ထိုင်းနိုင်ငံချင်းရိုင်းခရိုင်တွင် ယာဘ ၁ သန်းကျော်ဖမ်းမိ - မြန်မာဘက်ခြမ်းမှ ပြည်သူ့စစ်အဖွဲ့၏ပစ္စည်းများဟုဆို
ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနယ်စပ် ချင်းရိုင်းခရိုင်အတွင်း မြန်မာဘက်ကမ်းမှလာသော ယာဘသယ်ဆောင်သည့် လားဟူအဖွဲ့အား ထိုင်းလုံခြုံရေးတပ်မတော်က တားဆီးပစ်ခတ်ရာ ယာဘအပြားပေါင်း ၁ သန်းကျော် သိမ်းဆည်း ရမိ ကြောင်း ထိုင်းသတင်းဌာနများကဖော်ပြသည်။
ထိုင်းတပ်ဖွဲ့မှ ဖမ်းဆီးရမိ ယာဘများ (ဓါတ်ပုံ-မန်နေဂျာအွန်လိုင်း)
ချင်းရိုင်းခရိုင် မယ်ဖှာ့လုံမြို့ဧရိယာအတွင်း လွယ်တုန်းတောင်စေတီနှင့်သိပ်မဝေးလှသော တောတွင်းတနေရာ၌ အဆိုပါ ယာဘသယ်ဆောင်လာသည့် လက်နက်ကိုယ်စီကိုင်ဆောင်သော မူးဆေး (လားဟူ) အဖွဲ့အား ထိုင်းလုံခြုံရေး စစ်တပ်က ၁၅ ရက်နေ့ညက တားဆီးခဲ့သည်ဟု ASTV – Manager Online သတင်းဌာနတွင် ဖော်ပြထားသည်။
“ ကျနော်တို့တပ်က ကြိုတင်သတင်းရထားလို့ သွားစောင့်တယ်။ အဲဒီအဖွဲ့ဖြတ်လာတဲ့တောလမ်းက လွယ်တုန်း- ဖာချန့် မွတ် ကားလမ်းမအဟောင်းနဲ့ သိပ်မကွာလှဘူး။ လမ်းမကနေ ၅၀၀ မီတာလောက်ဘဲဝေးတယ်။ သူတို့အဖွဲ့ ဘယ်နှစ် ယောက်ပါသလဲတော့ မသိလိုက်ရဘူး။ ညဘက်လဲဖြစ်နေတော့ လေ။ ကျနော်တို့ တားတာကို ဟိုဘက်အဖွဲ့က မရပ်ဘဲ ကျနော်တို့ကို ပစ်ခတ်တာ။ ပစ်ခတ်သံရပ်လို့ သွားစစ်ဆေးကြည့်တော့ အလောင်း ၂ လောင်းတွေ့တယ်။ ကျောပိုးအိတ် ၁၂ လုံးတွေ့တယ်” ဟု ထိုင်း လုံခြုံရေးတပ်ဖွဲ့မှ အရာရှိကပြောသည်။
အဆိုပါယာဘသယ်ဆောင်သည့်အဖွဲ့မှ ပစ်ထားသော ကျောပိုးအိတ်များအတွင်း အိတ်တလုံး ယာဘအပြားပေါင်း တစ်သိန်း ဖြင့် အိတ် ၁၂ လုံးစုစုပေါင်း ယာဘ ၁ သန်း ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ယာဘတံဆိပ်အားလည်း ယခင်က ဖမ်းဆီးရ မိခဲ့ဖူးသော တံဆိပ်များနှင့်တူညီကြောင်း၊ ချင်းရိုင်းခရိုင် တဖက်ခြမ်းရှိ တာချီလိတ်မြို့ နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေး၏ အဖွဲ့ဖြစ်ကြောင်း မန်နေဂျာအွန်လိုင်းသတင်းတွင်ရေးသားဖော်ပြထားသည်။
ယနေ့ ၁၆ ရက်မနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်၏ ချင်းရိုင်းခရိုင်လုံခြုံရေးတပ်ဖွဲ့က အဆိုပါထွက်ပြေးလွတ်မြောက် သွားသူများအား လိုက်လံရှာဖွေဖမ်းဆီးရန် အမိန့်ထုတ်ထားသဖြင့် တောနင်းလိုက်ရှာသော တပ်ဖွဲ့မှ စက်သေနတ်တလက် ထပ်မံသိမ်းဆည်းမိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားပါသည်။
ယခုလ ၆ ရက်နေ့ကလည်း မယ့်ဖှလုံမြို့ဧရိယာအတွင်း အလားတူ ထိုင်းနိုင်ငံအတွင်း ယာဘသယ်ဆောင်လာသည့် လားဟူ အဖွဲ့တဖွဲ့အား ထိုင်းလုံခြုံရေးတပ်ဖွဲ့က တားဆီးပစ်ခတ်တိုက်ခိုက်ရာ လားဟူအဖွဲ့မှာ ၅ ယောက်သေဆုံးကာ ယာဘအပြား ပေါင်း ၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းလုံခြုံရေးအာဏာပိုင်များကပြောပါသည်။
Tags: Drug, News