ရော်ဘာ စက်ရုံအား နေရာပြောင်းရွှေ့ပေးရန်



သို့- သမ္မတကြီး ဦးသိန်းစိန်နှင့်  သျှမ်းသံတော်ဆင့်ခင်ဗျား

လေးစားအပ်ပါသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ သမ္မတ ဦးသိန်းစိန်နှင့် လူကြီးမင်းများ ခင်ဗျား.. ကျနော်တို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့တွင် သျှမ်း/ကိုးကန့်တရုတ်/ “ဝ”/ ကချင်/ဗမာ လူမျိုးများနေထိုင်ပြီး အများစုမှာ သျှမ်းလူမျိုးများ ဖြစ်ပါတယ်။

ကျနော်တို့ သျှမ်းလူမျိုးဟာ ပညာတတ်နည်းပါးပြီး ရိုးသားစွာနဲ့ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ ဟိုပန်မြို့သည် ဈေးရပ်ကွက်၊ မန်ကောင်းရပ်ကွက်၊ မန်ခွန်ရပ်ကွက်၊ ပန်လုံလမ်းရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက်၊ ရုံးကုန်းရပ်ကွက်များဖြင့် မြို့ဖွဲ့စည်း နေ ထိုင်ကြပါတယ်။ ကျေးရွာများအနေဖြင့်မိန်းပန်းလွယ်/ မိန်းပန်းသျှမ်း/ ဟင်းနား/ မော်ဟွေ့/ နောင်ဟေ့/ နောင်မို/ နောင်အွန်/ ကောင်းကော်/ ရွှေဝါ/ နမ့်လျန်/ မန်မိုင် ရွာများ ဖြစ်ပါတယ်။ ယခင်က ဟိုပန်မြို့၏ ပတ်ပတ်လည်မှာ သဘာဝတောတောင်ကြီးများဖြင့် ဝန်းရံလျက်ရှိပါတယ်။ ယခုအခါ မှာတော့ သဘာဝ တော တောင်များအစား ရော်ဘာခြံကြီးများဖြင့် ဝန်းရံထားသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အဲဒီ ရော်ဘာခြံပိုင်ရှင် အများစုမှာ ကိုးကန့်တရုတ် လူမျိုးများ ဖြစ်ကြပါတယ်။ ဘာကြောင့် ပိုင်ဆိုင်နိုင်ကြ သလဲဆိုရင် ကိုးကန့် တရုတ်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားပြီး ငွေကြေးချမ်းသာ လာကာ ငွေမဲကို ငွေဖြူပြုလုပ်လိုခြင်းကြောင့် တပ်မတော် အစိုးရလက်ထက်က ကွမ်းလုံ အခြေချ စစ်ဗျူဟာမှူး၊ ဟိုပန် မယက ဥက္ကဌ၊ မြေစာရင်းဦးစီးဌာန တို့နှင့်ပူးပေါင်းပြီး မြေလွတ်မြေရိုင်း အကြောင်းပြကာ ရောင်းဝယ်ခဲ့ကြပါတယ်။ မြေရောင်းဝယ်မှုမှာ နိုင်ငံတော်ကို အခွန်ငွေ နည်းနည်းသွင်းပြီး စစ်ဗျူဟာမှူး၊ မယကနဲ့ မြေစာရင်း ဝန်ထမ်းတွေက များများယူထား ကြပါတယ်။ အဆိုပါ ရော်ဘာခြံ အများဆုံး ပိုင်ဆိုင်ထားသူများမှာ ဦးချောက်ရှင်၊ ဦးကျန်ပါ၊ ဦးကျင်ဝမ်း (လွှတ်တော်ကိုယ်စားလှယ်)တို့ ဖြစ်ကြပါတယ်။

