မြန်မာအစိုးရတပ်၏ လက်နက်ကြီးကျည် ထိမှန် လိုင်ဇာမြို့ခံ ၃ ဦး သေဆုံး ၊ ၁၀ ထက်မနည်း ဒဏ်ရာရ



ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နှစ်လုံး KIO ထိန်းချုပ် ရာ လိုင်ဇာမြို့တွင်းသို့ ရှေ့ဆင့်နောက်ဆင့် ကျရောက်ပေါက်ကွဲခဲ့ရာ မြို့ခံအရပ်သား ၃ ဦးသေဆုံး၍ ၇ ဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း သိရသည် ။
003-                                                   ( ဓါတ်ပုံ- ဖေ့စ်ဘုခ် )

လိုင်ဇာမြို့ ခါဂျန်ချောင်ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားဟိုတယ် အရှေ့နှင့် အနောက်ဘက် နေရာများတွင် ကျရောက် ထိမှန် ခဲ့ခြင်း ဖြစ်ပြီး ကလေး ၂ ဦး အပါအ၀င် အမျိုးသား ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လိုင်ဇာမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မြို့လည်ခေါင်တည့်တည့် မြစ်ကြီးနားဟိုတယ်နားမှာ ၅ မိနစ်လောက်စီခြားပြီး ကျတာ။ ပထမတစ်လုံးက ဟိုတယ် အ နောက်ဘက်ပေါ့ ။ နောက်တစ်လုံးက ဟိုတယ် အရှေ့ဘက်က အိမ်ပေါ်တည့်တည့်မှန်တာ” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည် ။

၎င်းလက်နက်ကြီးကျည်များ ထိမှန်မှုကြောင့် ၄င်းမြို့ခံအမျိုးသမီး၏ သမီးခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ် ဖွယ်ရာ မရှိကြောင်း သူက ဆက်ပြောသည် ။

“ပထမတစ်လုံးက  ၉ နှစ်သားကလေးသေတယ်။ အဲဒီမှာလည်း ဒဏ်ရာရတဲ့သူတွေရှိတယ်။ နောက်တစ်လုံး အိမ်မှာ ကျတာ က ၁၅ နှစ်သား ထွယ်တောင် ဆိုတဲ့ ၉ တန်းကျောင်းသားတစ်ယောက်ရယ် သင်းထောက်ဆရာရယ် ၂ ယောက် သေတယ်။ အဲဒီမှာလည်း ဒဏ်ရာရကြတယ်။ ကျမအိမ်မှာတံခါးပိတ်ထားတာ။ ကျမသမီးခြေထောက်ကိုလည်း ထိသွားတယ်။ နည်းနည်းစီ ဒဏ်ရာရတဲ့သူတွေတော့ များတယ်။ အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ် ။ တရုတ်ပြည် ရင်ကျန်းဆေးရုံကို ပို့လိုက်တယ်။ အားလုံးဆို ဒဏ်ရာရတာက ၁၀ ယောက်လောက်ရှိမယ် ” ဟု သူက ဆိုသည် ။

မြန်မာစစ်တပ်မှ လိုင်ဇာမြို့အနီးရှိ တောင်ကုန်းများပေါ်သို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေရာ ယနေ့နံနက်ပိုင်းက အနည်းဆုံး ၅ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း၊ ၃ ကြိမ်မှာ တောင်ကုန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အရပ်သားများ ထိမှန်သေဆုံးသည့် သတင်းများ ထွက်ပေါ်လာချိန်တွင် လက်နက်ကြီး ပစ်ခတ်မှု ရပ်စဲသွားကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates