း နီးပါးကုန်တယ်လို့ပြောတယ်။ နံရံဆေးပန်းချီတွေ အတွက် မပါသေးဘူး။ မတ်လထဲမှာ အလှူလုပ်မယ်ဆိုတော့ မိုးရွာရင် ဗွက်ထမှာစိုးလို့ဆိုပြီး စေတီတော်ပရဝုဏ်ထဲမှာလဲ ဘလောက်တုံးလေးတွေခင်းထားတယ်” - ဟု လတ်တိုင်ဒေသခံကပြောပါသည်။
block
ဘလောက်တုံးများခင်းထားသောစေတီတော်ပရဝုဏ်

၂၀၁၃ မတ်လ ၂၄ ရက်နေ့ ကွယ်လွန်ပြီးသူများအားလုံးအားရည်စူးကာ ဆွမ်းကပ်မည်ဖြစ်သည်။ မတ်လ ၂၅ ရက် ရပ်နီး ရပ်ဝေး၊ ပြည်တွင်းပြည်ပမှလာသော ဧည့်သည်များအား ကျွေးမွေးလှူဒါန်းမည်ဖြစ်သည်။ မတ်လ ၂၆  ရက်တွင်မှ ရေစက် သွန်း ချ အမျှပေးဝေကြမည်ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှသံဃာတော်များအသိုင်းအဝိုင်းကပြောပါသည်။

၁၉၉၆ ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း ဝပ်ဖဝိန်းအင်းကျောင်းတိုက် ပရဝုဏ်အတွင်းရှိ သိမ်ကျောင်းတော်အားလည်း အစိုး ရတပ်က အခြေချစခန်းအဖြစ်သိမ်းပိုက်ခဲ့သည်။ ၂၀၀၁-၂၀၀၂ ခုနှစ်စစ်ရေးတင်းမာမှုနောက်ပိုင်း နယ်ခြားမျဉ်း အနီး မြေမြှုပ်မိုင်းများမြှုပ်နှံထားသောကြောင့် ကျောင်းတိုက်နှင့် သိမ်တော်ကြား ဖြတ်သန်းသွားလာခြင်းလည်းမရှိ တော့ ဘဲ ကျောင်းတော်ပရဝုဏ်လည်း နှစ်ခြမ်းဖြစ်သွားခဲ့ရကြောင်း၊ ကျောင်းတိုက်နှင့် စေတီတော်မှာမူ ထိုင်းဘက်ခြမ်း၌ ရှိကြောင်း သည်ဟု ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates