စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်သို့ပို့ဆောင်ခံရသူအား မြန်မာသို့ပြန်လည်လွှဲအပ်



 ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု၌စွပ်စွဲခံရပြီး တရုတ်နိုင်ငံ၌ ရုံးတင်စစ်ဆေးခံရသော စိုင်းနော်ခမ်းအမှုအတွက် နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်အား တရုတ်အစိုးရက မြန်မာ အစိုးရထံ ပြန်လည်လွှဲအပ်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

Sai Aung Myatနိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်

“မနေ့က ၁၁ နာရီ လောက်ပေါ့ ကျိုင်းတုံကိုရောက်လာတာ။ လောလောဆယ်တော့  သူ့ရဲ့လုံခြုံရေးအတွက် သူ့ကိုဘယ်မှာ ထားတယ်ဆိုတာ အာဏာပိုင်တွေ မပြောပြသေးဘူး။ နေပြည်တော် သို့မဟုတ် ရန်ကုန်မှာ သွားထားမယ်လို့လဲ သတင်းတွေ ထွက်နေတယ်၊ သူ့မိသားစုကော ခေါ်မယ်လို့ ကြားတယ် ” ဟု စိုင်းအောင်မြတ်၏ မိတ်ဆွေတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယမန်နှစ် ဩဂတ်စ်လ က နိုင်ငံတော်သက်သေအဖြစ် ကျိုင်းတုံ-မိုင်းလားလမ်းမှ တရုတ်ပြည်သို့ ပို့ဆောင်ခြင်းခံရသော စိုင်းနော်ခမ်း၏တပည့်တဦးဖြစ်သူ စိုင်းအောင်မြတ်အား စိုင်းနော်ခမ်းဆေးထိုးသတ်ခံရပြီး ၂ ပတ်အကြာ မတ်ခ်ျလ ၁၇ ရက် တနင်္ဂနွေနေ့၌ ကျိုင်းတုံမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“နေပြည်တော်ကနေ လာတဲ့ စရဖအရာရှိ ကျိုင်းတုံကိုရောက်လာတယ်။ မိုင်းလားဘက်ဆက်တက်သွားပြီး စိုင်းအောင်မြတ် ကိုသွား ကြိုတာလေ။ သူအသွားတုန်းကလမ်းအတိုင်းဘဲ ပြန်ပို့တာ၊ တရုတ်ရဲတွေလဲ မိုင်းလားအထိလာပို့တယ်” ဟုလည်း ဆွေမျိုးတော်စပ်သူ တဦးကပြောပါသည်။

စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရခင် ၁၀ ရက်အလိုဖြစ်သော ၂၀၁၂ ဧပြီလ ၁၅ ရက်နေ့တွင် နောက်လိုက် ၂၅ ယောက်နှင့်အတူ တာချီလိတ်၌ လက်နက်ချခဲ့သည်။ စိုင်းနော်ခမ်းအမှု၌ စိုင်းအောင်မြတ်အား နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးရန် တရုတ်ကတောင်းဆိုသဖြင့် မြန်မာအစိုးရ မှ တရုတ်အစိုးရထံသို့ ကျိုင်းတုံ၌ အခမ်းအနားအဖြင့် ၂၀၁၂ ဂျူလိုင်လ ၂၈ ရက် မနက် ၄ နာရီ က လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ကျိုင်းတုံ - မိုင်းလားလမ်း မှတဆင့် တရုတ်နယ်စပ် ဖြတ်သန်းကာ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စိုင်းနော်ခမ်းကိုလည်း  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အစိုးရက မတ်လ ၁ ရက်နေ့ ဆေးထိုးသတ် သေဒဏ်ပေး လိုက်ပြီး ၂ ပတ်အကြာ ဆွေမျိုးမောင်နှမများက တာချီလိတ်မြို့နယ် ပါမိတ်ရပ်ကွက်တွင် (စိုင်းနော်ခမ်း၏အလောင်းအစား ၎င်း၏ အဝတ်အစားများ အသုဘ အခေါင်းထဲထဲ့၍ ) ၎င်း၏ဓါတ်ပုံဖြင့် အသုဘအခမ်းအနား ကျင်းပပေးခဲ့ ကြောင်း၊ သတင်းထောက်များနှင့် အစိုးရစစ်တပ်ပိုင်းမှ လာရောက်မေးမြန်းမှုများကြောင့် အသုဘ ၇ ရက်ထားမည့် အစီအစဉ်အား ဖျက်လိုက်ရပြီး  အလောင်းမဲ့အခေါင်းကို ၃ ရက်မြောက်နေ့၌ မီးသဂြိုဟ်လိုက်ရကြောင်း နီးစပ်သည့်ဆွေမျိုးတဦးကလည်းပြောပါသည်။

စိုင်းနော်ခမ်းအား မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်ရာတွင်အမိန့်ပေးသူအဖြစ် စွပ်စွဲခံရသော်လည်း တရုတ် အစိုးရ ဆေးထိုးသတ်သေဒဏ်ပေးလိုက်သည်အထိ အမှုဝန်ခံသွားခြင်းမရှိပေ။ ၎င်းအလောင်းအားလည်း မြန်မာသို့ ပြန်ပို့ ပေးမည်ဟု တရုတ်အစိုးရ ပြောဆို ခဲ့ဘူးသော်လည်း မြန်မာအစိုးရဘက်မှ အရေးယူပြောဆိုမှုမရှိသဖြင့် အလောင်း အား ပို့ဆောင်ပေးခြင်းမရှိကြောင်း ၎င်း၏ဆွေမျိုးဘက်မှ တောင်းဆိုခြင်းလည်းမရှိခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြန်လည်ပြောပြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates