လားရှိုးမြို့တွင် အငြိမ်းစားကျောင်းဆရာမကြီးအား ဥပဒေမဲ့ဟန့်တားမှု အာဏာပိုင်များ လျစ်လျူရှု



သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုနီဟု ကျော်ကြားသူတစ်ဦးက အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းဆရာမ ကြီးအား ဥပဒေမဲ့ နှောက်ယှက်ဟန့်တားမှု ပြုလုပ်နေခြင်းအပေါ် အာဏာပိုင်များက လျစ်လျူရှုနေသော ကိစ္စရပ်တစ်ခု ဖြစ်ပွားနေကြောင်း အကြားအမြင်များသည့် လားရှိုးမြို့ခံတစ်ဦး အဆိုအရ သိရသည် ။

ဖြစ်စဉ်မှာ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်ဇင်ဇင်ရီ နေထိုင်သော လားရှိုးမြို့ ရပ်ကွက် ၃ ၊ နယ်မြေ ၇ ၊ ကြာဖြူလမ်း ၊ ဦးပိုင်အမှတ် (၄၉ ၊ ၅၀) မြေကွက်နှင့်ကပ်လျှက် ဦးပိုင်အမှတ် ၅၁ မြေကွက်အား ဦးမောင်မောင်ဝင်းက ၂၀၁၁   က ၀ယ်ယူခဲ့သည် ။

ယခင်က မြေကွက်များအကြား ခြံစည်းရိုးကာရံမှု မရှိခဲ့သော်လည်း လူသစ်များရောက်လာခြင်းကြောင့် ဒေါ်ဇင်ဇင်ရီက ၄င်း ၏ မြေဂရံ မြေကြီးပုံစံ ၁၀၅ အကျယ်အဝန်းအတိုင်း အုတ်တံတိုင်းခတ်ရန် ဆောင်ရွက်ခဲ့ရာ ဦးမောင်မောင်ဝင်းက ကန့် ကွက်ခဲ့ခြင်း ဖြစ်သည် ။

၎င်းကိစ္စအား ဒေါ်ဇင်ဇင်ရီက ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ စည်ပင် ၊ မြေစာရင်းဦးစီး ဋ္ဌာန များထံ တင်ပြ ခဲ့သဖြင့် တာဝန်ရှိသူများက နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေါ်ဇင်ဇင်ရီ ၏ မြေကွက်အတွင်းသို့ ဦးမောင်မောင် ၀င်း၏ လှေခါး ကျူးကျော်နေကြောင်း တွေ့ရသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည် ။

“ဦးမောင်မောင်ဝင်းက DGH ရွှေမြင်းနှစ်ကောင် ဓါတ်ခဲစက်ရုံ ၊ Lady First Mini Market ၊ရွှေဖူးစာ ခန်းမ ၊ Sweet Heart ကိတ်မုန့် တိုက်ပိုင်ရှင်သူဌေးပေါ့။ ပြည်နယ်ရော ပြည်ထောင်စု အစိုးရအထိပါ ပေါက်ရောက်တယ်။ ဒါကြောင့် အာဏာပိုင် တွေက သူနဲ့အလွမ်းသင့်အောင် ပေါင်းရတယ် ” ဟု ၄င်းမြို့ခံက ဆိုသည် ။

ယခုအခါ ဦးမောင်မောင်ဝင်းက ဒေါ်ဇင်ဇင်ရီ၏  ဂရံမြေအတွင်း မီးစက်တစ်လုံး နေ့စဉ်ခုတ်မောင်းနေရာ မီးစက်သံနှင့် မီးခိုး များဝင်ရောက်မှုကြောင့် မိသားစုများ နေထိုင်ရေး အခက်ကြုံနေကာ  ဒေါ်ဇင်ဇင်ရီက သျှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြ တိုင်ကြားထားကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates