ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်တဲ့ဆွေးနွေးမှုမှန် သမျှကိုထောက်ခံကြောင်း - SNLD ပြော (SNLD ပြောခွင့်ရပုဂ္ဂိုလ်နှင့်ဆက်သွယ်မေး မြန်းခန်း)
ညီညွှတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ တို့ဟာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ် ဖို့ အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ လုပ်မယ်လို့ UNFC အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီဝင်တွေကပြောကြောင်း သတင်းတွေထွက် ပေါ်နေပါတယ်။ ဒီကြားထဲမှာ ဒီအခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်နေ တယ်လို့လဲသတင်းတွေထွက်ပေါ်နေပါတယ်။ SNLD ရဲ့သဘောထား အစစ်အမှန်သိရအောင်လို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်ကဆက်သွယ်မေးမြန်းထားပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ ဦးအောင်မင်းနှင့် UNFC တွေ့ဆုံကြစဉ် (facebook)
မေး။ ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကြားသိရပါတယ်။ SNLD အနေနဲ့ ဘယ်လိုသုံးသပ်ပြော ဆိုလို ပါသလဲ။
ဖြေ။ ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကျနော်တို့လည်း ကြားသိရပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ် သက်ပြီး ကျနော်တို့ အနေနဲ့ အရေးတယူနဲ့ ဆွေးနွေးတာမျိုး ထင်မြင်ချက်ပေးခဲ့တာမျိုးတစုံတရာမရှိခဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်တဲ့ဆွေးနွေးမှုမှန်သမျှကို ကျနော်တို့ ကြိုဆို ထောက်ခံပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ။ ဒါပေမယ့် အဲလိုတွေ့ဆုံဆွေးနွေးခွင့်ဟာ နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝ ပြီးတော့ မှ ပွင့်လင်းမြင်သာမှုရှိဖို့ဘဲလိုအပ်ပါတယ်။
မေး။ ။ ဦးအောင်မင်းက UNFC နဲ့ တွေ့ဆုံဖို့လုပ်နေတာရယ် ဆရာတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရယ် ကွာခြားချက်လေး ရှိပါသလား။ ဒီနှစ်ခုရဲ့ကွာခြားချက်လေးပြောပြပေးပါလားခင်ဗျ။
ဖြေ။ ။ ကျနော်တို့လဲ ပြည်တွင်းမှာ ပြည်တွင်းငြိမ်းချမ်း ရေးရဖို့ကြိုးစားနေသလို ပြည်ပက အဖွဲ့အစည်းတွေကိုလည်းဘဲ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက သွားရောက်ဆွေးနွေးတယ်ဆိုတာ ကောင်းမွန်မှန်ကန်တဲ့အချက်ပါ။ ဒါပေမယ့်လို့ တချိန်ချိန်ကျ ရင်တော့ ပြည်တွင်းကော ပြည်ပကော လက်နက်ကိုင်အဖွဲ့အစည်းကော နိုင်ငံရေးပါတီကော အားလုံးတွေ့ဆုံပြီးတော့မှ ဆွေးနွေးနိုင်တဲ့ ပြည်ထောင်စုလုံးဆိုင်ရာညီလာခံကြီးတခုတော့ မဖြစ်မနေကျင်းပဖို့လိုအပ်ပါတယ်။ အဲလိုအခြေအနေ မျိုးရောက်အောင်အဖက်ဖက်က ကြိုးစားနေတယ်လို့မြင်ပါတယ်ခင်ဗျ။
မေး။ ။ ဆရာဆိုလိုတဲ့သဘောက အခု သျှမ်းပြည်နယ် ကယားပြည်နယ် ဆွေးနွေးပွဲပြီးရင် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ဆွေးနွေးမှုကြီးတရပ်မှာ UNFC လဲဘဲ ပါဝင်လာမယ်လို့ဆိုတာလားခင်ဗျ။
ဖြေ။ ။ ဟုတ်တယ်ခင်ဗျ။ နိုင်ငံရေးရည်မှန်းချက်ရှိပြီးတော့မှ နိုင်ငံရေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းမှန်သမျှ ပြည်ထောင် စု ထဲမှာဘဲရှိနေတဲ့သူတွေဖြစ်ဖြစ် ပြည်ထောင်စုပြင်ပကိုရောက်နေတဲ့သူတွေဘဲဖြစ်ဖြစ် ဒီနိုင်ငံကြီးကောင်းစားဖို့ ကြိုးစား နေတဲ့ အဖွဲ့အစည်းမှန်သမျှအကုန်လုံးတွေ့ဆုံပြီးလုပ်ဖို့လိုအပ်ပါတယ်။ အဲ့ခါကျရင် UNFC တင်မကဘူး တခြားသောအဖွဲ့ အစည်းအားလုံးပါလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျ။
မေး။ ။ သျှမ်းကယား ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘယ်အဆင့်အထိရောက်နေပြီလဲခင်ဗျ။
ဖြေ။ ။ လာမယ့်အပတ်ထဲမှာဘဲ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးထိုင်သွား မှာဖြစ်ပါ တယ်။ ၂၃ ရက်နေ့မှာ တောင်ကြီးမှာအစည်းအဝေးထပ်ထိုင်ပါမယ်။ အဲ့ချိန်ကျရင် ဖိတ်ကြားသင့်တဲ့အဖွဲ့အစည်းများ ပုဂ္ဂိုလ် များ နောက်ပြီး ဆွေးနွေးမယ့် အာဂျဲန်ဒါ(agenda) အစရှိ အသေးစိပ်အချက်အလက်တွေကို ဆက်လက်ပြီးဆွေးနွေး သွားဖို့ ရှိတယ်။ လုပ်ငန်းသဘောအရတော့ တော်တော်လေးအဆင်ပြေပြီးတော့မှ တော်တော်လေး သွားနေပါပြီ။ ရည်မှန်းတဲ့အနေ အထား တခုကိုရောက်နေပါပြီလို့ပြောလို့ရပါပြီ။
မေး။ ။ လာမယ့်အခုပြောတဲ့ သျှမ်း-ကယား ဆွေးနွေးပွဲမှာကော လေ့လာသူအနေနဲ့တက်ရောက်ဖို့ ဥပမာ UNFC တို့ဘာ တို့အဖွဲ့အစည်းတွေကို ဖိတ်ဖို့ကော ရှိပါသလား ။
ဖြေ။ ။ အဲဒါ ကျနော်တို့ဘက်က စဉ်းစားထားပြီးသားရှိပါတယ်။ ဖိတ်သင့်တယ်မဖိတ်သင့်ဘူးဆိုတာ ဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးကျမှဘဲ အဓိက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကိုလည်းဘဲ ညှိ နှိုင်းသွားဖို့ရှိပါတယ်။ တကယ်လို့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်ကလဲ ကန့်ကွက်စရာမရှိဘူး။ ဖြစ်မြောက်ရေး ကော်မတီ မှာပါတဲ့ လူပုဂ္ဂိုလ်ကအများစုကလဲ သဘောတူမယ်ဆိုရင်တော့ အဲဒီအတိုင်းဖြစ်လာမှာဖြစ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာတွေဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ အခုကျနော်တို့ ကြားသိနေရတာကတော့ UNFC နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တွေ့ဆုံဆွေးနွေးမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ SNLD ကနေပြီး ဆန့်ကျင်ကန့်ကွက်ဖို့အတွက် လိုက်လံပြီး လှုံ့ဆော်စည်းရုံးနေတယ် အဲလိုမျိုး ဘာညာ ကြားမိနေတာဟာ အဲတာ လုံးဝ မဟုတ်ဘူး။ ကျနော်တို့ရဲ့သဘောထားနဲ့လုံးဝမပတ်သက်ဘူး။ ကျနော်တို့ကတော့ စောစောကပြောသလို အဲဒီကိစ္စနဲ့ပတ်သက်ပြီးအရေးယူဆွေးနွေးတာမျိုး ထင်မြင်ချက်ပေးတာမျိုးတစုံတရာလုံးဝ မလုပ်ခဲ့ ဘူးဆိုတာ ပြောကြားလိုပါတယ်။
Tags: Interview