ရပ်နားထားသော တရုတ်သတ္တုတူးဖေါ်ရေးလုပ်ငန်း ပြန်လည်စတင်



ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခမ်း ကျေးရွာအနီး တူးဖေါ်လုပ်ကိုင်နေသည့် တရုတ်  ကြေးနီနှင့် ခဲ တူး ဖေါ်ရေး လုပ်ငန်း များ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရပ်နားထားရာမှ ယခုအခါ  ပြန်လည် လုပ်ကိုင် နေပြီး ဓါတ်သတ္တုများကို ဗန်းမော်မှ လွယ်ဂျယ်မြို့သို့ မတ်လ ၁၈ ရက်နေ့က စတင်ပို့ဆောင်နေကြောင်း သိရသည် ။

COAL 1                               သျှမ်းပြည်နယ်အတွင်း သတ္တုတူးဖေါ်ရေးလုပ်ငန်းတခု

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံပွဲ နောက်ပိုင်း ၄င်းသတ္တုတူးဖေါ်ရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်လာခြင်း ဖြစ်ပြီး တစ်ရက် လျှင် ကားအစီးရေ ၂၀ ခန့် တရုတ် နယ်စပ် လွယ်ဂျယ်မြို့သို့ ဓါတ်သတ္တုများ ပို့ဆောင်နေကြောင်း ၄င်း လုပ်ငန်းနှင့်နီးစပ်သူ ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“စင်းခမ်းရွာကနေဆို ၁၀ မိုင်လောက်ဝေးတဲ့ တောထဲမှာ တရုတ်နဲ့ ဗမာ သတ္တု ဖက်စပ်တူးနေတာပေါ့။ KIAနဲ့ စစ်တွေ ဖြစ် တော့ ဒီလုပ်ငန်း ရပ်ထားရတာပေါ့နော်။ အခုပြန်လုပ်နေပြီ ဒီလ ၁၈ ရက်နေ့က ၂၂ ဘီးကားတွေနဲ့ သတ္တုကုန်ကြမ်းတွေ ပြန်သယ်နေပြီ။ ဗန်းမော်ကနေ လွယ်ဂျယ်အထိပေါ့။ အဲဒီကနေ တရုတ်ပြည်ထဲကို ပြန်သယ်တယ်” ဟု သူက ဆိုသည် ။

ကားတစ်စီးလျှင် ဓါတ်သတ္တု အလေးချိန် တန် ၃၀ ခန့် တင်ဆောင်ကာ သယ်ဆောင်ခအဖြစ် တစ်တန်လျှင် မြန်မာကျပ်ငွေ ၆ သောင်းပေးရကြောင်း ၄င်းထွက်ရှိသည့် ဓါတ်သတ္တု အထဲတွင် ကြေးနီ ၊ ခဲ ၊ သွပ် စသည့် သတ္တုအမျိုးအစားများ အဓိက ပါဝင်ကြောင်း သူက ဆက်ပြောသည် ။

“တကယ် ကားတစ်စီး တင်တာက တန် ၃၀ လောက်ပေါ့နော်။ ဒါပေမဲ့သက်ဆိုင်ရာက ၁၀ တန်ပဲ စာရင်းပြတယ်။ ကျန်တဲ့ တန် ၂၀ တင်ဆောင်ခတွေကို ဖြတ်စားတယ်။ သတ္တု ကုန်ကြမ်းတွေကို သယ်တာပေါ့။ အရောင်က ခဲရောင်သန်းတယ် ” ဟု ဆိုသည် ။

ယခင်က အဆိုပါ စင်းခမ်းကျေးရွာတစ်ဝိုက်တွင် ရွှေကြောများတွေ့ရှိကာ ရွှေအမြောက်အများ ထွက်ရှိခဲ့ကြောင်းလည်း သိရ သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates