တိုက်ပွဲမှသိမ်းဆည်းရ အစိုးရတပ်လက်နက်များ ပြန်ပေးမည်ဟု RCSS/SSA ပြော



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် မြန်မာအစိုးရတပ်မတော်အကြား ယခုအပတ်အတွင်းဖြစ်ပွါးခဲ့သောတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများအား အစိုးရဘက်မှ ပြန်လိုချင်ပါက ပြန်လည်ပေးအပ်မည့်အစီအစဉ်ရှိကြောင်း သျှမ်းပြည်တပ်မတော်ကပြော ပါသည်။
RCSS
“ ၂၄ ရက်နေ့က အစိုးရ ဗမာ့တပ်မတော်က ကြိုတင်အကြောင်းမကြားဘဲ ကျနော်တို့ နယ်မြေထဲဝင်လာတယ်။ အဲဒီတော့ တိုက်ပွဲဖြစ်တယ်။ သေနတ် ၆ လက်နဲ့ ပစ္စတို ၂ လက် စကားပြောစက် ၁ လုံး ကျနော်တို့သိမ်းဆည်းရမိတယ်။ သူတို့ပြန်လို ချင်ရင် ပြန်ပေးအပ်ဖို့အစီအစဉ်ရှိပါတယ်။ သမ္မတကြီးဆီကိုလည်းတိုက်ပွဲဖြစ်ရတဲ့ အကြောင်းနဲ့ ပစ္စည်းရလိုရင်ပြန်လို ကြောင်း စာရေးထားပါတယ်” ဟု သျှမ်းပြည်တပ်မတော်မှ ပြောခွင့်ရ စိုင်းဆိုင်မိဏ်း ကပြောပါသည်။

ယခုအပတ် ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ခွဲခန့်ကနေ ၃ နာရီခွဲခန့်အထိ သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာအစိုးရတပ်မတော် ခလရ ၆၆ ကြား တိုက်ပွဲဖြစ်ပွါးရာ မြန်မာ့တပ်မတော်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးကျော်မြင့်ထွန်း အပါအဝင် ၅ ယောက်ကျဆုံးကြောင်း၊ သေဆုံးသူများထံမှ သေနတ်မျိုးစုံ ၈ လက် နှင့် စစ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ရှေ့တန်းရောက် တပ်မှူးတဦးက အတည်ပြုပါသည်။

သျှမ်းပြည်တောင်ပိုင်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ အခြေစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ ခလရ  ၆၆ လက်အောက် ခံစစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၇၆ လက်အောက်ခံ တပ်ခွဲတခုတို့  ခိုလမ်(မြို့နယ်ခွဲ) အရှေ့တောင် ဘက် မိုင် ၂၀ ခန့်ရှိ ခိုအွတ်ကျေးရွာအုပ်စုဝင် နားလောရွာအနီး၌ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ သဘောတူညီမှုကိုမလိုက်နာဘဲ သျှမ်းပြည်တပ်မတော် ထိန်းချုပ်လှုပ်ရှားရာ ကျေးလက်တောရွာထဲသို့ မြန်မာ့တပ်မတော်က အကြောင်းမကြားဘဲဝင်ရောက်လာသဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက် ပွဲဖြစ်ပွါးခြင်း ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်က စွပ်စွဲပါသည်။

ယခုလ ၁၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့အား ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက တွေ့ဆုံဆွေးနွေးစဉ် ရှေ့ဆက် အပစ်ရပ်တပ်ဖွဲ့နှင့်မြန်မာ့တပ်မတော်အကြား ပစ်ခတ်မှုအလားအလာမရှိတော့ကြောင်း၊ မြန်မာ့တပ်မတော်နှင့်အစိုးရတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates