အစိုးရဝန်ထမ်းများ အခွန်ကောက်ခံမှုဖြင့် ခရီးသွားလာမှုကို ဟန့်တားနေ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆို
မြို့အဝင်အထွက်ဂိတ်၊ လမ်းတံတားဂိတ်များ၌ အစိုးရဝန်ထမ်းများက အခွန်များ ပိုမိုကောက်ခံနေမှုဖြင့် ပြည်သူများ၏ ခရီးသွားလာမှုကို တားဆီးဟန့်တားနေသကဲ့သို့ဖြစ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ဆိုပါသည်။
ကျိုင်းတုံ-မိုင်းလားလမ်းပေါ်မှ ဂိတ်တစ်ခု (Photo: Arntai / SHAN)
ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် နိုင်ငံရေး အခြေအနေ တိုးတက်ပြောင်းလဲလာသည်ဟုဆိုကာ ပြည်သူများ ခရီးသွားလာမှု ယခင်ကထက်ပိုမို များပြားလာသည်နှင့်အမျှ အစိုးရ၏ ဌာနဆိုင်ရာ ဝန်ထမ်းများလည်း အခွင့်ကောင်းယူကာ အခွန်စောင့်ကြပ်ကောက်ခံလာကြောင်း၊ စောင့်ကြပ်ကောက်ခံ မှုမှာလည်း ၂၀၁၂ အတွင်း ပိုမိုများပြားလာကြောင်း ဂျန္နဝါရီလ ၃၀ ရက်နေ့ထုတ် SHRF ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင်ရှိ BP1 နှင့် ပုံပါကျင် နယ်စပ်ဂိတ်၌ ယခင်နှစ်များက ခရီးသွား တစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ခံရာမှ ၂၀၁၂ အောက်တိုဘာလမှစ၍ ဘတ် ၅၀၀ တိုးမြှင့်ကောက်ခံ လာကြောင်း၊ လင်းခေးမြို့ ပန်ပေါင်းရွာ နောင်လိုင်ဂိတ်၌ ယခင်က ဗဲင်ကားတစ်စီးကို မြန်မာစစ်သား များ ကျပ် ၃၀၀၀ ကောက်ယူရာ ၂၀၁၂ အတွင်း ၃ ဆတိုး ကောက်ခံလာကြောင်း ဆိုပါသည်။
“ဂိတ်မှာ စစ်သားကို ပေးပြီးရင် ရဲကိုထပ်ပေးရတယ်။ ရဲက ၁ သိန်းခွဲ တောင်းတယ်ဗျ။ အိမ်ရောက် တော့ သူတို့ကိုပေးရတာနဲ့ ကျနော် ကားဆွဲလို့ရတာနဲ့ တွက်ကြည့်လိုက်ရင် ကျနော့အတွက် ဘာမှ မကျန်တော့ဘူး” ဟု ဗဲင်ကားသမားတစ်ယောက်က ပြောပါသည်။
အဆမတန် အခွန်ကောက်ခံမှုသည် ခရီးသွား ပြည်သူများအား စိတ်အနှောင့်အယှက်ပေးသည့် နည်း တစ်ခုဖြစ်ကြောင်း၊ သွားလာမှုကုန်ကျစရိတ် ၊ ကားသမားများ ကားခရငွေနှင့် ဂိတ်ကြေး ဘီးခွန်ပေးရ သည့်ငွေ - မိမိအတွက် အကျိုးအမြတ် ကျန်မကျန် တွက်ချက်ရမည်ဖြစ်ကြောင်း အချို့က သုံးသပ်ကြပါ သည်။
“အစိုးရဝန်ထမ်းတွေလည်း ညည်းညူကြတယ်။ သူတို့လစာက သားသမီးတွေကို ကျောင်းပို့ဖို့၊ အဝတ် အစားဆင်ပေးဖို့ နေနေသာသာ စားဖို့တောင် မလောက်ဘူးတဲ့။ အဲဒါကြောင့် အခွန်တွေ ကောက်နေရ တာဖြစ်တယ်လို့ ပြောတယ်” ဟု လွိုင်လင်ဒေသခံတစ်ဦးကလည်း ပြောပါသည်။
သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကို ၁၉၉၀ ဒီဇင်ဘာ ၆ ရက်နေ့၌ (ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ သူ ခွန်ကြာပု၏သား) ခွန်ကြာဦးက စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ မှစ၍ အင်္ဂလိပ်ဘာသာဖြင့် လစဉ် လတိုင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တွင်း အဓမ္မရွှေ့ပြောင်းခံရမှုနှင့် သတ်ဖြတ်မှု အကြောင်း ရေးသားထားသော “Dispossessed” နှင့် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းနှင့် ပူးပေါင်းထုတ်ဝေသည့် စစ်ပဋိပက္ခအတွင်း သျှမ်းပြည်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အကြောင်း ရေးသားထားသော “License to Rape” စာအုပ်တို့မှာ လူသိများလှ သည်။
အချက်အလက် အပြည့်အစုံ ဖတ်ရှုရန် - www.shanhumanrights.org
Tags: Human Right, News