ယခုအခါ ရော်ဘာပင်များ ကြီးထွားလာပြီး အစေးခြစ်/ရော်ဘာပြား အခြောက်ခံ၍ ချင်းရွှေဟော်လမ်းကြောင်းနှင့် နမ့်တစ် လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချ ကြပါတယ်။ ယခုအချိန်တွင် ဦးချောက်ရှင်သည် ကောင်းဟုန်းရပ်ကွက်နင့် ကပ်လျက် ရော်ဘာ စက်ရုံတစ်ခု တည်ထားပါတယ်။ အဆိုပါ စက်ရုံတည်ထားတဲ့ နေရာမှာ ကောင်းဟုန်းရပ်ကွက်ပိုင် သုဿန်မြေဖြစ်ပြီး ဟိုပန် မြေစာရင်း ဦးစီးဌာနမှ ရောင်းစားထားခြင်း ဖြစ်ပါတယ်။ စက်ရုံလည်ပတ်သည့် အချိန်တွင် ညစ်ညမ်းသည့် အနံ့ဆိုးများ ထွက်ပေါ်လာကာ ရပ်ကွက်အတွင်း ပြန့်နှံ့လျက်ရှိပြီး ရပ်ကွက်သူ/သားများ ရပ်ကွက် အတွင်း နေထိုင်နိုင်ခြင်း မရှိပါ။ ဒါတင်မက အဆိုပါ ရော်ဘာ စက်ရုံအနီးမှာ ဝိပဿနာ တရားအားထုတ် စခန်းနှင့် ကချင်ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် သက်ကြီးရွယ်အိုများ လည်း တရားအားထုတ်ရန် ခက်ခဲလာကြပါတယ်။ ရော်ဘာ စက်ရုံ ပြောင်းရွှေ့ပေးရန် ကိစ္စနှင့် ပတ်သက် ၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းဒေသ ဥက္ကဌ ဦးခွန်ထွန်းလူ(ခ) ဦးဒစ်ကီထံ တင်ပြသော်လည်း တစ်စုံ တစ်ရာ ဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ရပ်ကွက်နေ ပြည်သူများလည်း စက်ရုံ နေရာပြောင်းရွှေ့ပေးရန် အတွက် တာဝန်ရှိ အထက်ဌာနသို့ တင်ပြထားပြီး ၂၈.၁၂.၂၀၁၂ ရက်နေ့တွင် စက်မှုကြီးကြပ်ရေး အရာရှိ ဦးစိုးလှိုင် ပါ(၅)ဦး အဖွဲ့ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဦးစိုးလှိုင် အဖွဲ့ လာရောက်ချိန်တွင် ရော်ဘာ စက်ရုံပိုင်ရှင် ဦးချောက်ရှင်မှ နေထိုင်စားသောက်တည်းခိုမှု စီစဉ်ဆောင် ရွက် ပေးခြင်း၊ လာဘ်ထိုးခြင်းများ ရှိသည့်အတွက် ဦးစိုးလှိုင် အဖွဲ့လည်း ဒီအတိုင်းပဲ ပြန်သွားခဲ့ပါ တယ်။ သူထားရာမှာနေ သူစေရာကိုသွား သူကျွေးတာကိုစား သူပေးတာကို ယူပြီး ပြန်သွားတဲ့အတွက် ဒီရော်ဘာ စက်ရုံ နေရာ ရွှေ့ပြောင်းပေးဖို့ လည်း ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီး အမြဲပြောနေတဲ့ ပြည်သူ သန်း(၆၀) နဲ့ ဝန်ထမ်း(၁)သန်းကျော်အတွက် ပြည်သူ သန်း(၆၀)ကိုပဲ ဦးစားပေး ဆောင်ရွက်မယ် ဆိုတဲ့ စကား အတိုင်း ဟိုပန်မြို့မှာ နေထိုင်တဲ့ ရဟန်းရှင်လူ သက်ကြီးရွယ်အို ကျောင်းသား လူငယ်များအားလုံး အနံ့ဆိုးများနဲ့ ကင်းဝေးပြီး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်ရန်အတွက် ဒီရော်ဘာ စက်ရုံအား နေရာပြောင်းရွှေ့ တည်ဆောက် ပေးရန် သမ္မတကြီးအား အနူးအညွတ် တောင်း ပန်ပါတယ်။

 ဒီရော်ဘာ စက်ရုံနဲ့ ပတ်သက်ပြီး သမ္မတကြီး ဖြေရှင်းပေးမယ်လို့ ကျနော်တို့ ရပ်ကွက်နေ ပြည်သူ/သား များ သာမက ဗုဒ္ဓဘာသာ ရဟန်းရှင်လူများနှင့် ခရစ်ယာန်ဘာသာဝင်များလည်း အားကိုးတကြီးနဲ့ ယုံယုံကြည်ကြည်ဖြင့် စောင့်မျှော် နေပါတယ်။ အမြန်ဆုံး ဖြေရှင်းပေးစေချင်ပါတယ်။ ဒီရော်ဘာ စက်ရုံမှ ထွက်လာသည့် အညစ်အကြေးတွေဟာ အမြဲတမ်း ကြည်လင်သန့်ရှင်းတဲ့ နမ့်လျံချောင်းအတွင်း စီးဆင်းသွားသည့် အတွက် နမ့်လျံချောင်းအား အားကိုးအားထား၍ အသုံးပြုနေတဲ့ ရပ်ကွက်/ကျေးရွာ ပတ်ဝန်းကျင်လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီစက်ရုံဟာ နိုင်ငံတော် အတွက်လည်း အကျိုးမပြုပါဘူး။ ရပ်ကွက်နေ ပြည်သူ/သားများ အတွက်လည်း အကျိုးမပြုပါဘူး။ သာသနာ အတွက်လည်း အကျိုး မပြုပါဘူး။ ဦးချောက်ရှင် ချစ်တီးတရုတ် မိသားစု တစ်စုအတွက်သာ အကျိုးပြုတာ ဖြစ်ကြောင်း ဒီနေရာ ကနေ ရပ်ကွက်သူ/သားများ ကိုယ်စား ကျနော် ပြောကြားလိုပါတယ်။ ဦးခွန်ထွန်းလူ(ခ) ဦးဒစ်ကီသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဥက္ကဌ တာဝန်ယူထားသော်လည်း ပြည်သူများ၏ အခက် အခဲများအတွက် ဘာတစ်ခုမှ ဖြေရှင်းဆောင်ရွက် ပေးခြင်း မရှိပါဘူး။ သူ့ “ဝ”မျိုးနွယ်စု ကောင်းစား ရေးအတွက်သာ လုပ်ဆောင်ပေးနေပါတယ်။ ယခုအခါ ဦးခွန်ထွန်းလူ(ခ) ဦးဒစ်ကီသည် အသက်ကြီးရင့်ပြီး မှတ်ဉာဏ် မကောင်းသဖြင့် အတိတ်မေ့ရောဂါ စွဲကပ်လာပါပြီ။ သူ့အိမ်သားများကို လည်း မှတ်မိခြင်း မရှိတော့ပါဘူး။ ဟိုပန်မြို့မှာ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ဝန်ထမ်းများ သည်လည်း ရိုးသားပြီး စာပေပညာအားနည်းတဲ့ တိုင်းရင်းသားများအပေါ် မောက်မာစွာဆက်ဆံ၊ ဟောက်စား လုပ်နေကြတာ အခုအချိန်ထိပါခင်ဗျား။ ဒီလို ဝန်ထမ်းများ ရှိနေတဲ့အတွက်ကြောင့် သမ္မတကြီး ကိုယ်တိုင် ပြုပြင်ပြောင်းလဲနေသည့် ဒီနိုင်ငံတော် အစိုးရလည်း သန့်ရှင်းတဲ့အစိုးရ၊ ပြည်သူအားကိုးတဲ့ အစိုးရ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

                                                                                                                         စိုင်းစွမ်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates