တရုတ်နိုင်ငံ ရွှေလီတွင် မြေသိမ်းသည့်ကိစ္စ လယ်သမားများ ဆန္ဒပြ



တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့တွင် လယ်သမားဟောင်း မိသားစုဝင် ၁၀၀ ခန့်က ၄င်းတို့၏ လယ်မြေများ သိမ်းပိုက်ခံခဲ့ သည့် အပေါ် ဧပြီလ ၈ ရက်နေ့က စ၍ တရုတ်အာဏာပိုင်များထံ ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်လျှက်ရှိသည် ။

Farmers protest at SL                     တရုတ်ရွှေလီမြို့တွင် မြေသိမ်းကိစ္စ တရုတ်လယ်သမားများ ဆန္ဒပြနေစဉ်

ရွှေလီမြို့လယ်ရှိ စကိတ်ကွင်းရှေ့တွင် ရွက်ဖျဉ်တဲများထိုးကာ “ ၀န်ကြီးချုပ် ငါတို့မြေတွေပြန်ပေး ၊ ငါတို့လယ်ပြန် လုပ်ချင် တယ် ၊ ငါတို့ထမင်းစားချင်တယ် ” ဟူသည့် စာတမ်းများ ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖေါ်နေခြင်း ဖြစ်သည် ။

အဆိုပါဆန္ဒပြသူများအထဲတွင် သက်ကြီးရွယ်အို အမျိုးသား ၊ အမျိုးသမီးကြီးများနှင့် ကလေးငယ်များ အများစု ပါဝင်ပြီး ၎င်းတို့၏ပုံသဏ္ဍာန်မှာ ဆင်းရဲ နွမ်းပါးသူများ ဖြစ်ပုံရသည်ကိုတွေ့ရသည်။

“ ကျနော့်ခြံကို သိမ်းတုန်းကဆိုရင် ကျနော့်အာလူးခင်းကို ဘူဒိုဇာ စက်ကြီးနဲ့ ထိုးလှန်လိုက်တာ။  ဘာမှမရလိုက်ပါဘူး။ တရုတ်တွေက ဘာမှပြောလို့မရဘူး။ မျက်ရည်ကျကျန်ခဲ့တာကလွဲလို့ ” ဟု မြေအသိမ်းခံရသည့် ဒေသခံ သျှမ်းအဘိုးကြီးတဦးကပြောပါသည်။

တရုတ်ရဲများက ဆန္ဒပြနေသည့် ဧရိယာကို ကြိုးတား သတ်မှတ်ပေးထားပြီး ၄င်းတို့၏ အနီးအနားတွင် စောင့်ကြည့်မှုများ ပြုလုပ်နေသည် ။

ရွှေလီမြို့တွင် ၂၀၀၀ ခုနှစ်ဝန်းကျင်ခန့်က စ၍ မြို့သစ်စီမံကိန်းများချဲ့ထွင်ခဲ့ရာ  ဒေသခံသျှမ်းနှင့် တရုတ်လူမျိုးများ၏ လယ် မြေအများစု သိမ်းပိုက်ခံခဲ့ရခြင်း ဖြစ်ကာ တရုတ်အာဏာပိုင်များက (တရုတ်အတိုင်းအတာ လယ်တစ်မို = တဧက၏ ၆ ပုံ ၁ ပုံ ) တကွက် ကို ယွမ် ၂ သောင်းခွဲမှ ၃ သောင်းအထိ လျော်ကြေးပေးခဲ့ကြောင်း သိရသည် ။

လာမည့် ၂၀၂၀ ခုနှစ်တွင် ရွှေလီမြို့ပြဧရိယာအား လက်ရှိအကျယ်အဝန်းထက် ၃ ဆမျှ ချဲ့ထွင်မည် ဖြစ်ပြီး အာရှတိုက်တွင် အကြီးဆုံး ဆေးရုံတစ်ရုံလည်း ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates